Sunday, November 3, 2013

“နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့စစ် ဖြစ်ပြီး စစ်ဆိုတာက သွေးထွက်တဲ့နိုင်ငံရေးဖြစ်တယ်

စစ်ကို အခြားနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်ခြင်း
Posted by Phoe Cho on November 1, 2013

1382062_545285502218320_315693263_n
၁၉၉၇ ဇူလိုင်လရဲ့ ညတညမှာ စစ်သားအပြည့်တင်ထားတဲ့ စစ်ကားအစီး ၄၀ ကျော်ဟာ ကွန်းလုံတံတားကိုဖြတ်ကူးလာပြီး ငြိမ်းချမ်းရေးအထူးဒေသ ၁ လို့ (နဝတ-နအဖစစ်အစိုးရ) သတ်မှတ်ထားတဲ့ ကိုးကန့်ဒေသထဲကို ခိုးကြောင် ခိုးဝှက်ဝင်လာခဲ့ပါတယ်။ ဗျူဟာမှူးဗိုလ်မှူးကြီးတယောက် ကိုယ်တိုင်ပါဝင်ဦးစီးပြီး ညတွင်းချင်းအပြင်းချီတက်လာတဲ့ ကွန်ဗွိုင်ဟာ ကိုးကန့်မြို့တော် လောက်ကိုင်ကို တိုက်ပွဲဝင်ဖို့အသင့်အနေအထားနဲ့ အလစ်အငိုက်ထိုးဝင်လာပြီး အချက် အခြာနေရာတွေမှာ တပ်စွဲလိုက်ပါတယ်။

အဲ့ဒီအချိန်ဟာ ယန်မိုးလျံခေါင်းဆောင်တဲ့ ကိုးကန့်ဒေသအာဏာရ ယန်ညီအစ်ကိုများဂိုဏ်း (PMG ဆိုပြီး မြန်မာ ဝီစကီ၊ မြန်မာရမ်၊ မြန်မာဂျင်၊ မြန်မာသောက်ရေသန့် ထုတ်တဲ့ကုမ္ပဏီ) ကို ဖုံကြားရှင်းခေါင်းဆောင်တဲ့ ဖုံညီအစ်ကိုများ ဂိုဏ်းက UWSA ဝ အကူအညီနဲ့ လက်နက်ကိုင်ပုန်ကန် အာဏာသိမ်းပြီးစလေးမှာ ဖြစ်ပါတယ်။ အလစ်ခိုးဝင်လာတဲ့ ဗမာစစ်တပ်ဟာ အကယ်၍ ကိုးကန့်တွေရဲ့ ဆန့်ကျင်မှုနဲ့တွေ့ရင် အပြုတ်တိုက်ပစ်ဖို့ ညွှန်ကြားချက်လဲ အသင့်ရပြီး ဖြစ်ပါတယ်။ (၁၉၈၉ တုန်းကတော့ ဗိုလ်ခင်ညွှန့်ဟာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သေနတ်မပါ၊ လုံခြုံရေးရဲဘော်မပါ တယောက်တည်း လောက်ကိုင်ကိုလိုက်သွားခဲ့တယ်ဆိုပြီး အမွှန်းတင်ချီးမြှောက်ခဲ့ကြသေးတယ်။)
ဒါပေမဲ့ ငြိမ်းချမ်းရေးမပျက်စေချင်တဲ့ ကိုးကန့်ခေါင်းဆောင် ဖုံညီအစ်ကိုများက သည်းခံခဲ့ကြလို့ အဲဒီတုန်းက ငြိမ်းချမ်း ရေးကို ထိန်းထားနိုင်ခဲ့ပါတယ်။

