Thursday, February 21, 2013

စွန့်စားရဲသူ

Shae Shae Century's photo.
စွန့်စားရဲသူ
..............................................................................................
‘ကျွန်ုပ် အဖြစ်ကား သန်းကောင်လကွယ် တောရပ်လယ်တွင် ရောက်နေသောသူ ပမာရှိသည်။ ကျွန်ုပ်သွားမည့်နေရာနှင့် ပတ်သတ်၍ ကျွန်ုပ်ဘာတစ်ခုမျှ မသိ။ ဆွေလည်းမရှိ၊ မျိုးလည်း မရှိ၊ အလုပ်အစီအစဉ် ဟူ၍ ဘာမျှအတိအကျရှိသည်မဟုတ်ချေ။ ကျွန်ုပ်၏ မြော်မြင်တတ်သမျှ ဥာဏ်ဖြင့်သာ ကြုံရမည့်အရေးဟူသရွေ့ စီမံအုပ်စီးရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန် လွှဲလိုက်ခြင်းသာဖြစ်လေသည်။ အဘယ်သို့ပင် ဖြစ်စေ ငါသည် အကယ်၍ သေသွားသည့်တိုင်အောင် မြတ်သောသေခြင်း၊ နိုင်ငံအတွက် သေခြင်းဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရတော့၏။’ (ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ ဆောင်းပါး)

ခေါင်းဆောင်မှုဆိုသည်နှင့် စွန့်စားမှု အမြဲတွဲပါလျက်ရှိသည်။ နယ်ပယ်တိုင်း လိုလိုတွင် ခေါင်းဆောင်သည် စွန့်စားရဲသူ ဖြစ်ရန်လိုသည်။ ရည်မှန်းချက် မြင့်မားလေလေ ခက်ခဲကြမ်းတမ်းမှုတို့ ကြုံရလေလေဖြစ်ပြီး ပိုမိုစွန့်စားရလေလေ ဖြစ်သည်။ သို့သော် ခေါင်းဆောင်ဆိုသည်မှာ ကံကိုယုံပြီး ပုံသည့် လောင်းကစားသမားဆန်ဆန် စွန့်စားသူမဟုတ်။ သူသည် အောင်မြင်မည့် အလားအလာ၊ ရှုံးနိမ့်မည့် အလားအလာ၊ ထိုအလားအလာများကို တွက်ဆချိန်တွယ်ပြီးမှ စွန့်စားသူ Calculated Risk-Taker ဖြစ်သည်။

မိမိ လုပ်နေကျ အလုပ်ကိုသာ လုပ်ဝံ့သည့် ခေါင်းဆောင်၊ စဉ်းစားနေကျ အရာကိုသာ စဉ်းစားရဲသည့် ခေါင်းဆောင်သည် မိမိ အဖွဲ့အစည်းအား နောက်ထပ် အဆင့်တစ်ဆင့်သို့ ခေါ်ဆောင် သွားနိုင်မည်မဟုတ်ပါ။ သူသည် လက်ရှိအခြေအနေနှင့် ကျေနပ်နေလေ့ရှိပြီး အခြေအနေသစ်တစ်ခုကို ရင်မဆိုင်လိုသူဖြစ်သည်။ ဆုံးရှုံးမည်စိုးသောကြောင့် မလုပ်ဝံ့ မကိုင်ဝံ့ ဖြစ်နေသူသည် ခေါင်းဆောင်မဖြစ်နိုင်ပါ။ ဖြစ်နေလျှင်လည်း မကြာမီ ခေါင်းဆောင်နေရာမှ ဖယ်ပေးရပေမည်။

စွန့်စားဝံ့သူ ခေါင်းဆောင်နှင့် အခြားခေါင်းဆောင်များ ကွာခြားသည့် အဓိက အချက်မှာ ကိစ္စရပ်များကို ကြည့်မြင်ပုံ ဖြစ်သည်။ အခြားသူများက အန္တရာယ်ဟုမြင်သော အရာများကို စွန့်စားဝံ့သူ ခေါင်းဆောင်က အခွင့်အလမ်းဟု မြင်သည်။ လူဆယ်ယောက်တွင် ကိုးယောက်ကျောခိုင်းမည့် အရာကများကို သူက မကြောက်မရွံ့လုပ်ဝံ့သည်။

