Monday, January 14, 2013

ဥဒါန်းမကြေ


စစ်တပ်ဟာ စစ်အစိုးရများရဲ့  ခံစစ်ကုန်း
ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ စစ်အစိုးရများရဲ့ ကာကုန်း.. (ဦးလှရွှေ)

ဘာဘဲပြောပြော “ဥဒါန်းမကြေ” ဟာ “ဇူလိုင်အရေးတော်ပုံ” ရဲ့  အတ္ထုပ္ပတ္တိကို
ရာခိုင်နှုန်းတော်တော်များများ ထင်ဟပ်နိုင်တယ်လို့ ဆိုချင်ပါတယ်။
ဇူလိုင်နဲ့ တိုက်ရိုက်ပက်သက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်မျိုးဆက်
အများစုကြီးဟာ သက်ရှိထင်ရှားမရှိရှာကြတော့ပါဘူး။ ကိုတင်ထွန်း၊ ကိုသက်၊
ကိုလှဆောင်၊ ကိုသာဒိုး၊ ကိုသိန်းထွန်း။ ကိုစိုးမြင့်၊ ကိုကျော်ခင်၊ ကိုစိုးဝင်း၊
ကိုဥာဏ်ဝင်း၊ ကိုတင်မောင်ဝင်း (ရကသ)၊ ကိုမြတ်စံဦး၊ ကိုအောင်ဘော်၊
မင်းဝင်းထိန်တို့ ဟာ ပဲခူးရိုးမမှာ အသက်ပေးခဲ့ကြရပါတယ်။ ကိုသောင်းရွှေ
(စောနောင်)အင်းလေး၊ ကိုချစ်ဆွေ၊ ကိုလေးမောင် (ဒုတိယကိုကိုးကျွန်း)၊
ကိုညိုဝင်း၊ ကိုစိန်ဝင်း၊ ကိုတင်မောင်ဝင်း၊ ကိုခင်မောင်မြင့် (အင်းစိန်ထောင်
အတွင်း)၊ ကိုထွန်းကြည် (ဆေးသိပ္ပံ)၊ ကိုဗဆွေလေး၊ ကိုမောင်မောင်
(အနောက်ရိုးမ)၊ ကိုကျော်လှိုင် (ကိုတင်ဦး/ရခိုင်)၊ ကိုလှကြည် (ကိုစောအောင်/
ဗိုလ်ကလေး).. First Line up ၀င် ကျောင်းသားခေါင်းဆောင်အများစုကြီးဟာ
ယုံကြည်မှုအတွက် အသက်ပေးသွားခဲ့ကြပါပြီ။

