Wednesday, September 26, 2012

ဒီပဲယင်း အရေးအခင်း နှင့် နောက်ဆက်တွဲ အန္တရာယ်များ

by Duwa Kachin on Tuesday, September 25, 2012 at 7:18am ·
ဒီပဲယင်း အရေးအခင်းသည် ဥပဒေမဲ့လုပ်ရပ် တခုဖြစ်ပြီး၊ အုပ်ချုပ်သူလူတန်းစားများ အနေနှင့် ပြောင်ပြောင်တင်းတင်း လူသတ်ပွဲများ ဖန်တီးခဲ့သော အများကြီး အဖြစ်မှ ဥပမာ ကောင်းတစ်ခုဖြစ်သည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၏ အကွက်ချ စီစဉ်ညွန်ကြားမှုဖြင့်၊ ဒီပဲယင်း လူသတ်ပွဲကြီးကို ကျူးလွန်ပြီး အခုချိန်ထိ ဥပဒေအရ အဖြစ်သဘော စုံစမ်း စစ်ဆေးတာမျိုးမရှိခြင်းသည် မြန်မာ နိုင်ငံ၏ ဥပဒေ စိုးမိုးရေး ပျက်ရွန်းနေကြောင်း ပီပီပင်ပင် ပြသလိုက်သလို ဖြစ်နေသည်။

ဒီထက် ပိုဆိုးဝါးသည့် အဖြစ်တစ်ခုကို သိပ် မကြာသေးမီက စုံစမ်းတွေ့ရှိချက်အရ၊ အခုထိ ဒီပဲယင်း လူသတ်သမားများ ဆက်လက် လှုပ်ရှားနေဆဲပင် ရှိကြောင်းပင်။

ရခိုင်ဒေသ အရေးအခင်းနှင့် ပတ်သက်ပြီး စုံးစမ်းစစ်ဆေးအဖွဲ့တွင် ပါဝင်သူ အမည်မဖေါ်လိုသူ အဖွဲ့ဝင် တစ်ယောက်က
”ရခိုင် အရေးက သိပ် ပဟေဠိ ဆန်တယ်၊ စစုံစမ်းလာကတည်းက ဘယ်သူ့လက်ချက်ဆိုတာ တိတိကျကျပြောရခက်နေတဲ့ အပိုင်းတွေ အများကြီးတွေ့လာရတယ်… တချို့က ကြားပွဲစားတွေ ရှိနေနိုင်တယ်… လို့ သုံးသပ်ကြတယ်… ရဲရဲတော့ မပြောရဲဘူးပေါ့…”
ဟုဆိုလာသည်။

ရခိုင်အရေး မဖြစ်ခင်ကာလမှာ ဒီပဲယင်းနဲ့ ပတ်သက်ပြီး အရင်ထောက်လမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် က သူ့လူများ လွတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ကယ်ထုတ်ခဲ့တယ်၊ လို့ နိုင်ငံခြား သတင်းထောက် တစ်ယောက်ကို ပြောခဲ့တယ် လို့ဆိုရာဝယ်၊ ပြည်ထဲရေး ၀န်ကြီးဌာန က ပြာပြာသလဲ ငြင်းချက်ထုတ်ခဲ့ရသည်။ ဘာဖြစ်လို့ ငြင်းချက်ထုတ်ရသနည်း? ကွင်းဆက် တစ်ခုရလာတာ ပြည်ထဲရေးဝန်ကြီးဌာန အတွက် စုံးစမ်းစစ်ဆေးဖို့ အခွင့်ကောင်းတစ်ခု မဟုတ်ပေလော?

စာရေးသူအနေနဲ့ စိတ်ဝင်စားသွားတယ်…… ဆက်လက်ပြီး ဟိုဟိုဒီဒီ စပ်စုလိုက်တဲ့အခါမှာ…
ဒီပဲယင်း မှာ ပါဝင်ခဲ့တဲ့ စွမ်းအားရှင်တွေ အခု အကြပ်ရိုက်ခံရပါပြီ…..