မစွန့်စားရဲသော ခေါင်းဆောင်ဦးဆောင်သည့် အဖွဲ့အစည်းသည် ကြီးထွားသင့် သလောက် မကြီးထွားဘဲရှိနေမည်။ ရှေ့သို့ တိုးတက်ကာ လုပ်ဆောင်သင့်သည်များ မလုပ်ဆောင်ဝံ့ သောကြောင့် တဖြည်းဖြည်း အဖွဲ့အစည်းသည် နောက်ကျကျန်နေခဲ့ပြီး ပြိုင်ဘက်များက ကျော်တက်သွားမည်။ နောက်ဆုံးတွင် မစွန့်စားဝံ့သော ခေါင်းဆောင်သည် အဖွဲ့အစည်မှ ထုတ်ပယ်ခံရပေမည်။ သူအဖယ်ထုတ်မခံရလျှင်မူ အဖွဲ့အစည်း ကျဆုံးရပေမည်။

နေ့စဉ်ဘ၀တွင် လူတိုင်းလူတိုင်းသည် စွန့်စားနေကြရသည်။ မစွန့်စားလိုက ထိုင်နေရုံ သာရှိသည်။ ကားလမ်းဖြတ်ကူးလျှင် ကားတိုက်မည့် အန္တရာယ်ရှိသည်။ ထိုအန္တရာယ်ကို သိလျက်နှင့် စွန့်စားကြရသည်။ လူတစ်ဦးကို ချစ်လျှင်လည်း ထိုသူက ပြန်မချစ်မည့် Risk အန္တရာယ်အမြဲရှိနေသည်။ ပြန်မချစ်က အသည်းကွဲရမည်။ ဘတ်စ်ကားစီးလျှင်လည်း ဘတ်စ်ကား မှောက်နိုင်သည်။ ကိုယ်ဝန်ဆောင်လျှင်လည်း ကလေးပျက်ကျနိုင်သည်။ ဆောင်ရွက်ချက်တိုင်းတွင် Risk အန္တရာယ် အမြဲရှိနေသည်။ Risk ရှိသည်နှင့် မလုပ်လျှင်မူ မည်သည့်အရာမျှ လုပ်နိုင်တော့မည် မဟုတ်ပေ။ ထိုအချက်ကို ကြည့်လျှင် အဖွဲ့အစည်းကို ရှေ့သို့ရွေ့အောင် ဦးဆောင်ရမည့် ခေါင်းဆောင်များ စွန့်စားရဲလို မရဲလိုဆိုသည်မှာ အလွန်အရေးကြီးကြောင်း သိနိုင်သည်။ သာမန်လူများတွင်ပင် စွန့်စားသူ မစွန့်စားသူ အကြားတွင် ကွာဟမှုကြီးမားလှရာ ခေါင်းဆောင်များ မစွန့်စားဝံ့လျှင် အဖွဲ့အစည်းအပေါ် မည်သို့ အကျိုးသက်ရောက်နိုင်မှန်း မှန်းဆနိုင်သည်။ သို့သော် ခေါင်းဆောင်များ စွန့်စားသော အခါတွင်မူ Risk မှာ ပိုကြီးသည်။ သူ့စွန့်စားမှုတိုင်းသည် အဖွဲ့အစည်းနှင့် နိုင်ငံကို ရိုက်ခတ်မည်ဖြစ်ရာ သူ့စွန့်စားမှုသည် ကံကိုယုံကာ ဆူးပုံနင်းခြင်းမျိုး၊ စိတ်လိုက်မာန်ပါ စွန့်စားခြင်းမျိုး၊ အခြားသူများ ဆွပေးသောကြောင့် မခံချင်၍ စွန့်စားခြင်းမျိုး မဖြစ်ရန် အလွန်အရေးကြီးပါသည်။

