မနေ့ည ၁၇ နိုဝင်ဘာ ၂၀၁၃ တညလုံး နမ့်လင်းပါရွာ၊ မန်စီမြို့နယ် မှာ တိုက်ပွဲဖြစ်ခဲ့တယ်။ မပြေးနိုင်လို့ ရွာထဲမှာ ကျန်နေသူနဲ့ ရွာပြင်သစ်တောထဲမှာ ပုန်းနေသူ ၂၀၀ ခန့်ရဲ့သတင်းကို လုံးဝ မရသေးဘူး။ အခု ဆက်ပြီး ၉ မိုင်အကွာ ကောင်ဂျာကျေးရွာမှာ ဆက်ပြီး တိုက်နေတယ်။ ရွာသား ၁၈၀၀ကျော် မိုင်ဂျာယန်ဘက်နဲ့ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးနေပြီ ဖြစ်တဲ့အတွက် နမ့်လင်းပါမှာ ရှိခဲ့တဲ့ လူဦးရေ ၂၃၀၀ ကျော်အတွက် ခဲရာခဲဆစ် သယ်ပို့ထားတဲ့ ရိက္ခာ၊ အနွေးထည်တွေကို ရွာထဲမှာ ချန်ထားခဲ့ရတယ်။
--------------------------------
၁၂း၂၅ မိနစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ နမ့်လင်းပါကျေးရွာ သတင်း
နမ့်လင်းပါကျေးရွာတိုက်ပွဲသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ လဂျားယန် တိုက်ပွဲနှင့် ဆင်တူနေပြီဖြစ်သည်။ တိုက်လေယာဉ် သုံးစွဲခြင်း တမျိုးသာ ကွာခြားတော့သည်။ ရိက္ခာနှင့် လက်နက် ချပေးသော လေယာဉ်ကိုမူ သုံးစွဲနေပြီဖြစ်ကြောင်း ဒေသခံများ ပြောကြားပါသည်။
ယနေ့ နံနက် ၇း၀၀ အချိုန်မှ နံနက် ၁၀း၀၀ နာရီအထိ ပြင်းထန်စွာ တိုက်ခိုက်ပြီး ခေတ္တ နားပါသည်။
နံနက် ၁၀း၃၀ မိနစ်မှ ယခု မွန်းလွှဲ ၁၂း၂၅ နာရီအထိ ဆက်တိုက် တိုက်ခိုက်နေသည်။
မြေပြင်ပေါ်တွင် ရွှေ့လျားသယ်ဆောင်နိုင်သမျှ၊ အထိုင်ချ ပစ်ခတ်နိုင်သမျှ လက်နက်ကြီးများ၊ ရှရှားမှ ၀ယ်ယူလာသော လက်နက်သစ်မှန်သမျှ သုံးစွဲနေပြီး ၁၀၅ မမသုံးစွဲကြောင်းလည်း သိရပါသည်။
စစ်ပြေးဒုက္ခသည် နှင့် ရွာသား ၂၃၀၀ ကျော်သည် မနေ့ညနေ (၁၆ နိုဝင်ဘာ ၂၀၁၃) မှ ယခုအချိန် အထိ ရွာမှ ထွက်ပြေးပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေးစခန်းများနှင့် ဆက်သွယ်နိုင်ခြင်း မရှိပါ။ ရွာအတွင်း မပြေးနိုင်သော အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို မည်မျှ ကျန်ခဲ့သည်ကိုလည်း မသိရပါ။
ကယ်ဆယ်ရေး လုပ်ဆောင်သော ကရုဏာ ဗန်းမော်အဖွဲ့မှ ၀န်ထမ်းများနှင့် Wunpawng Ninghtoi မှ ၀န်ထမ်းများလည်း ထိုနေရာတွင် ပိတ်မိနေပြီး မိခင် အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြတ်တောက်နေပြီဖြစ်သည်။
