Tuesday, February 19, 2013

ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုအထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မှာထက် နိုင်ငံခေါင်းဆောင်များ၏ Mind Set စိတ်ပိုင်း ဆိုင်ရာပြုပြင်မှု လိုအပ်နေကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ကပြော ပါသည်။

“ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုမလုပ်ရင်တော့ ဥပဒေကိုဘယ်လောက်ဘဲပြင်ပြင် တနေ့နေ့ကျရင် အကျင့် ဟောင်းက ပြန်ပေါ်မှာ ဘဲ။ နောက်တခေါက်အာဏာပြန်သိမ်းဦးမှာဘဲ။ ဒါကြောင့် ဥပဒေထက် စိတ်ဓါတ် ရေးရာကို အရင်ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်” ဟု ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။

၂၀၀၈ ဥပဒေ ပြင်ဆင် ရေးလည်းအထူးလိုအပ်ကြောင်း ၊ ၎င်းအားမပြင်ဆင်ပါက နိုင်ငံရေးဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အပစ်ရပ်လိုက်ခြင်းမှာလည်းအလဟဿ ဖြစ်ရကြောင်း ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြ ပါသည်။

ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပ၌ပါ ပြင်ဆင်သင့်သည်ဟု ဆိုပါသည်။ စိတ်ပိုင်းဆိုင်ရာပြုပြင်ရန် အတွက်မူ လူထုဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်ပေးရန်နှင့် ကျောင်းသင်္ခန်းစာ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ပေး ရန်လိုအပ်ကြောင်း စဝ်ယွက်စစ်က ပြောပါသည်။

“ ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ စာရိတ္တမြင့်မားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေ ၊ သမိုင်းမှန်ကို ပြတဲ့သင်ရိုးညွှန်းတမ်း တွေကို သင်ပေးမှ ကောင်းမယ်လေ” ဟု ဆိုပါသည်။

နိုင်ငံ့ခေါင်းဆောင်များ စိတ်ဓါတ်ရေးရာပြုပြင်နိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ မည်သို့ ရေးထားစေကာမူ ပြည်သူလူထုက အကောင်းပြုမည်မှာမလွဲကြောင်း သျှမ်းအမျိုးသားခေါင်းဆောင်တဦးကပြောပါသည်။

“ ကျောင်းသင်ရိုးညွှန်းတမ်းရဲ့ သမိုင်းဘာသာတွေမှာကြည့်လိုက်ရင် မြန်မာဘုရင်မင်းတွေကဘဲ ဘုန်းတန်ခိုးအာဏာ စက်ကြီးမားတယ် တော်တယ်တတ်တယ်ဖြစ်နေတယ်။ တိုင်းရင်းသား ဘုရင်မင်းမြတ်တွေတော်တာ တခါမှမသင်ဖူး သေးဘူး။ ဒီဟာကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်နိုင်ပါတော့မလဲ” ဟု လည်း ဆိုပါသည်။

ယနေ့ခေတ်အစိုးရ၏ တပ်မတော်သည် ပြည်သူလူထုနှင့် တိုင်းရင်းသားများအား ကြောက်လန့်နေသဖြင့် စစ်အင် အားဖြင့် တိုင်းရင်းသားနယ်မြေအတွင်း တိုးချဲ့နေရာယူထားသည်ကိုတွေ့ရကြောင်း၊ အင်္ဂလိပ် အုပ်ချုပ်သည့်ခေတ်က မြန်မာ တနိုင်ငံလုံးအုပ်ချုပ်ရာ၌ စစ်တပ်အင်အား ၁၅ တပ်ရင်းသာ သုံးကြောင်း သျှမ်းပြည်အတွင်း တပ်ရင်း ၂ ရင်းဖြင့်သာ အုပ်ချုပ်ကြောင်း အဆိုပါခေါင်းဆောင်က ထောက်ပြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကတည်းက လုံခြုံရေးအကြောင်းပြကာ မြန်မာအစိုးရ၏ စစ်တပ်များ တိုင်းရင်းသား နယ်မြေများ အတွင်း အင်အားတိုးချလာသည့်ကိစ္စနှင့်ပတ်သက်၍လည်း ယခုလ ၁၄ ရက်နေ့ ပထမအကြိမ် ဆဌမမြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေး သို့ ကျားဖြူပါတီ အမတ် နန်းဝါနုက တင်ပြခဲ့သေးသည်ဟု ဆိုပါသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ကျမတို့သျှမ်းပြည်မှာ လုံခြုံရေးမရှိလို့ ငြိမ်းချမ်းရေးမရှိတာဆိုပြီး အစိုးရက ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးလာမလုပ်ပေးဘူး။ ဒါကြောင့် စစ်အင်အားတွေပို့ပို့လာတယ်။ မြေပေါ်မြေအောက်သယံဇာတ တွေကို တော့ လာယူပြီးပြန်သွားတယ်။ သို့ပေမယ့်ဘာမှ လာမပေးဘူး။ ဒါကြောင့်ကျမတို့သျှမ်းပြည်သားတွေက အလုပ် အကိုင်မဲ့ပြီး အိမ်နီးချင်းနိုင်ငံကိုထွက်ပြေးကြကုန်တယ်။ သျှမ်းပြည်သားတွေဆုံးရှုံးတယ်။ သူများနိုင်ငံမှာကျွန်ခံနေရတယ်။ ဒီနေ့မှာ ကျ တော့ ပြောင်းလဲလာပြီလို့ပြောကြပြီ။ ဆိုတော့အစိုးရကနေ ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးဇုံလုပ်ပေး သင့် တယ်။ နိုင်ငံခြားသားတွေကိုရင်းနှီးမြုပ်နှံမှုပြုဖို့ဖိတ်ခေါ်ပေးသင့်တယ် လို့ ကျမတင်ပြတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တော့ လွှတ်တော် ဘက်က ဘာမှပြန်မဖြေသေးဘူး။ ထိုင်းရောက် သျှမ်းတွေပြန်လာနိုင်ဖို့အတွက်လဲကျမ ၂၀၁၁-၂၀၁၅ ကုန်အထိ ပဉ္စမကာလ ကုန် ၅ နှစ်အမျိုးသားစီမံကိန်း မှာတင်ပြသွားတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကနေ ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့ ပြည်ပ ရောက် သူတွေကို ပြည်တွင်းပြန်ဝင်လာရင်အလုပ်ရှိအောင်လို့ စက်ရုံအလုပ်ရုံတွေထူထောင်ပေးဖို့ တောင်းဆိုထားတယ်။” ဟု နန်းဝါနုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်အတွင်း၌ စစ်တိုင်း ၄ တိုင်းလက်အောက် တပ်ရင်းများ အပြင် တခြားသော ကွပ်ကဲမှုဌာနချုပ် တပ်ရင်းများ စုစုပေါင်း ၂၂၃ ရင်း ရှိကြောင်း NDD ဒီမိုကရေစီ နှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုသေသနနှင့်မှတ်တမ်း တင်ဌာနမှ ၂၀၁၁ က ထုတ်ဝေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်တွင်ဖော်ပြထားပါသည်။
(သျှမ်းသံတော်ဆင့်)
Like · · Share · 20 minutes ago

  • 6 people like this.
  • Mao Tai ဗမာ အစိုးရကို ဖြုတ်ပစ်လိုက်ကွာ အားပေးတယ်ဟေးးးးး