ညွန်ကြားတဲ့လူ ဘယ်သူဆိုတာထက် အဲဒီ အမှုတွဲမှာ ပါဝင်ခဲ့သူ အားလုံးရဲ့ အမည်စာရင်းများကို ပြုစုထားပြီး အချိန်မရွေး အပစ်ပုံချ အရေးယူနိုင်အောင် အကွက်ဆင်ထားလေပြီ။

“ဒီပဲယင်း ကို ဦးဆောင်ခဲ့သူများအနေနဲ့ သူတို့လုပ်ရပ်ကို ဖုံးကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ လက်တွေ့ပါဝင်သူများကို ကြိုးချည်ထားတယ်။ ခံစရာရှိရင် သူတို့ပဲခံ၊ ဆိုတဲ့ သဘောမျိုး။” ဆိုပြီး အတွင်းသိ လူကြီးတစ်ယောက်ပြောလာသည်။

“နဲနဲ ပညာတတ်တဲ့ လူတစ်ချို့ကိုတော့ စင်ကာပူ လို မြို့တွေကို ပို့လိုက်တယ်။ ပြီးတော့ Online ပေါ် ကြံ့ဖွတ် ကိုထောက်ခံတဲ့ အလုပ်လုပ်ခိုင်းထားတယ်။ တစ်ချို့ကိုတော့ ဒီတိုင်းပဲ လူမိုက်အနေနဲ့ လက်သပ်မွေးထားတယ်၊ သူတို့ကို အချိန်မရွေး ပြန်သုံးလို့ရအောင် ချည်ထားတယ်။”

“ယုတ်ယုတ်လုပ်ရင် ချက်ချင်းထောင်ထဲ ထည့်လိုက်မယ်…. ဆိုတာမျိုးနဲ့ ချည်ထားတာ… ရခိုင်မှာလဲ သုံးခဲ့တယ် လို့ကြားတယ်…”

ရခိုင်ဒေသမှာ ရခိုင်တွေနဲ့ ရိုဟင်ဂျာ များ ပြဿနာ ဖြစ်နေတာ အခုမှ မဟုတ်ပါ။ အဖြစ်အပျက် တစ်ခုခုအတွက် နောက်ဆက်တွဲ ကြီးကြီးမားမား ဖြစ်လာဖို့ အရမ်းကို လွယ်ကူတဲ့ အနေအထားရှိတယ် ဆိုတာ အရင်ကတည်းက နိုင်ငံတော် အကြီးအကဲ လုပ်နေသူတွေ လက်ရှိ သမ္မတ က အစ သိပြီးသား ဖြစ်သည်။

စဉ်းစားစရာ တခုမှာ ရခိုင်အမျိုးသမီးကို မဒိမ်းကျင့်ခဲ့သော ခေါင်းဆောင် ထက်ထက် ဆိုသူမှာ ရိုဟင်ဂျာ မဟုတ်ပေ၊ ပြီးတော့ ရဲစခန်းအချုပ်ခန်းထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားတယ် လို့သာ သိရပြီး ဘယ်လိုအဆုံးစီရင်ခဲ့တယ် ဆိုတာ တိတိကျကျ ဘယ်သူမှ မသိပါ။ မရှင်းပြပါ။
ရဲစခန်း အချုပ်ခန်းဆိုတာ လူအများကြီး အတူထားသော နေရာ ဖြစ်ပြီး ဖတ်စရာ ဂျာနယ် အနည်းငယ်ရှိတာကလွဲပြီး လူတစ်ယောက် သေနိုင်လောက်တဲ့အထိ လုပ်စရာ ပစ္စည်းများ ဘာမှ မရှိပါ။

ထက်ထက်ရဲ့ သူငယ်ချင်းများ အပြောအရ

“သူ့ကို အဲဒီ အရေးအခင်း မဖြစ်ခင်မှာ သူစိမ်းလူ တစ်ယောက်နဲ့ တတွဲတွဲ လုပ်နေတာ တွေ့တယ်၊ ခြေလမ်းမမှန်ဘူး၊ ပြီးတော့ ပိုက်ဆံလဲ အသုံးအဖြုန်းကြီးလာတာ သတိထားမိတယ်“ ဟုဆိုသည်။

နောက်ပိုင်း ဆက်လက်ပြီး စုံစမ်းတွေ့ရှိချက်အရ ထက်ထက်ကို စည်းရုံးခဲ့သော လူမှာ တောင်ကုတ်ကားလမ်းပေါ်မှ လူသတ်ပွဲတွင် ပါဝင်သူ တစ်ယောက် ဖြစ်ကြောင်းလဲ ထက်ထက် သူငယ်ချင်းများ အပြောအရ သိရသည်။

တောင်ကုတ် ကားလမ်းပေါ် လူသတ်ပွဲတွင် ဦးဆောင်သူများမှာ နယ်ခံများ မဟုတ်ကြောင်းကို သတင်းများမှာလဲ အများအပြား ဖတ်ရမည် ဖြစ်သည်။ အခုထိ အဲဒီအမှုတွဲမှာ ပါဝင်သူများ ပျောက်ချင်းမလှ ပျောက်နေသည်။

