Sunday, November 17, 2013

ခန္တီပါရမီ (The Perfection of Tolerance)



"သွားဖောက်နှုန်းမြန်၊ အစ္စလာမ်၊
တိရစ္ဆာန်ဝါဒ၊ ဆန့်ကျင်ကြ။"

ဒီနေ့ ဇေတဝန်ကျောင်းကထိန်မို့ သံဃာတော်များ စုစုစည်းစည်းနဲ့ပါ။ သံဃာတိုင်းက ဒီဆောင်ပုဒ်အကြောင်းကိုပဲ ပြောနေကြပါတယ်။ စိတ်မကောင်းကြပါ။ ဆရာတော်ဦးဂုဏိဿရရဲ့ RFA အသံလွှင့်ချက်ကိုလည်း သဘောမကျကြပါ။

ဒီထဲမှာ ဗမာလို နားမလည်တဲ့ သီရိလကာင်္ဘုန်းကြီးက ဟိုဟာ ဘာရေးထားသလဲလို့ မေးမေးနေလို့ ခက်ရသေးတယ်။ ဘာသာမပြန်ချင်ပါ။ သီရိလကာင်္ဘုန်းကြီးပဲ၊ ဟိုမှာ ဒီထက်တောင် ပြင်းသေးတယ်၊ ဘာသာပြန်ပေးလိုက်ပါလို့ တစ်ပါးက တိုက်တွန်းပေမဲ့ မိမိအနေနဲ့ ဘာသာပြန်ပေးဖို့ တွန့်တိုနေခဲ့ပါတယ်။

မိမိတို့သံဃာတော်များဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို မချစ်လို့တော့ မဟုတ်ပါ။ ဗုဒ္ဓဘာသာရှေ့ရေးကိုလည်း မတွေးဘဲ မနေကြပါဘူး။ အဲဒီလိုချစ်လို့၊ စိုးရိမ်မိလို့လည်း မြန်မာနိုင်ငံအရေး၊ ဗုဒ္ဓဘာသာအရေးကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြခြင်းဖြစ်တယ်။

ဒီမှာ ပြောချင်တာက- (၁) အစ္စလာမ်ဘာသာက သားဖောက်နှုန်းမြန်တယ်။ (၂) တိရစ္ဆာန်ဝါဒ ဖြစ်တယ်။ (၃) ဒါကြောင့် ဆန့်ကျင်ကြရမယ်လို့ ကောက်ချက်ဆွဲရင် ဒီအဖြေရဲ့ အကျိုးဆက်က ဘာလဲ။ ဒါဟာ ရခိုင်နဲ့ဘင်္ဂလားနယ်စပ်မှာ သောင်တင်နေကြတဲ့ ဘင်္ဂလီများကိုပဲ ရည်ရွယ်တယ်လို့ ပြောလို့ မရတော့ဘူး။ မြန်မာမူစလင်များကိုသာမက ကမ္ဘာအရပ်ရပ်ရှိမူစလင်များကိုပါ စော်ကားရာ ရောက်ခဲ့ပြီ။ ဒါဟာ Racist ဖြစ်တယ်၊ အောက်တန်းကျတဲ့ အဖွဲ့အစည်းတွေမှာပဲ ဒီလိုဝါဒမျိုး ရှိတော့တယ်ဆိုတာ ဒီလူတွေ နားလည်အောင် ဘယ်လိုရှင်းပြကြရမလဲ။

ဗုဒ္ဓဘာသာဟာ ဘာသာရေးပြန့်ပွားမှုသမိုင်းမှာ နာမည်ကောင်း ရထားခဲ့ပါတယ်။ ဒါကို အစ္စလာမ်ပညာရှင်တွေ၊ ခရစ်ယာန်ပညာရှင်တွေ၊ ဟိန္ဒူပညာရှင်တွေ အစရှိတဲ့ ဘာသာရေးပညာရှင်တွေ တညီတညွတ်ထဲ သဘောမျှကြပါတယ်။ ခန္တီပါရမီကို ဖြည့်ကျင့်ခဲ့လို့သာ မြတ်ဗုဒ္ဓက ဘုရားအဖြစ်ကို ရရှိတော်မူခဲ့ခြင်းဖြစ်တယ်။ အခု မြတ်ဗုဒ္ဓရဲ့ သားတပည့်တွေက Religious Tolerance မျှတောင် မထားနိုင်တော့တာ ရှက်စရာအတော်ကောင်းတယ်။ ဘာသာရေးသည်းခံမှုများလို့ ဗုဒ္ဓဘာသာက ယုတ်လျော့သွားမှာမဟုတ်ဘဲ ဘာသာရေးသည်းခံမှုမရှိမှပဲ ဗုဒ္ဓဘာသာအတွက် အန္တရာယ်များစေမယ်ဆိုတာ သူတို့နားလည်အောင် ဘယ်လိုရှင်းပြရမလဲ။

စစ်သား(၅)သိန်း၊ ဘုန်းကြီး (၅)သိန်း ပေါင်း (၁)သန်း။ ဒီ(၁)သန်းဟာ ပြည်သူလူထုကို မှီခိုနေကြရတယ်။ ပြည်သူ့အကျိုးကိုပဲ သယ်ပိုးစေသင့်တယ်။ လက်တစ်ဆုပ်စာအာဏာရှင်များရဲ့ လက်ကိုင်တုတ် မဖြစ်သင့်တော့ပါ။ ဘာသာရေးစဉ်းနှီးတုံးများ မဖြစ်သင့်တော့ပါ။ လူမျိုးရေးအရ သမဂ္ဂီမဖြစ်ရင်၊ ဘာသာရေးအရ သင့်မြတ်မှုမရှိရင် နိုင်ငံတော်ကို တည်ဆောက်လို့ မရဘူးဆိုတာ ဒီလူတွေ နားလည်အောင် ဘယ်လိုပြောရမလဲ။

အမျိုး၊ ဘာသာ၊ သာသနာကို ချစ်ရင် လက်ပံတောင်းတောင်ကိစ္စမှာ ပြည်သူတို့ကို ဝိုင်းဝန်းကူညီပေးကြပါ။

အမျိုး၊ ဘာသာ၊ သာသနာကို တန်ဖိုးထားချင်ရင် ပြည်တွင်းစစ်ကို ဆန့်ကျင်တဲ့နေရာမှာ ပူးပေါင်းပါဝင်ကြပါ။

အမျိုး၊ ဘာသာ၊ သာသနာကို မြတ်နိုးရင် ၂၀၀၈-ဥပဒေကို ပြင်ဆင်/ပြန်ရေးနိုင်ရအောင် ပြည်သူတို့ကို ဝိုင်းဝန်းကူညီပေးကြပါ။

အောက်ခြေပြည်သူပြည်သားတွေမှာ အင်အားမရှိဘဲ အပေါ်က အာဏာရှင်တစ်စု အင်အားရှိရုံနဲ့ အမျိုးကို မကာကွယ်နိုင်ဘူး။ ဘာသာတရားကို ပြန့်ပွားအောင် မလုပ်နိုင်ဘူး။