Sunday, January 13, 2013

လူသားမိုင်းရှင်းကရိယာအတွက် မြစ်ကြီးနားတွင် လူဖမ်းပွဲပြုလုပ်နေ

မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာတွင် ထိခိုက်ကျရှုံးမှုများပြားလျက်ရှိသဖြင့် ဗိုလ်ချုပ်များခေါင်းခဲလျက်ရှိသည်။ ဇန်န၀ါရီလ(၉)ရက်နေ့တွင်လည်း တပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၅)တပ်ရင်းမှူးအပါအ၀င် အရာရှိ(၅)ဦးနှင့် အခြားအဆင့် ရဲဘော်များ KIA မိုင်းဖြင့် ကျဆုံးခဲ့ကြရသည်။ ထို့ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ အရပ်သား(၁၀၀၀) တောင်းဆိုခဲ့ကြောင်း သိရှိရ သည်။ ၀န်ကြီးချုပ်မှ အရပ်သားရှာဖွေပေးရန် ငြင်းဆိုလိုက်သဖြင့် ဇန်န၀ါရီလ(၁၀)ရက်နေ့တွင် နေပြည်တော်၏ အမိန့်ဖြင့် ၀န်ကြီးချုပ်အား အထူးလေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကာ နေပြည်တော်တွင် အကျယ်ချုပ် ထားရှိခဲ့ကြောင်း သိရှိရသည်။
ဝန်ကြီးချုပ် မရှိခိုက်တွင် တိုင်းမှူး၏ညွှန်ကြားချက်ဖြင့် မြစ်ကြီးနားမြို့ပေါ်တွင် နေ့ခင်းပိုင်း၌ လူဖမ်းပွဲကိုဆင်နွဲလျက်ရှိ ကြောင်း သိရှိရသည်။ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားမှဖြတ်သန်းသွားသော အရွယ်ရောက်လူငယ်၊ လူကြီး၊ အမျိုးသမီး များကို ဖမ်းဆီးသွားသည်မှာ ၁၀၀ ကျော်သွားပြီဖြစ်သည်။ ၎င်းတို့ကို KIA တပ်စခန်းထိုးစစ်ဆင်ရာတွင် လူသားမိုင်းရှင်း ကရိယာအဖြင့်အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများကို KIA ဗဟိုဌာနချုပ် ရှေ့တန်းစခန်းဖြစ်သော အင်တပ်ဘွမ်၊ ခယာဘွမ်(Hkaya Bum)ထိုးစစ်တွင်အသုံးပြုရန် ဖြစ်သည်။ ယခုအခါ အချို့အရပ်သားများသည် ခယာဘွမ်ထိုးစစ်တွင် အသုံးချခံရရန် ရှေ့တန်းနယ်မြေတွင် ရောက်ရှိနေပြီဖြစ်သည်။
ဤမျှနှိပ်စက်ကြမ်းကြုပ်သော အပြုအမူများသည် မြန်မာအစိုးရအဆက်ဆက်က တိုင်းရင်းသားများအပေါ် အလွယ်တကူ ကျူးလွန်နိုင်သော အပြုအမူများသာဖြစ်သည်။ အရပ်သားများကို အစိမ်းရောင်ဝတ်စုံ ၀တ်ဆင် စေကာ မိုင်းရှင်းစေခြင်း၊ ထိခိုက်သွားသူများကို အဆုံးသတ်ဖြတ်ပစ်ခြင်း၊ တိုင်းရင်းသူ အမျိုးသမီးများကို အများသုံးဇိမ်ခံပစ္စည်းအဖြင့် အသုံးချခြင်းများ ပြုလုပ်လျက်ရှိသည်။