“နောက်ပြီး တချို့ရွာမီးရှို့တဲ့အထဲမှာ ဘယ်ဖက်က ရှို့တယ် ဆိုတာ သဲသဲကွဲကွဲ မသိရပဲ ဖြစ်နေတာမျိုးရှိနေတယ်။ ဒါကြောင့် ရခိုင်တွေက ရိုဟင်ဂျာ တွေ ကိုယ့်အိမ်ကိုယ် မီးရှို့တယ် လို့ ထင်ကြတယ်။ ရိုဟင်ဂျာတွေ ဖက်မှာလဲ ရခိုင်တွေက သူတို့ကို ချောက်တွန်းချင်လို့ ကိုယ့်အိမ်ကိုယ် မီးရှို့တယ် လို့ပြောတယ်…” ဟု အမည်မဖေါ်လိုသူ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် တစ်ယောက်ပြောလာသည်။

စစ်တွေ နယ်ခံတစ်ယောက် အပြောအရ

“အဲဒီတုန်းက ဘယ်လိုကနေ ဘယ်လို စလာမှန်းတောင် မသိပါဘူး။ သတင်းထောက်လိုလို၊ ဘာလိုလို သူစိမ်းတွေကလဲ များမှများ ဆိုတော့ ကိုယ့် ရခိုင်အမျိုးတွေပဲ လုပ်သလား… ဘယ်သူက လုပ်လိုက်မှန်းတောင် မသိရပဲ ကုလားတွေက ငါတို့ကို ရန်လာရှာတယ်…” ဟုဆိုသည်။

“အစောင့်အကြပ် ဒီလောက်ချထားတာတောင် ညကြီးမှာ မီးလာရှို့သွားတဲ့လူကရှိသေး၊ ဒါကြောင့် ရိုဟင်ဂျာတွေအနေနဲ့ ရခိုင်တွေက အာဏာပိုင်တွေနဲ့ ပေါင်းပြီး သူတို့ကို နှိပ်ကွတ်တယ် လို့ အထင်ရောက်လာတယ်“ ဟုဆိုသည်။

တကယ်တော့ အရပ်သားအားလုံး နှစ်ဖက်စလုံးဟာ အခင်းဖြစ်ပြီးနောက် ကြောက်နေကြပြီး ညဖက် ဘယ်သူမှ အပြင်မထွက်ရဲပါ။ ဒီလိုအချိန်မှာ ညထွက်လှုပ်ရှားတာ ဘယ်သူ ဖြစ်နိုင်မည်နည်း?

ကြံ့ဖွတ်ဖက်မှ အရေးအခင်းကို စီစဉ်သူ များ အနေနဲ့ အစပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်အတွက် နှောက်ယှက်ရုံ စီစဉ်ထားခြင်း ဖြစ်သော်လည်း၊ မမျော်လင့်ထားသော ကြီးကျယ်မှုမျိုး ဖြစ်သွားတာ ဖြစ်နိုင်ကြောင်း အကဲခတ်များက သုံးသပ်သည်။

“ဟိုက ငြိမးချမ်းရေး နိုဗယ်လ်ဆု ယူမယ် ဆိုတော့ မငြိမ်းချမ်းသေးတဲ့ နိုင်ငံ တခုကို ပစ်ထားပြီး ဆုသွားယူရင် ရှက်စရာ ဖြစ်အောင် ကြံတာ… ရိုဟင်ဂျာ ဆိုတာလဲ နိုင်ငံတကာက အလေးအနက်ထားနေတဲ့ အချိန်ဆိုတော့ ကချင်အရေးထက် ပိုထိတာပေါ့”

ဒေါ်စု အပြန်လမ်းမှာ နှောက်ယှက်တဲ့ လူများလဲ ဒီပဲယင်းအဖွဲ့ထဲမှ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

“ကြံ့ခိုင်ရေး အဖွဲ့က အခုလို ဒီပဲယင်း အရေးမှာ ပါခဲ့တဲ့လူတွေကို လက်သပ်မွေးထားပြီး လာမဲ့ ၂၀၁၅ မှာလဲ သူတို့ လုပ်ချင်တဲ့ ပုံစံဝင်အောင် အကြမ်းဖက်တဲ့ နည်းတွေ သုံးလာနိုင်တယ်“ ဟု နိုင်ငံရေး အကဲခတ် တချို့ပြောဆိုမှုမျိုးလဲ ရှိလာသည်။

ဒီတော့…
မြန်မာ နိုင်ငံမှာ ဒီပဲယင်း အရေးရဲ့ နောက်ဆက်တွဲ အန္တရာယ်များရှိနေတယ် ဆိုတာတော့ အမှန်ပင်။
By:FB