Sunday, February 10, 2013

ပြည်ထောင်စုကြီးရဲ့အဓိကပြဿနာ Federal ဆိုတာ ပေါင်းစည်းရေးပါတဲ့

Khaing Soelynn's photo.
ပြည်ထောင်စုကြီးရဲ့အဓိကပြဿနာ Federal ဆိုတာ ပေါင်းစည်းရေးပါတဲ့

၁၉၈၉ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်ထောင် စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ နိုင်ငွေသိမ်း က (အခြား သမိုင်းကြောင်း
နောက်ခံများ အပြင် ဟူသော ဖက်ဒရယ်မူနှင့် စပ်လျှဉ်း၍) ဒေါ်အောင် ဆန်းစုကြည်အား အောက်ပါ အတိုင်း ရှင်းပြခဲ့ကြောင်း
မှတ်တမ်းများတွင် လေ့လာရသည်။ [1]

“ကျွန်တော်တို့ တန်းတူရေးကို တောင်းတိုင်း အခက်အခဲတွေ အများကြီး ရှိပါတယ်။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ မှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ကတောင်းဆိုတဲ့ တောင်းဆိုချက်ထဲမှာ ခွဲထွက် ဘို့ မပါပါဘူး။ Federal မူဆိုတာ က ရိုးရိုးကလေးပါ။ စာအုပ်စာတမ်းတွေမှာ ရှိပါတယ်။ ပြနေရင် ဗိုလ်ချုပ်ကြီး စောမောင် ဖြစ်သွားမှာ စိုးလို့ မပြတော့ ပါဘူး။ အဲဒီမှာ ကျွန်တော်တို့ က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်း
အုပ်ချုပ်ပုံ က ချို့ယွင်းနေတယ်။ သုံးစွဲဘို့ မသင့်တော်တော့လို့ ပြင်ဆင်ဘို့ လိုတယ် ဆိုပြီး အဆိုတင်ပါတယ်။ အဲဒီ အဆိုကို ထောက်ခံတာ ကျွန်တော်ကိုယ်တိုင် ပါဘဲ။ ဒါပေမယ့် အာဏာကို လိုချင်တဲ့လူတွေက ဒီဟာကိုတောင်းတာ ခွဲထွက်ရေး ပါဘဲ လို့ ဆိုပြီး Federal ကို အင်္ဂလိပ်လို မခေါ်တတ်လို့ လား၊ ဘယ်လိုကြောင့်လဲ မသိဘူး။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပါလို့ သူတို့က အော် ကြတယ်။ ကျွန်တော်က ပြောပါတယ်။ Federal ဆိုတာ ပေါင်းစည်းရေးဘဲ ခေါ်ပါတယ်လို့။”

ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြန်လည် ဆွေးနွေးခဲ့သည်။

“စောစောက သဘာပတိကြီးရှင်းပြသွားတဲ့အတိုင်း Federal ဆိုတာကတော့ အင်္ဂလိပ်စကားလုံးတခုဘဲဖြစ်ပါတယ်။ Federal ဆိုတာခွဲရေး မဟုတ်ပါဘူး။ ကျမတို့ အားလုံးသိပြီးသားပါ။ ခွဲရေး မဟုတ်ဘူးဆိုတာ ကျမတို့ အားလုံး
လက်ခံပါတယ်။ ဒါပေမယ့် Federal ဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်။ 
ဆိုတော့ Central Government နဲ့  Local Government တို့  အကြားမှာ ဘယ်လိုအာဏာခွဲရမယ်။ ဒါဟာ Federal ရဲ့ အဓိက ပြဿနာဘဲ။ ဒါကို ဆုံးဖြတ်ရပါမယ်။ နောက်ပြီး ပြည်ထောင်စု အစိုးရက ဘယ်လောက် အာဏာယူထားမလဲ။ ဘယ်အာဏာတွေ ယူထားမလဲ။ ပြည်နယ်အစိုးရက ဘယ်လောက်အာဏာယူပြီး ဘယ်လိုအာဏာတွေကို အသုံးပြုထားမလဲ။ 
ဒီဟာကို ခွဲရမယ်။ နောက်ဆုံး Federal ရဲ့ပြသနာဟာ ဒါဘဲ။ အာဏာကို ဘယ်လိုခွဲမလဲ။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရကြားထဲမှာ ဘယ်လိုပြေလည်အောင် လုပ်မလဲ ဆိုတာဟာ Federal ရဲ့ အဓိက
ပြသနာဘဲ။ အဲဒီတော့ Federal လို့ ဘဲ ခေါ်ခေါ် ဘာလို့ဘဲ ခေါ်ခေါ်
ပြည်ထောင်စုကြီးရဲ့ အဓိကပြဿနာဟာ ဒါဘဲ။”

via Thura Awng

ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲမှာတွေ့ရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (7-2-2013)
photo via ခွန်ဒီးယမ်