Monday, January 21, 2013

News

Mungdung La Wawhkyung shared Sa Maung's photo.
ကချင် ၊ ကရင် ၊ ကယား ၊ ချင်း ၊ ရခိုင် ၊ ရှမ်း နဲ့  မွန် သတင်းများ  ဇန်နဝါရီ ၂၁၊ ၂၀၁၃။

ကေအိုင်အိုက အစိုးရထံ အကြောင်းပြန်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က KIO အဖွဲ့ကိုပေးပို့တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းချက်စာကို လက်ခံရရှိပါကြောင်း KIO အဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ အကြောင်းပြန်ကြားစာတစောင်ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီထံ ပေးပို့ခဲ့တယ်လို့ KIO က ပြောပါတယ်။ 
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကေအိုင်အို ဗဟိုကော်မတီက လက်ရှိ ဆွေးနွေးလျှက်ရှိပြီး အသေးစိတ်ကို ဆက်ပြီးအကြောင်း ပြန်ကြားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ပေးပို့တဲ့စာမှာ ဖော်ပြထားတဲ့ နှစ်ဖက်တာဝန်ရှိသူများ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ခက်ခဲမူရှိနေတဲ့ ကာလမှာ ပွင့်လင်းမြင်သာသော “Electronic Online” ဆွေးနွေးမှုတွေလုပ်ဖို့ အစိုးရဖက်က အဆိုပြုချက်ဟာ ဖြစ်နိုင်ခြေ မရှိဘူးလို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ စာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွတ်တော်ပုံမှန် အစည်းအဝေးကဆုံးဖြတ်ချက်အရ ပြည်သူတွေထံက ထွက်ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို အလေးအနက်ထားပြီး နှစ်ဘက်ဆွေးနွေးမူတွေလုပ်ဖို့၊ ယုံကြည်မူ တည်ဆောက်ဖို့၊ စစ်ရေး အရှိန်တင်းမာနေတာတွေကို လျော့ချပစ်ဖို့ သက်ဆိုင်ရာ နှစ်ဖက်လုံးကို တိုက်တွန်းထားကြောင်း ပါရှိပါတယ်။

ကေအင်ယူဆက်ဆံရေးရုံးခွဲ တာဝန်ရှိ သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျောက်ကြီးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဆက်ဆံရေးရုံးခွဲမှာ KNU တပ်မဟာ (၃) က ဗိုလ်မှူးကြီး စောအယ်ကလူသိန်းအဖွဲ့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမလာခင် အဲဒီတွေ့ဆုံပွဲမ မနက်ပိုင်းမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း ဦးဆောင်ပြီး ကျောက်ကြီးမြိုနယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေးရုံးမှာ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်က ငြိမ်းချမ်းရေးလိုလားသည်ကို သက်သေထူလိုက်ပြီဖြစ်ကြောင်း သမ္မတ ပြော

