Saturday, January 19, 2013

ကချင်ထိုးစစ်မှာ အစိုးရအနေနဲ့ အရှုံးကြီးရှုံးခဲ့ပါတယ်။

အပစ်၇ပ်ကြောင်းသမ္မတရုံး ထုတ်ပြန်ချက်အပေါ် Ven Ravika ၏သုံးသပ်ချက်

ကချင်နဲ့နောက်ဆုံးဆွေးနွေးတဲ့အခါ ကချင်ဘက်က စစ်ရေးကိုယ်စားလှယ်တွေ ပါမလာခဲ့ပါ။ နိုင်ငံရေး အဖြေကို ရှာနိုင်ရင် စစ်ရေးပြဿနာလည်း အလိုအလျှောက် ဖြေရှင်းပြီသားဆိုတဲ့ ကချင်တို့ရဲ့ ရပ်တည် ချက်ဟာ တပ်နဲ့အစိုးရ အာဏာခွဲဝေရတဲ့ ၂၀၀၈ ဥပဒေကို ခြိမ်းခြောက်နေလို့ ဖြစ်တယ်။ ဒါကို ကာချုပ် မင်းအောင်လှိုင်က ဒေါသူပုန်ထခဲ့တယ်။ လိုင်ဇာကို လေကြောင်းအကူနဲ့ ကြည်းကြောင်း က အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်။ အခု ဒီထိုးစစ်ကို တစ်ဖက်သတ်ရပ်စဲကြောင်း အစိုးရက ကျေညာခဲ့ပါပြီ။ ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ ထားတယ်။ နောင်အခါ ဆွေးနွေးပွဲလုပ်ရင်ကချင်ဘက်က စစ်ဖက်ဆိုင်ရာများ မလာ မနေရ။

မကျေညာခဲ့တဲ့၊ ဝန်မခံခဲ့တဲ့ ထိုးစစ်တစ်ခုကို ရပ်စဲကြောင်းကျေညာခဲ့ပါပြီ။ နှစ်ပေါင်း (၂၀)ကျော် စစ်တပ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုများကို မေ့ပျောက်ဖို့၊ ၂၀၀၈ ဥပဒေမှာ နေသားကျဖို့ ခေတ်သစ်ပြည်တွင်း စစ်သမိုင်း မှာ အကြီးကျယ်ဆုံးထိုးစစ်တစ်ခုကို လုပ်ခဲ့ပါပြီ။ ဒါပေမဲ့ မင်းအောင်လှိုင် နိုင်ခဲ့ပါသလား။ မနိုင်ပါ။ စစ်ပွဲကို မကျေညာဘဲ တိုက်ခဲ့တဲ့မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်တို့ကို ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ တရုတ်တို့ကလည်း မကျေညာဘဲနဲ့ သူတို့ကို ငြိုငြင်ခဲ့ ကြပါပြီ။

ကချင်ထိုးစစ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်မှာ စစ်ရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဖြစ်တယ်။ စစ်ရေးအရ အစိုးရတပ်က ကချင်ပြည်နယ်မှာ ခြေကုပ်စခန်းများများရဖို့၊ နိုင်ငံရေးအရ ကချင်များကို အခြားအဖွဲ့ များလိုပဲ အပစ်ရပ်လက်မှတ်ထိုးစေဖို့၊ တရုတ်အကျိုးစီးပွားကို ကာကွယ်ပေးနေကြောင်း ပြသဖို့ ဖြစ်တယ်။ အစိုးရက လာမတိုက်ရင်၊ အစိုးရတပ်များကို နုတ်လိုက်ရင် အပစ်ရပ်စရာတောင် မလိုဘဲ နိုင်ငံရေး ဆွေးနွေးပွဲကို မိမိတစ်ဖွဲ့ချင်းအနေနဲ့ပဲဖြစ်ဖြစ်၊ U.N.F.C.အဖွဲ့အနေနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးဖို့ ကချင်က မငြင်း ဆိုပါ။ ဒါပေမဲ့ အစိုးရအနေနဲ့ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို အချိန်ဆွဲနိုင်သမျှ ဆွဲထားချင်တဲ့ အနေ အထားရှိလို့ ကချင်စစ်ကို မဖြစ်မနေ တစ်ဖက်သတ်တိုက်ရခြင်းဖြစ်တယ်။