၆၂ စစ်အာဏာသိမ်းမှု၊ ၆၃ နိုဝင်ဘာငြိမ်းချမ်းရေးဆန္ဒပြပွဲ၊ ၆၅ ကျောင်းသား
ပွဲတော်၊ ၆၉ ကျွန်းဆွယ်အားကစားပွဲ၊ ၁၉၇၀ တက္ကသိုလ်ရွှေရတု၊ ၁၉၇၄
ဇွန် အလုပ်သမားသပိတ်၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် အရေးအခင်း၊ ၁၉၇၅
အလုပ်သမားသပိတ် နှစ်ပတ်လည်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ မှိုင်းရာပြည့်
ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ စီပီယူဂျီ လှုပ်ရှားမှု၊ ၁၉၇၈ စီပီယူဂျီ လှုပ်ရှားမှု၊
၁၉၈၂ စီပီယူဂျီ လှုပ်ရှားမှု စတဲ့ “အားစမ်းပွဲများ” အကြိမ်တချို့ ဖြစ်ပြီးတဲ့အခါ
“၁၉၈၈ ခုနှစ်” ကြီးမားတဲ့လူထုအုံကြွမှုကြီး The Great Democratic Upsurge
ဖြစ်ပေါ်ခဲ့ပါတယ်။ အားစမ်းပွဲအမျိုးမျိုးမှာ ထွက်ပေါ်လာခဲ့တဲ့ “ဒီမိုကရေစီ
တိုက်ပွဲဝင်အမာခံတိုက်ခိုက်ရေးသမားများ” The Democratic Activist များဟာ
လဲလိုက်၊ ရုန်းထလိုက်၊ ထပ်ပြီးချေမှုန်းခံရ၊ ထပ်ပြီးရုန်းထလိုက်နဲ့  ၈၈ ဒီမိုကရေစီ
အရေးတော်ပုံကြီးရှိရာကို အင်နဲ့ အားနဲ့ ချီတက်လာခဲ့ကြတာဖြစ်ပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ကို ကိုယ်စားပြုတဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို
၁၉၇၄ ခုနှစ် တစ်ပါတီစစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုထားတဲ့အခြေခံဥပဒေနဲ့ 
အစားထိုးပြီး ၂၈ နှစ်တိုင်တိုင် လူထုကိုဖိနှိပ်ထားခဲ့ပါတယ်။ (အခု) ပါတီစုံစနစ်
ပုံသဏ္ဍာန်နဲ့ (ဟန်ဆောင်ထားတဲ့) ၂၀၀၈ ခုနှစ် စစ်အာဏာရှင်စနစ်ကို
အနှစ်ထားတဲ့ အခြေခံဥပဒေဆိုတာနဲ့  ဘယ်ထိအောင် ဖိနှိပ်အုပ်ချုပ်နေမလဲ
ဆိုတာ မခန့် မှန်းနိုင်ကြပါဘူး။ ၁၉၆၂ ခုနှစ်၊ မတ်လ စစ်အာဏာရှင်သိမ်းပွဲကို၊
၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံကို တိုက်ချလိုက်တဲ့အခါ (န၀တ/နအဖ) စစ်အစိုးရများနဲ့ 
ခုခံခဲ့ပါတယ်။ ပြည်ခိုင်ဖြိုး စစ်အစိုးရကို ၂၀၀၈ မေ ဖွဲ့ စည်းပုံနဲ့ ကာကွယ်၊
စစ်အစိုးရနဲ့  စစ်အုပ်စုရဲ့ အုပ်စိုးမှု ကမ္ဘာချီအောင် တည်တံ့စေဖို့  နည်းပရိယာယ်
ပြောင်းပြီး ကြိုးပမ်းလာခဲ့ပါတယ်။ “စစ်တပ်ဟာ စစ်အစိုးရများရဲ့  ခံစစ်ကုန်း”
ဖြစ်ပြီး “ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ စစ်အစိုးရများရဲ့  ကာကုန်း” ဖြစ်ပါတယ်။
စစ်အုပ်စုဟာ သူတို့ ရဲ့ အုပ်စိုးမှုကို ၁၉၆၂ ခုနှစ်၊ မတ်လကနေ ဒီကနေ့ အထိ
“ခံကတုတ် (၂)ခု” နဲ့ ကာကွယ်တဲ့ပေါ်လစီကို (၁၉၆၂ - ၂၀၁၂) နှစ် ၅၀
ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဘောင်ထဲဝင်ပြီး (ပါလီမန်ဘောင်ထဲဝင်ပြီး) “ဒီဥပဒေကို
ပြင်ဆင်ဖို့ ကြိုးစားမယ်” ဆိုတာဟာ လက်ထိပ်ခတ်ခံပြီးမှ လက်ထိပ်ဖြုတ်ဖို့ 
စဉ်းစားတဲ့ “နိုင်ငံရေး ရိုးအမှု” မှတစ်ပါး တခြားဘာမှ ဖြစ်စရာမရှိပါဘူး။

၁၉၅၉ ခုနှစ်မှာပေါ်ထွက်ခဲ့တဲ့ လက်ဝဲအတိုက်အခံ (ပမညတ တပ်ပေါင်းစုကြီး)
နဲ့  မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီကြီး နိုင်ငံရေးစာမျက်နှာပေါ်က
ပျောက်သွားတယ်ဆိုတာဟာ လက်ထိပ်အခတ်ခံပြီးမှ လက်ထိပ်ဖြုတ်ဖို့ 
စိတ်ကူးကြတဲ့ Ideological Illusion တစ်မျိုးကြောင့်ပါဘဲ။ လူထုတိုက်ပွဲကို
ကြောက်တဲ့ အတိုက်အခံအဖွဲ့ အစည်းနဲ့  လူပုဂ္ဂိုလ်ခေါင်းဆောင်များရဲ့ 
သမိုင်းရေးကံကြမ္မာဟာ ဘယ်တုန်းကမှ မလှခဲ့ပါဘူး။ သူတို့ ဟာ လူထုကြီးကို
လွတ်မြောက်အောင် ကယ်တင်မပေးနိုင်ရုံသာမက သူတို့ ရဲ့ နိုင်ငံရေးကံကြမ္မာ
ကိုပင် သူတို့ အာမခံချက် မပေးနိုင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ ခေတ်သစ်
မြန်မာ့နိုင်ငံရေးသမိုင်းအတွက် ခါးသီးတဲ့သမိုင်းသင်ခန်းစာတစ်ခုလည်း
ဖြစ်ပါတယ်။ ဒီခေတ်ပြိုင်သမိုင်းသင်ခန်းစာကို မျက်မှောက်ခေတ် နိုင်ငံရေး
မျိုးဆက်ဝင်များက သမိုင်းစာမျက်နှာများကို ကျော်ပြီး လေ့လာသွားတာမျိုး
မဖြစ်ဖို့  အလွန်အရေးကြီးပါတယ်။

ဦးလှရွှေ
(အောင်စောဦးရဲ့  “ဥဒါန်းမကြေ” စာအုပ်အတွက် ရေးသော အမှာစာ.. မှ)