မြန်မာစစ်ဝါဒီတွေကတော့ ၁၉၉၇ ခုကစပြီး လောက်ကိုင်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခုဖွင့်နိုင်ခဲ့ပြီး ၂၇ နှစ်ကြာ လွတ်မြောက်နယ်မြေ ဖြစ်ခဲ့တဲ့၊ အစိုးရစစ်တပ် တခါမှမဝင်နိုင်ခဲ့တဲ့ ကိုးကန့်နယ်မြေမှာ တပ်ရင်း ၅ ရင်း အပြီးအပိုင် စတင်တပ်စွဲခဲ့ပါတယ်။
တကယ်တော့ ဖုံကြားရှင်းဟာ ရှစ်လေးလုံးပြီးစ နဝတ စစ်အာဏာရှင်တွေ ဘက်ပေါင်းစုံအကြပ်အတည်း ဆိုက်နေစဉ်မှာ စစ်အာဏာရှင်တွေရဲ့ မဟာရန်သူတော် ဗကပကို ပုန်ကန်ခွဲထွက်ပြီး အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ပထမဆုံး သူပုန်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဗကပ ထဲက ကိုးကန့်တပ်တွေကို ခေါင်းဆောင်ပြီး ၁၉၈၉ ခု မတ်လ ၃၁ ရက်မှာ အပစ်အခတ်ရပ်စဲရေးစလုပ်ခဲ့တဲ့ သူ့ကို ၁၉၉၂ နိုဝင်ဘာလတုံးက ယန်မိုးလျံဂိုဏ်းကဖြုတ်ချ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဖုံကြားရှင်းခေါင်းဆောင်တဲ့ MNDAA ကိုးကန့်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးလုပ်တုံးက မျှော်မှန်းခဲ့တဲ့ နိုင်ငံရေးအခွင့် အရေးတွေ ဘာမှမရသေးဘဲနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမှာကို လက်မခံတဲ့အတွက် ၂၀၀၉ သြဂုတ်လ ၂၆ ရက်မှာတော့ နအဖ စစ်တပ်က တိုက်ခိုက်ချေမှုန်းပစ်ခဲ့ပြီး သြဇာခံကိုးကန့်တွေနဲ့ အစားထိုးခဲ့ပါတယ်။ ဒီလိုနဲ့ အပစ်ရပ် တဲ့အချိန်တုံးက အင်အား ၂၇၀၀ ကျော်ရှိခဲ့တဲ့ ကိုးကန့်တပ်ရဲ့ နောက်ဆုံးအကြွင်းအကျန်တွေဟာ ၂၀၀၉ နိုဝင်ဘာလ မှာ အင်အား ၂၀၀ ကျော်ရှိတဲ့နယ်ခြားစောင့်တပ်လုပ်ခဲ့ရပြီး စစ်အစိုးရလက်အောက် လုံးဝရောက်သွားပါတယ်။

ကိုးကန့်အဖွဲ့ရဲ့ လက်အောက်ခံဒေသ ဖြစ်တဲ့ သံလွင်အနောက်ခြမ်းက မုန်းကိုးမှာတော့ ၂၀၀၀ ခုနှစ် နိုဝင်ဘာလမှာ တပ်မှူးလီနီမင်က မုန်းကိုးဒေသခေါင်းဆောင် မုန်ဆာလကို အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့အခါ နအဖ ဗျူဟာမှူးနဲ့ တပ်ရင်း ၃ ရင်းဝင်လာ၊ လီနီမင်နဲ့ ဘက်သား ၂၅၀ ကိုပစ်သတ်၊ မုန်ဆာလကို ဖမ်းခေါ်သွားပြီး ထောင်ချပစ်ခဲ့ပါတယ်။ မုန်းကိုးဒေသ သို့မဟုတ် သံလွင်အနောက်ခြမ်း ကိုးကန့်နယ်မြေတခုလုံးကို အစိုးရနယ်မြေအဖြစ် အပြီးအပိုင်သိမ်းယူ တပ်စွဲလိုက်ပါတယ်။
xxx

“စစ်ဆိုသည်မှာ နိုင်ငံရေးကို အခြားနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်” လို့ ဂျာမန်စစ်ပါရဂူ ကလော့စ်ဝစ် က ပြောခဲ့ပါတယ်။ တရုတ်တော်လှန်ရေးခေါင်းဆောင် မော်စီတုန်းကလည်း “နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့စစ် ဖြစ်ပြီး စစ်ဆိုတာက သွေးထွက်တဲ့နိုင်ငံရေးဖြစ်တယ်” လို့ဆိုခဲ့တယ်။

ဒါပေမဲ့ မြန်မာပြည်မှာတော့ စစ်ကို အခြားနည်းလမ်းနဲ့ ဆက်လုပ်တဲ့အခါ အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးလို့ မြန်မာစစ်ဝါဒီအာဏာရှင်တွေက ခေါ်ကြပါတယ်။ စစ်ရဲ့အခြေခံမူဖြစ်တဲ့ ရန်သူချေမှုန်းရေးက အပြောင်းအလဲမရှိတဲ့အတွက် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် စစ်အစိုးရအခေါ် ငြိမ်းချမ်းရေး ဆိုတာ အဘိဓာန်ထဲပါတဲ့ ငြိမ်းချမ်းရေး ဖြစ်မလာဘဲ အခြားနည်းလမ်းနဲ့ စစ်ဆက်တိုက်တာ ဖြစ်နေပါတယ်။