စွန့်ဦးတီထွင် ခေါင်းဆောင်ဆိုသည်မှာ မည်သူမျှ မလျှောက်ဖူးသောလမ်းကို လျှောက်ရခြင်း၊ သို့မဟုတ် လမ်းအသစ် ထွင်ရခြင်းဖြစ်သောကြောင့် စွန့်စားဝံ့သူများသာ ထိုသို့ ကြံဝံ့ကြ သည်။ ရှေ့တွင် နမူနာယူစရာ မည်သူမျှ မရှိ၊ ကိုယ့်ဘာသာ စဉ်းစား၊ ကိုယ့်ဘာသာရင်ဆိုင်။ ထိုသို့သော ကြံသူများကြောင့် ကမ္ဘာကြီးသည် ကျောက်ခေတ်မှသည် ယနေ့ခေတ်သို့ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ စွန့်ဦးတီထွင်သူများသာ မရှိပါက လေယာဉ်ပျံပေါ်လာနိုင်စရာ မရှိသကဲ့သို့ ကိုလိုနီနိုင်ငံများလည်း နယ်ချဲ့ လက်အောက်မှ လွတ်မြောက်လာဖွယ်မရှိပါ။ မြန်မာ့လွတ်လပ်ရေးအတွက် စွန့်ဦးတီထွင်သူ ဖြစ်သည့် ဗိုလ်ချုပ်ကြောင့် လွတ်လပ်ရေးကို ကျွန်တော်တို့ ရရှိခဲ့သည်။

ဗိုလ်ချုပ်သည် မြန်မာပဒေသရာဇ်ခေတ်နောက်ပိုင်း ခေတ်သစ် မြန်မာ့တပ်မတော်ကို တည်ထောင်သူဖြစ်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့ လုံးဝကျရောက်ခဲ့ချိန်မှစပြီး တပ်မတော်ကင်းမဲ့သော မြန်မာတို့အဖို့ တပ်မတော်တည်ထောင်ရန်မှာ လုံးဝမတွေးဝံ့သော အရာဖြစ်ခဲသည်။ စစ်ရေးပြကို မိမိတို့ အစီအစဉ်ဖြင့် လုပ်ဆောင်ရသည်ကိုပင် စိတ်အားတက်ကြွနေကြ ခဲ့ရသည်မဟုတ်ပါလား။ သို့သော် စွန့်ဦးတီထွင်သူ ဗိုလ်ချုပ်သည် မြန်မာတို့အတွက် တပ်မတော်သစ်ကို ထူထောင်နိုင်ခဲ့သည်။

၁၈၂၄ ခုနှစ်မှ စကာ နိုင်ငံတစ်ပိုင်းချင်းစီ၏ အင်္ဂလိပ်လက်အောက်သို့ ကျရောက် ခဲ့သော မြန်မာတို့အဖို့ လွတ်လပ်ရေးအရယူရန် အကြံအစည်မှာလည်း စွန့်ဦးတီထွင်ခြင်းဖြစ်သည်။

ကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန် နိုင်ငံရပ်ခြားသို့ အဆက်အသွယ် မသေချာမရေရာဘဲ သဘောင်္တစ်စီးတွင် ပုန်းအောင်းကာ လိုက်ပါပြီး လွတ်လပ်ရေးအတွက် ပြည်ပအဆက်အသွယ်ရှာရန် ငွေမပါ ကြေးမပါ ထွက်သွားနိုင်သောသူ တစ်ခါမျှ နိုင်ငံခြားသို့ မရောက်ဖူးသည့် ဗိုလ်ချုပ်သည် စွန့်စားရဲသူဖြစ်သည်။

‘တရုတ်ပြည်ရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် သွားရောက်၍ အဆက်အသွယ်ယူရန် အောင်ဆန်းသည် နိုင်ငံခြားသို့ ထွက်ခွာသင့်သည်ဟု ကျွန်တော်တို့ အားလုံးက ဆုံးဖြတ်လိုက်ကြ၏။ အောင်ဆန်းသည် ဤဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုလက်ခံခဲ့၏။ သူသည်နောက်တွန့် သည့် အမူအရာကိုလုံးဝ မပြခဲ့ချေ။ ကျွန်တော် ဤကဲ့သို့ ထုတ်ဖော်ပြောနေရခြင်းမှာ ကျွန်တော်အပါအ၀င်ဖြစ်သော ကျွန်ုပ်တို့သည် အပြောဘက်တွင် အလုပ်ထက်ပိုပြီး အစွမ်းပြလေ့ရှိ သောကြောင့်ဖြစ်သည်။ သို့သော် အောင်ဆန်းသည် ဤလူစားမျိုးထဲတွင် မပါဝင်ချေ…။

