နိုင်ငံတစ်ခုရဲ့ ကံကြမ္မာဟာ နိုင်ငံကြီးတစ်နိုင်ငံရဲ့ သြဇာအောက်ကို ရောက်သွားတာနဲ့ ပြည်တွင်းတည်ငြိမ်မှုဟာ အဲဒီနိုင်ငံကြီးရဲ့ သဘောထားအပေါ်မှာ မူတည်နေပါတော့တယ်။
အခု ယူကရိန်းကို ကြည့်ရင် ပိုပြီး သိသာပါတယ်။ ယူကရိန်းဟာ အကြီးဆုံးဥရောပနိုင်ငံတစ်ခုပါ။ ယူကရိန်းနိုင်ငံဟာ ရုရှားပြီးရင် ဥရောပမှာ အကြီးဆုံးနိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ခဲ့ပေမဲ့ အခုအချိန်အထိ ရုရှားလောင်းရိပ်ကနေ ရုန်းမထွက်နိုင်သေးပါ။
လောလောဆယ်မှာ အီးယူနဲ့ ကုန်သွယ်ဖို့တောင် ရုရှားသဘောတူညီချက်ကို စောင့်ဆိုင်းနေရတဲ့ သဘောပါ။ အီးယူနဲ့ ရုရှားတို့ ဆွေးနွေးပြီး အပေးအယူတည့်မှ ယူကရိန်းက ဥရောပဘုံဈေးကို ဝင်ရောက်နိုင်မဲ့သဘောပါ။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် လွတ်လပ်ရေးရတိုင်းလည်း မလွတ်လပ်ကြဘူးဆိုတာပဲ။
မြန်မာနိုင်ငံကို ကြည့်ရင်လည်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အင်ဒိုပြီးရင် အကြီးဆုံးပါ။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် အခုအချိန်မှာ တရုတ်သဘောမတူရင် ဘာမှ မလုပ်နိုင်ပါဘူး။ ယူကရိန်းမှာ ရုရှားမွေးထားတဲ့ အစိုးရ ရှိသလို မြန်မာနိုင်ငံမှာလည်း တရုတ်မွေးထားတဲ့ အစိုးရ ရှိပါတယ်။ မြန်မာစစ်တပ်က ကချင်၊ ပလောင်၊ ရှမ်းတို့ကို တိုက်ခိုက်နေခြင်း၊ မုံရွာမှာ မြန်မာ့ရဲတွေက ဒေသခံများကို ဖိနှိပ်နေခြင်း၊ မြန်မာနိုင်ငံမှာ ပြည်သူတို့မသိရှိဘဲ တရုတ်နဲ့ သဘောတူထားတဲ့ စီမံကိန်းကြီးများ အများအပြားရှိနေခြင်းတို့ကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို တရုတ်က ဘယ်လောက်အထိ လွှမ်းမိုးထားနိုင်ပြီလဲဆိုတာကို သိရမှာဖြစ်တယ်။
သမ္မတဦးသိန်းစိန်က တိုင်းရင်းသားများနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ နိုင်ငံတော်ရဲ့ အချုပ်အခြာနဲ့ နယ်နိမိတ်ကို ထည့်သွင်းမဆွေးနွေးဖို့ ဘယ်လောက်ပဲပြောပြော သူ့အစိုးရကိုယ်နှိုက်က အဲဒီအချုပ်အခြာအာဏာကို ထိန်းမထားနိုင်ခဲ့ပါဘူး။