ဗမာပြည်မှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ခြင်း၊ ဥပဒေဘောင်ထဲဝင်ရောက် ခြင်း၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခြင်း စသဖြင့် အမျိုးမျိုးနာမယ်ပေးခဲ့ကြပေမဲ့ စစ်အာဏာရှင်တွေဟာ မတတ်သာလို့ ယာယီအောင့်ကာနမ်းတဲ့သဘောဘဲထားပြီး တိုင်းရင်းသားအင်အားစုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ရည်မှန်းချက်ကို တခါမှ မစွန့်လွှတ်ခဲ့ပါဘူး။
xxx

၁၉၈၉ စက်တင်ဘာမှာ ရှမ်းပြည်တပ်မတော် (SSA) ဟာ တတိယမြောက်တိုင်းရင်းသားတပ်ဖွဲ့အဖြစ်၊ ဗကပဟောင်း မဟုတ်တဲ့ ပထမဆုံးအဖွဲ့အဖြစ် အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ SSA ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို နဝတ စာအုပ်တွေမှာ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်သူအဖြစ် ချီးမြှောက်အမွှန်းတင် ရေးသားခဲ့ပေမဲ့ ဆေထင်ဟာ ရှမ်းပြည်နယ်တခုလုံးက ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ ရှမ်းအဖွဲ့အစည်းတွေ ညီညွတ်ရေး၊ ပေါင်းစည်းရေးတွေ လုပ်လာတဲ့အခါ ၂၀၀၅ ဖေဖော်ဝါရီလမှာ မရေရာတဲ့အကြောင်းပြချက်နဲ့ဖမ်းပြီး ထောင် ၁၀၆ နှစ် ချခဲ့ပါတယ်။ ဒီနှစ်ထဲမှာဘဲ SSA တပ်မဟာ ၂ ကိုလည်း သီပေါ-ကျောက်မဲဒေသက ဆုတ်ခွာခိုင်းခဲ့ပါတယ်။

ခွန်ဆာရဲ့ MTA အဖွဲ့ကခွဲထွက်လာပြီး ၁၉၉၅ ခု ဇွန် ၁၁ မှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကန်းရွက်ရဲ့ အင်အား ၃၀၀၀ ကျော် SSNA ရှမ်းအဖွဲ့ကိုလည်း ၂၀၀၅ ခုထဲမှာဘဲ အပစ်အခတ်ရပ်စဲရေးသဘောတူချက် ဖောက်ဖျက်ပြီး လက်နက်အပြီးအပ်ခိုင်းခဲ့ပါတယ်။ ဒါနဲ့ SSNA တပ်မဟာ ၁၁၊ တပ်မဟာ ၆ နဲ့ တပ်မဟာ ၁၉ တို့ဟာ လက်နက်ဖြုတ် ချေမှုန်းခံရ၊ ဥက္ကဋ္ဌ စိုင်းရီနဲ့ ကျန်တပ်ဖွဲ့ အင်အား ၁၀၀၀ ကျော်ဟာ SSA (တောင်ပိုင်း) နဲ့သွားပေါင်းပြီး လက်နက်ကိုင်တိုက်ပွဲ ပြန်ဝင်ခဲ့ရပါတယ်။ SSNA ဟာ ၂၀၀၂ ဇန်နဝါရီလတုံးကလည်း သိန္နီဘက်မှာ တိုက်ပွဲဖြစ်ပြီး ရဲဘော် ၄၅ ယောက် လက်နက်ချရ ထောင်ကျခဲ့ရပါတယ်။

၁၉၉၁ ဧပြီ ၂၁ ရက်မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ PSLP/PSLA ပလောင်တပ်ဖွဲ့ အင်အား ၁၄၀၀ ဟာလည်း ၂၀၀၅ ဧပြီ ၂၉ ရက်မှာ လုံးဝလက်နက်ချလိုက်ရပြီး ချေမှုန်းခံခဲ့ရပါတယ်။