သခင်လှမြိုင်က နောက်သို့ ကြည့်နေ၏။ သို့သော် အောင်ဆန်းမှာ မလှုပ်မယှက်ဘဲ ရှေ့တူရူသို့ မျက်နှာမူကာ သွားရမည့် ပင်လယ်ရေပြင်ကိုသာ အာရုံစူးစိုက်နေဟန်ရှိပေ၏။’ (ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လကျာ်)

ဖက်ဆစ်တော်လှန်ရေးမှာ မစတင်မီကာလကပင် ဂျပန်များက အထူးသတိထားစောင့် ကြည့်နေကြသည်ဖြစ်ရာ တစ်စုံတစ်ရာ လွဲချော်သွားပါက ဗိုလ်ချုပ်အပါအ၀င် တပ်မတော်တစ်ခုလုံး အတွက် မတွေးဝံ့စရာပင်။ ထိုသို့သော အန္တရာယ်ကြီးစွာရှိသည်ကို သိသော်လည်း မြန်မာ့လွတ်လပ်ရေး အတွက် ထိုသို့စွန့်စားမှ ဖြစ်မည်ဟု သိရှိသော ဗိုလ်ချုပ်သည် ပိုင်နိုင်စွာ စွန့်စားနိုင် ခဲ့သည်။

အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ရေး နိုင်ငံလွတ်လပ်ရေး ကိစ္စများကို ထိပ်ဆုံးက ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ဘ၀တစ်သက်တာတွင် ၁၅ ရက်သာ ထောင်ကျခဲ့ဖူးသူ ဖြစ်သည်။ နောင် သူ့အား ငွေငါးကျပ် ဆုငွေထုတ်သော အခါတွင် အဖမ်းမခံရအောင် ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း သူသည် ထောင်ကြောက်သူမဟုတ်၊ မစွန့်စားဝံ့သူ မဟုတ်ပေ။ အတွင်းနေရခြင်းနှင့် အပြင်နေရခြင်း၏ အကျိုးကို အဖန်ဖန်တွက်ဆပြီးနောက်တွင်သာ တိမ်းရှောင်နေ ရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်ချုပ်သည် မျက်စိမှိတ်စွန့်စားသူ မဟုတ်ဘဲ တွက်ချက်စွန့်စားသူ ဖြစ်သည်။

‘အခုနေအခါမှာ အင်မတန်အရေးကြီးတယ်။ ထောင်ထဲသွားနေတယ်ဆိုရင် အပြင်ဘက်အလုပ်တွေဟာ ကုန်မှာပဲ။ အခုလို အရေးကြီးတဲ့အခါမှာ… တိုင်းပြည်အတွင်းမှာပဲ ဗြိတိသျှ နယ်ချဲ့စနစ်ကို တိုက်ဖျက်ရမယ်။ နိုင်ငံခြားကို သွားပြီးတော့ အကူအညီ ရှာတန်ရှာပြီးတော့ အလုပ်လုပ် ရမယ်’ ဟု အဖမ်းခံသင့် မခံသင့် ကိစ္စကို ပြောကြားရင်း သခင်အောင်ဆန်းက သခင်နုကို ပြောကြားသည်။ (ဗိုလ်ချုပ်အောင်ဆန်း အတ္ထပ္ပတ္တိပေါင်းချုပ်)
တွက်ချက်ကာ စွန့်စားဝံ့သူ ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွတ်လပ်ရေးပန်းတိုင်ကို မြန်မာတို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။...ဒါတွေ.ကို.သင့်တို.သိဖိုလိုပါတ.်..shaeshae.(century)