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လိုင်ဇာဌာနချုပ်ကို အပြီးတိုင် ခြေမှုန်း သိမ်းယူမှု မပြုခြင်းက အစိုးရ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လိုလားသည်ကို သက်သေထူလိုက်ခြင်းပင် ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံတွင် သမ္မတနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ  ပထမဆုံးအကြိမ် တွေ့ဆုံစဉ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခိုက် သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“KIO၊ KIA ရဲ့ လိုင်ဇာဌာနချုပ်ဟာ ကျနော်တို့ တပ်တွေနဲ့ လက်တကမ်းအကွာမှာပဲ ရှိနေပါတယ်။ ဒါပေမယ့် KIO၊ KIA ရဲ့ လိုင်ဇာ ဌာနချုပ်ကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ် ဆိုတဲ့အချက်ကို အမှန်တကယ်ဖြစ်ကြောင်း သက်သေထူခြင်းပဲ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ KIA နှင့် ပဋိပက္ခ ပြန်လည် ဖြစ်ခဲ့စဉ်ကတည်းက စတင်၍ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်ရောက်ရန် စဉ်ဆက်မပြတ်ကြိုးခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁ နှစ်ကျော် ကာလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် နှစ်ဘက်စလုံးက ဆုံးရှုံးနစ်နာခဲ့သည့် အသက်အိုးအိမ် စည်းစိမ်များအားလုံးကို နိုင်ငံတော်၏ ဆုံးရှုံးမှုဟုသာ ယူဆကြောင်း ဦးသိန်းစိန်က ဆိုသည်။
“ဒီဆုံးရှုံးမှုတွေ ရပ်တံ့နိုင်ဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာတဲ့ နည်းကလွဲလို့ တခြားနည်းလမ်း မရှိတဲ့အတွက် ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်လာဖို့အတွက် အစဉ်တစိုက် တိုက်တွန်းရခြင်း ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ KIO ကို အပစ်အခတ်ရပ်စဲရေးအတွက် ဖိတ်ခေါ်ရခြင်းမှာ တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး ရရှိရန်အတွက် ထပ်မံဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ တောင်းဆိုထားသည့် တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေးဆိုသည်မှာ လက်ရှိအစိုးရ တာဝန်ယူသည့်နေ့မှ စတင် တောင်းဆိုခြင်း ဖြစ်သည်ဟု ထပ်လောင်း အတည်ပြုလိုကြောင်း သမ္မတက ဆိုသည်။
“ပြည်တွင်းငြိမ်းချမ်းရေးကို ဆေးမှီးတိုနဲ့ ကုသတဲ့ ချဉ်းကပ်မှုမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးရရှိဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက် စေဘဲ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အခြေခံမူရဲ့ အောက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားရပါမယ်” ဟု ၎င်းက ပြောသည်။
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးမှ သွေဖည်မသွားဘဲ စားပွဲပေါ်တွင် ဆွေးနွေးသည့်နည်းဖြင့် အဖြေရှာသွားမည်ဟုလည်း သူက ဆိုသည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ရုံ၊ လက်မှတ်ထိုးရုံနဲ့ မလုံလောက်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ဖို့ လူထုပါဝင်ဖို့လိုပါတယ်” ဟု သမ္မတက ပြောသည်။
ဆက်လက်၍ သမ္မတ ဦးသိန်းစိန်က ခေါင်းဆောင်များ၏ ဆွေးနွေးမှုများကို လူထုသိရှိစေရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများအနေနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် အရပ်ဘက် အဖွဲ့အစည်း များ၏ အသံများကို နားထောင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။
အရပ်ဘက် လူမှု အဖွဲ့အစည်းတခု ဖြစ်သော ငြိမ်းအဖွဲ့မှ ဒေါ်နန်းရော်က လဂျားရန်ဒေသ ထိုးစစ်ဆင်မှု ရပ်ဆိုင်းသည့် ကိစ္စကို ဝမ်းမြောက်သော်လည်း တခြားဒေသများတွင် အပစ်အခတ် မရပ်တံ့မည်ကို စိုးရိမ်သည်ဟု ယင်း အခမ်းအနားတွင် ပြောခဲ့သည်။
“အပြန်အလှန် တောင်ကုန်သိမ်းဖို့ တိုက်ပွဲတွေ ဖြစ်ရာမှာ ပြည်သူတွေ ဒီလောက်တော့ မနစ်နာသင့်ဘူး။ နိုင်ငံ့ ဘဏ္ဍာ၊ ပြည်သူ့ ဘဏ္ဍာကို စစ်စရိတ် မဖြစ်စေချင်ဘူး” ဟု သူက ဆိုသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြန်လည်စတင်ခဲ့သည့် KIA နှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အရေအတွက် စုစုပေါင်း ၁၀၉၅ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
“၁၇ တာ တည်ဆောက်ပြုပြင်ခဲ့သမျှ တွေဟာ တနှစ်ခွဲအတွင်းမှာ အားလုံး ပျက်စီးကုန်တယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်” ဟု ဒေါ်နန်းရော်က ပြောသည်။
ပြည်သူရွေးချယ်သည့် သမ္မတ ဖြစ်သောကြောင့် ပြည်သူအားလုံးအတွက်၊ ကချင်ပြည်သူများ အတွက် မဖြစ်မနေ ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်းလည်း သူက တင်ပြသွားသည်။
ငြိမ်းအဖွဲ့မှ ဒေါက်တာ Sa Boi Jum ကလည်း ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မြန်မာ့တပ်မတော်က လိုင်ဇာတဝိုက်တွင် ဇန်နဝါရီ ၂၀ ရက်နေ့ မနက်အထိ ထိုးစစ်ဆင်ဆဲ ဖြစ်ကြောင်း၊ သမ္မတ၏ အမိန့်ကို စစ်တပ်က မနာခံဟု ယူဆကြောင်း ပြောသည်။
အဆိုပါ အခမ်းအနားသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၉၀ ကျော်တက်ရောက်ခဲ့ပြီး၊ ကချင်ဒေသ ပဋိပက္ခ ကိစ္စ အပါအဝင် ဝန်ကြီးဌာနများနှင့် ဆက်ဆံရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ တွေ့ကြုံနေရသည့် ကိစ္စ အဝဝများကို ဆွေးနွေးတင်ပြ ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ် မိန့်ခွန်း ပြန်လည် ပြောကြားရာတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ တင်ပြဆွေးနွေး ချက်များထဲမှ တချို့ ကိစ္စရပ်များမှာ နိုင်ငံတော်အနေဖြင့် လုပ်ဆောင်ပေးရမည့် လုပ်ငန်းတာဝန်များဖြစ်ကြောင်း၊ နောက်ပိုင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ ပြုလုပ်ရာတွင် အခမ်းအနား ပုံသဏ္ဍန် မလုပ်တော့ဘဲ ဆွေးနွေးကာ အမြင်ချင်း ဖလှယ်သည့် ပုံစံဖြင့် လုပ်ဆောင်သွားလိုကြောင်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများအား လိုအပ်သည့် အကူအညီများ ပေးသွားရန် လိုအပ်ကြောင်း၊ တလှေတည်းစီး၊ တခရီးတည်း သွားနေသူများ ဖြစ်သောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စက အမှန်တကယ်လိုအပ်နေတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေအတွက် အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု သမ္မတက ပြောသည်။