ဗိုလ်ချုပ်ဆေထင်ကိုပြန်ပေးဆွဲထားတဲ့ စစ်အာဏာရှင်တွေဟာ အင်အား ၂၀၀၀ ကျော်ရှိတဲ့ SSA အဖွဲ့ကို ၂၀၁၀ ခုနှစ်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်လုပ်ဖို့ အပေးအယူလုပ်ခဲ့လို့ ဗိုလ်ချုပ်ဆေထင်လည်း ပြန်လွတ်လာ၊ အင်အား ၄၀၀၀ လောက်ရှိတဲ့ SSA အဖွဲ့ကြီးတခုလုံးလည်း ဖျက်သိမ်းခံလိုက်ရပြီး စုစုပေါင်းအင်အား ၆၀၀ လောက်ဘဲ စိန်ကျော့ပြည်သူ့စစ် နဲ့ ကာလိပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဆွဲစားခံလိုက်ရပါတယ် (တကယ်တော့ နယ်ခြားစောင့် တပ် BGF လုပ်ခိုင်းဖို့ဖြစ်ပေမဲ့ SSA နယ်မြေက နယ်စပ်မဟုတ်လို့ ပြည်သူ့စစ်ဘဲ လုပ်ခိုင်းရတာ)။ အင်အား ၁၀၀၀ ကျော်ရှိတဲ့ ဗိုလ်ချုပ်ပန်ဖှ တို့တပ်မဟာတခုဘဲ ‘ငြိမ်းချမ်းရေးနည်း’ နဲ့ အချေမှုန်းမခံဘဲ SSA/SSPP အဖြစ် ဆက်ရပ်တည်လို့ စစ်အာဏာရှင်တွေက အခု စစ်ရေးနည်းနဲ့ ချေမှုန်းဖို့ ပြန်ကြိုးစားနေပါတယ်။

၁၉၉၁ ဇန်နဝါရီလမှာ အပစ်ရပ်ခဲ့တဲ့ မထုနော်ရဲ့ အင်အား ၂၀၀၀ နီးပါး KDA ကချင်တပ်ဖွဲ့ကိုလည်း ၂၀၁၀ ခုထဲမှာ အင်အား ၄၀၀ ကျော် ကောင်ခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဝါးမျိုပြီး ချေမှုန်းခဲ့ပါတယ်။

အင်အား ၁၃၀၀ နီးပါးရှိတဲ့ NDAK ကချင်တပ်ဖွဲ့ဟာ ဗကပ ကနေ ခွဲထွက်ပြီးနောက် ၁၉၈၉ ဒီဇင်ဘာမှာ အပစ်ရပ်ခဲ့ပါတယ်။ ဒီအင်အားစုကို ၂၀၀၉ နိုဝင်ဘာမှာ စုစုပေါင်း အင်အား ၆၀၀ လောက်ရှိတဲ့ နယ်ခြားစောင့်တပ် ၃ ရင်းအဖြစ် အသွင်ပြောင်းအစ ဖျောက်ပစ်လိုက်ပါတယ်။
၁၉၉၄ အောက်တိုဘာလမှာ အပစ်ရပ်ခဲ့တဲ့ ရလလဖ (ပအိုဝ်းအနီအဖွဲ့) အင်အား ၃၀၀၀ ကျော်ဟာ ၁၉၉၈ ခုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံခဲ့လို့ ပင်လောင်းနဲ့အင်းလေး တောင်ခြမ်းမှာရှိတဲ့ ရလလဖ တပ်တွေကို နအဖတပ် ၁၂ ရင်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ ချေမှုန်းဖို့ကြိုးစားတာ ခံခဲ့ရပါတယ်။ ပိတ်ဆို့ချေမှုန်းတာ မအောင်မြင်တော့ ရလလဖ ဗဟိုဌာနချုပ်ဘေးကို နအဖတပ်ရင်း ၃ ရင်း ချဉ်းကပ်လာပြီး နေရာယူတပ်စွဲ ခြိမ်းခြောက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးမပျက်စေချင်တဲ့ ရလလဖ ဟာ ပင်လောင်းနဲ့ အင်းတောင်ခြမ်းကို လက်လွှတ်လိုက်ရပါတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့ ကယန်းပြည်သစ်ပါတီငြိမ်းအဖွဲ့ဟာလည်း ဖယ်ခုံ-မိုးဗြဲ အရှေ့ခြမ်းကို လက်လွှတ်လိုက်ရပါတယ်။
အပစ်အခတ်ရပ်စဲထားတဲ့ ရလလဖ ရဲ့ စစ်ဦးစီးမှူး ဆေပျံအဖွဲ့ဟာ ၂၀၀၆ ခု နိုဝင်ဘာလမှာ လက်နက်ချခဲ့ရပြီး ချစ်မောင် အဖွဲ့က ၂၀၀၇ ခု ဇူလိုင်လမှာ လက်နက်ချခဲ့ရပါတယ်။ ၂၀၀၈ ခု သြဂုတ် ၃ ရက်နေ့မှာတော့ ရလလဖတဖွဲ့လုံး လက်နက်သိမ်းခံရပါတယ်။
၁၉၉၁ ဖေဖော်ဝါရီလမှာ လက်နက်ချခဲ့တဲ့ အင်အား ၁၃၀၀ ကျော် PNO ပအိုဝ်းတပ်ဖွဲ့ကို လက်နက်ဆက်ကိုင် ခွင့်ပေးထားခဲ့ပေမဲ့ ၂၀၁၀ ခုထဲမှာတော့ အင်အား ၄၀၀ ကျော် ပြည်သူ့စစ်အဖြစ် အတင်းအသွင်းပြောင်းဝါးမျိုခဲ့လို့ ပအိုဝ်းလက်နက်ကိုင်တပ် မျိုးကန်းသွားခဲ့ပါတယ်။
၁၉၉၄ ခု မေလမှာ အပစ်ရပ်ခဲ့တဲ့ ကလလတ ကရင်နီအဖွဲ့ အင်အား ၁၆၀၀ ကျော်ဟာ ၂၀၀၉ နိုဝင်ဘာမှာ အင်အား ၆၀၀ လောက်ရှိတဲ့ နယ်ခြားစောင့်တပ်ရင်း ၂ ရင်းအဖြစ် လက်စသတ်သွားခဲ့ပါတယ်။