ဒါပေမဲ့ ကချင်ထိုးစစ်မှာ အစိုးရအနေနဲ့ အရှုံးကြီးရှုံးခဲ့ပါတယ်။

၁။ လိုင်ဇာကို မဖြစ်မနေ သိမ်းမယ်ဆိုရင် အစိုးရတပ်က သိမ်းနိုင်ဖွယ်ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲပေါင်း (၂၀၀၀)ကျော်ကို (၂)နှစ်မျှတိုက်ရကျိုးမနပ်ပါ။ ဝယ်ထားတဲ့လက်နက်များနဲ့ လေယာဉ်စုတ်များကို ထုတ်သုံးခဲ့ပေမဲ့ ကချင်တွေ ဖြုံအောင် ဖိန့်လုံးမထုတ်နိုင်ခဲ့ပါ။ ကချင်ထိုးစစ်ကို မရပ်ရင် ကရင် အပါအဝင် U.N.F.C. အဖွဲ့အနေနဲ့ စစ်ရေးအရ လှုပ်ရှားလာဖွယ်ရှိတာကိုလည်း အစိုးရက ရိပ်မိလာ ပါတယ်။ ကချင်ထိုးစစ်အပြီးမှာ တိုင်းရင်းသားများက အစိုးရတပ်ကို မကြောက်တော့ပါ။ သူတို့အားလုံး စုပေါင်းပြီး ဒီတပ်ကို ဖြိုရင် ပြိုနိုင်တယ်ဆိုတာ လေ့လာခွင့်ရခဲ့ကြပါပြီ။

၂။ အစိုးရအကြံပေးများက ကချင်ထိုးစစ်ကို ဆင်နွှဲခြင်းဖြင့် တရုတ်ကို မျက်နှာလိုမျက်နှာရလုပ်ဖို့ စိတ်ကူးထားပါတယ်။ ၂၀၀၈ ဥပဒေကို လက်မခံရင် ဒီလိုအဖြစ်မျိုးဆီ ပြန်ရောက်သွားမယ်ဆိုပြီး ခြိမ်း ခြောက်ရာလည်း ရောက်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကျွံကျွံလုပ်လာတဲ့အခါမှာ တရုတ်က သတိပေးမှုတွေ လုပ်လာပါတယ်။ တရုတ်ကို အချိုသပ်ဖို့ ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ပြပါတယ်။ ဒါလည်း တရုတ်က ကမန်းကတန်း ရှောင်ထွက်ခဲ့ရပါတယ်။ ဒါဟာ အစိုးရအဖွဲ့တွင်းမှာ စီမံခန့်ခွဲမှု အားနည်းနေကြောင်း ရိပ်မိစေတယ်။

၃။ ဒီထိုးစစ်ကြောင့် ကချင်များက အပစ်ရပ်လက်မှတ်ပြန်ထိုးမယ်မထင်ပါ။ အဲဒီလိုပဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍလည်း အနည်းငယ်မှေးမှိန်သွားရပါတယ်။ ဒီအချက်မှာ အစိုးရက အမြတ်ထွက် သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ စစ်ပွဲတစ်ပွဲကို ရပ်အောင် လုပ်နိုင်ခဲ့ပြီဆိုတဲ့ မလိမ့် တပတ်အမြင်ကို ပုံဖော်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ အစိုးရက နိုင်သလိုနဲ့ ဒီအချက်မှာလည်း အရှုံးပေါ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကနေ စစ်ပွဲကို ရပ်စဲဖို့ ဆုံးဖြတ်ချက်ချရတယ်။ ဒါဟာ အဆိုးထဲက အကောင်းပါ။ ဒီနေ့မှာပဲ သမ္မတဦးသိန်းစိန်ထုတ်ပြန်ခဲ့တဲ့ ခုခံစစ်သဘောကို ကာချုပ်မင်းအောင်လှိုင်က သဘော ပေါက်မိတော့တယ်။ သူတို့အချင်းချင်း အချိတ်အဆက်ရှိရှိနဲ့ လှုပ်ရှားခဲ့ကြတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး အမှားကြီးမှားခဲ့ပါတယ်လို့ သူတို့ဝန်မခံရုံတမယ် အရှက်တကွဲဖြစ်ခဲ့ရပါပြီ။

Ven Ravika FaceBook မှကူးယူဖေါ်ပြပါသည်။