တရုတ်နယ်နိမိတ်အတွင်း လေးလုံးမြောက်ဗုံး ကျရောက်အပြီးတွင် ကချင်ပဋိပက္ခ၌ ပါဝင်နေသူအားလုံး အပစ်အခတ် ရပ်စဲကြရန် တရုတ်နိုင်ငံ တောင်းဆို

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်နေသူ အားလုံး အပစ်အခတ် ရပ်စဲရန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုလိုက်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန် လိုက်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong Lei က ကချင်တပ်များနှင့် မြန်မာတပ်များ၏ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် အင်္ဂါနေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ ပိုင်နက်အတွင်းသို့ ဗုံးတစ်လုံး ကျရောက်ခဲ့ကြောင်း အတည်ပြု ပြောကြားသည်။
အဆိုပါဗုံးမှာ တရုတ်နယ်စပ်မှ မီတာ ၅၀၀ အကွာတွင် ကျရောက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။
“ဒီမတော်တဆ ထိခိုက်မှုနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံက စိုးရိမ်ပူပန်မှုနဲ့ ဘ၀င်မကျမှုကို ဖော်ပြတဲ့ အကြောင်းကြားစာ ပေးပို့ထားပါတယ်။ နောင်မှာ ဒီကိစ္စထပ်မံ ဖြစ်ပွားမှု မရှိအောင် မြန်မာအစိုးရ အနေနဲ့ သေချာပြင်ဆင် ကာကွယ်မှုတွေ ပြုလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ဗုံးကျရောက်မှုမှာ စတုတ္ထ အကြိမ်မြောက် ကျရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်၊ ညနေပိုင်းက တရုတ်နိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးသုံးကြိမ် ကျရောက်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။Mr. Hong က ပဋိပက္ခများ ဖြစ်ပွားနေသော နှစ်ဘက်စလုံးအား ဆွေးနွေးပွဲများ ပြုလုပ်ကာ ပြဿနာကို အဖြေရှာရန်နှင့် တရုတ်မြန်မာ နယ်စပ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တိုက်တွန်းလိုက်သည်။
၎င်းက တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှ တာဝန်ရှိသူများမှာ တရုတ်နယ်စပ် တလျှောက် တိုက်ခိုက်မှု ခံရခြင်းရှိ၊ မရှိကို ထိရောက်သည့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။ကချင်ပြည်နယ် အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေ (ကေအိုင်အို) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက် ၆ နာရီအချိန်မှ စတင်ရပ်ဆိုင်းမည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန် ထားပြီးဖြစ်သည်။ပြည်ထောင်စု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှ တဆင့် ရှေ့ အလားအလာ ကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အို အဖွဲ့မှလည်း ဇန်န၀ါရီလ ၁၉ ရက်နေ့က သတင်းထုတ်ပြန် လိုက်သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီနဲ့ အစိုးရဆွေးနွေးမည် 

အိန္ဒိယ-မြန်မာနယ်စပ် အခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဟာ လာမယ့် ဖေဖော်ဝါရီလအတွင်း မြန်မာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီက ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က အတည်ပြု ပြောပါတယ်။
"တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးကို ခန္တီးမြို့မှာ ကျင်းပခဲ့တယ်၊ အခုပြည်ထောင်စုအဆင့် ဆက်လက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ် ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာ ဖြစ်မယ်"
ဆွေးနွေးဖြစ်မယ်ဆိုရင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဖက်က ပြင်ဆင်မှုအနေနဲ့ကတော့ အပစ်အခတ်ရပ်စဲမှု ခိုင်မာစေရေး၊ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နာဂဒေသ ဖွံ့ဖြိုး တိုးတက်စေရေး၊ တပ်တွေနေရာချထားရေး၊ အပစ်အခတ် ရပ်စဲရေးကာလတွေအတွင်း နှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ် စတဲ့အချက်တွေကို ဆွေးနွေးသွားဖို့ရှိတဲ့ အပြင် ယခုအချိန်ထိ ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဟာ ၁၉၆၄ ခုနစ်ကတည်းက မြန်မာအစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ (၉) ရက်နေ့မှာ အစိုးရနဲ့ ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ ချင်းပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့်မရ

ချင်းပြည်နယ်အတွင်းမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ လွတ်လပ်စွာ သွားလာခွင့်ကို နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုထားပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က ကန့်သတ် ချုပ်ချယ်မှုတွေ ရှိနေတာကြောင့် နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်က  ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language