အင်အား ၁၀၀ လောက်ရှိတဲ့ KNPP ခွဲထွက်နဂါးအဖွဲ့ ဟာ ၁၉၉၆ နိုဝင်ဘာ ၅ ရက်မှာ လက်နက်ချခဲ့ပေမဲ့ သေနတ်တွေ ပြန်တပ်ဆင်ပေးပြီး တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တဖွဲ့အဖြစ် ထားခဲ့တယ်။ အဲဒါကို ၂၀၀၈ ခု စက်တင်ဘာလကျတော့ လက်နက်ချပွဲ နောက်တခါ ပြန်လုပ်ခဲ့ပြန်တယ်။ အလားတူပဲ ကယန်းပြည်သစ်ခွဲထွက် ဂေဘရယ်ပျံအဖွဲ့လည်း ၁၉၉၂ ခု ဖေဖော်ဝါရီလမှာ လက်နက်ချခဲ့ပေမဲ့ သေနတ်ပြန်တပ်ဆင်ပေးပြီး ငြိမ်းအဖွဲ့တဖွဲ့အဖြစ် သတ်မှတ်ပေးခဲ့ရာက အခုတော့ ပြည်သူ့စစ် ဖြစ်သွားပါတယ်။ KIA ကချင်ပြည်လွတ်လပ်ရေးတပ်မတော်ဟာ ၁၉၉၄ ဖေဖော်ဝါရီလမှာ အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၁ ခု မတ် ၂၂ ရက်က စီဆာပါဒေသမှာ တပ်မဟာ ၄ ရဲဘော် ၉ ယောက် နဲ့ ရွာသား ၂ ယောက်ကို ခလရ ၂၄၂ ကဖမ်းသတ်ခဲ့ပါတယ်။ ၂၀၀၆ ခု ဇန်နဝါရီ ၂ ရက်နေ့မှာလည်း မူဆယ်မြို့နယ်တပ်က ရဲဘော် ၅ ယောက် ဖမ်းသတ်ခံရပါတယ်။

အင်အား ၅၇၀၀ ကျော် ရှိတဲ့ DKBA ဟာ ၁၉၉၄ ဒီဇင်ဘာ ၂၄ ရက်မှာ KNU ကနေ ဘာသာရေးမကျေနပ်ချက်ကြောင့် ခွဲထွက်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၀ သြဂုတ်လမှာ နယ်ခြားစောင့်တပ် ၁၂ ရင်းအဖြစ် အသွင်ပြောင်း ခဲ့ရပြီး မြန်မာ့တပ်မတော်ရဲ့ တိုက်ရိုက်အမိန့်ပေး ကွပ်ကဲမှုအောက်ကို ဝင်ခဲ့ရပါတယ်။ ဝင်ဖို့ငြင်းဆန်တဲ့ DKBA စောလားပွယ်အဖွဲ့ကို မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။
xxx

ကျောင်းသားတွေ ခေါင်းဆောင်ခဲ့ပြီး တတိုင်းတပြည်လုံး ထောက်ခံပါဝင်နွှဲခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံကြီးဟာ သမတ ၃ ဆက်ကို ဖြုတ်ချ၊ မဆလပါတီကို မြောင်းထဲပို့ခဲ့တဲ့အခါ စစ်အာဏာရှင်တွေဟာ ပုံသဏ္ဌာန်ပြောင်းပြီး အသက်ဆက်ဖို့ အသဲအသန်အားထုတ်ခဲ့ရပါတယ်။ ရာဇပလ္လင်ကို အနီးကပ်ခြိမ်းခြောက်လာတဲ့ ကျောင်းသားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်/အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးတည်ရန်သူအသစ်တွေ ဖြစ်လာပါတယ်။
ကံကောင်းချင်တော့ အရင်က တလျှောက်လုံးဦးတည်ရန်သူအဖြစ် အသေအလဲစစ်တိုက်ခဲ့ရတဲ့ ဗကပ ဟာလဲ သူ့အတွင်းက ဖြေရှင်းမရတဲ့ ပဋိပက္ခတွေကြောင့် လမ်းဘေးရောက်သွားပြီး ရန်သူအသစ် ကျောင်းသားတပ်မတော်လည်း အကြမ်းမဖက်တိုက်ပွဲပို့ချချက်တွေ၊ ရန်သူကိုစိတ်နာအောင်မလုပ်ရေး အတွေးအခေါ်တွေကြောင့် ရှုပ်ထွေးချိနဲ့သွားတဲ့အခါ တောထဲမှာ အပစ်ရပ်/အပစ်မရပ် တိုင်းရင်းသားတပ်တွေပဲ လောက်လောက်လားလား ကျန်နေပါတော့တယ်။
xxx

ဗမာစစ်ဝါဒီတွေရဲ့ လက်နက်ကိုင်အတိုက်အခံတွေအပေါ် ထာဝရပေါ်လစီကတော့ စစ်တိုက်ရေးလမ်းစဉ်ဖြစ်စေ၊ အပစ်အခတ်ရပ်စဲရေး လမ်းစဉ်ဖြစ်စေ အဆင့် ၃ ဆင့် သို့မဟုတ် ကဏ္ဍ ၃ ရပ် ချမှတ်ထားပါတယ်။

ဒါတွေက
(၁) ဘောင်ခတ် ထိန်းချုပ်ရေး containment
(၂) ကန့်သတ်ချုပ်ချယ်ရေး restriction
(၃) ရှင်းလင်းချေမှုန်းရေး annihilation တို့ ဖြစ်ပါတယ်။

အပစ်ရပ်အဖွဲ့တွေအပေါ် ချမှတ်ခဲ့တဲ့ ‘တဖက်အဖွဲ့အစည်းများလိုက်နာရန် စည်းကမ်းချက် ၁၀ ချက်’ သို့မဟုတ် ‘ငြိမ်းချမ်းရေးရယူစဉ်က သဘောတူညီချက် ၁၄ ချက်’ ပဲဖြစ်ဖြစ်၊ အခုနောက်ဆုံးတဖက်သတ်ချမှတ်ထား တဲ့ ‘တပ်မတော်မူ ၆ ချက်’ ဖြစ်ဖြစ်၊ ‘နယ်ခြားစောင့်တပ်/ပြည်သူ့စစ် အသွင်ကူးပြောင်းရေး’ ဖြစ်ဖြစ်၊ ‘နယ်မြေစိုးမိုးရေး’ ဖြစ်ဖြစ် ဒီပေါ်လစီ ၃ ရပ်ကိုဘဲ အခြေခံထားတာ ဖြစ်ပါတယ်။

ကိုယ်ကျိုးအတ္တကြီးမားလှတဲ့ စစ်ဝါဒီတွေ ဗမာပြည်မှာ ကြီးစိုးနေသမျှကာလပတ်လုံး စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေးတို့ ထွန်းကားပေါ်ထွက်လာနိုင်စရာအကြောင်း မရှိဘဲ အခြားနည်းလမ်းနဲ့ စစ် ဆက်တိုက်နေအုံးမှာ ဖြစ်ပါတယ်။