Sunday, November 17, 2013

နိုင်ငံက ငယ်ငယ် တိုင်းရင်းသားက များများ

နိုင်ငံက ငယ်ငယ် တိုင်းရင်းသားက များများ

မြန်မာနိုင်ငံမှာ စစ်အုပ်စုကောက်တဲ့စာရင်းကြောင့် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုး ဖြစ်နေတာပါ။ ချင်းကို ချင်းလူမျိုးတစ်မျိုးထဲ၊ ကချင်ကို ကချင်လူမျိုးတစ်မျိုးထဲလို့ သတ်မှတ်ရင် အဲဒီစာရင်းက ထက်ဝက်လောက် ကျသွားမှာပါ။

တိုင်းရင်းသားလူမျိုးတွေ များတာ မြန်မာတစ်ခုထဲ မဟုတ်ဘူးဆိုတာကိုလည်း တရုတ်နဲ့ အိန္ဒိယကို ကြည့်ရင် သိနိုင်ပါတယ်။ အိန္ဒိယဆိုရင် လူဦးရေးတစ်သန်းထက် ပြောတဲ့ဘာသာစကားဟာ (၂၉)မျိုး ရှိပါတယ်။ လူဦးရေတစ်သိန်းကနေ တစ်သန်းအထိ ပြောတဲ့ဘာသာစကားက (၂၈)မျိုး ရှိပါတယ်။ တစ်သောင်းကနေ တစ်သိန်းအထိ (၁၅၇)မျိုး ရှိပါတယ်။ တစ်သောင်းအောက် (၁၁၇)မျိုး ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ ဝက်မင်စတာပုံစံနဲ့ ပြည်ထောင်စုစနစ်ကို ကျင့်သုံးရာ ပြည်နယ်က (၂၈)ခု ရှိပါတယ်။ ပြည်ထောင်စုနယ်မြေက (၇)ခု ရှိပါတယ်။ အိန္ဒိယမှာ ရုံးသုံးဘာသာစကားကို အမေရိကန်လိုပဲ တရားဝင်သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ဟင်ဒီနဲ့အင်္ဂလိပ်ကို သုံးကြပါတယ်။ ပြည်နယ်များမှာလည်း ကြိုက်တဲ့ဘာသာစကားနဲ့ သုံးကြပါတယ်။

မြန်မာနိုင်ငံမှာ ပြည်နယ်ရသင့်တဲ့လူမျိုးအရည်အချင်းကို ဘယ်လိုသတ်မှတ်ကြမလဲ။ လောလောဆယ်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့ဟာ ပြည်နယ်ရသင့်တဲ့ လူမျိုးများဖြစ်ကြောင်း အငြင်းပွားစရာ မရှိပါ။ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ကိုကိုကျွန်းတို့ဟာ ပြည်ထောင်စုနယ်မြေများဖြစ်သင့်ကြပါတယ်။ ကျန်တဲ့ ဝ၊ ပလောင်၊ ပအိုဝ်း လူမျိုးများဟာ ပြည်နယ်ရသင့်မသင့်ဆုံးဖြတ်ကြရမှာ ဖြစ်တယ်။ ကိုးကန့်၊ လာဟူး၊ နာဂ၊ ထားဝယ်၊ ဆလုံ အစရှိတဲ့ အခြားလူမျိုးများဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသင့်မရသင့် ဆုံးဖြတ်ကြရမှာ ဖြစ်တယ်။ အတော်များများဟာ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရဒေသတွေ ရရှိခဲ့ကြပြီဖြစ်တယ်။ ရနိုင်ရက်သားနဲ့ မရသေးတဲ့လူမျိုးများကို လျစ်လျူမရှုသင့်ပါဘူး။

နိုင်ငံက ငယ်ပေမဲ့ ရသင့်ရထိုက်သလို ခွဲရပါ့မယ်။ ညီတူညီမျှ ခွဲဝေရလို့ စိတ်မကောင်းခြင်းမဖြစ်သင့်ကြပါဘူး။ ကိုယ့်ဒေသကို ဖွံ့ဖြိုးအောင် ကိုယ်ပဲ လုပ်ရမယ်။ သူ့ဒေသကို ဖွံ့ဖြိုးအောင် သူပဲ လုပ်ရမှာပေါ့။ တစ်ဦးနဲ့တစ်ဦး ကျူးကျော်ကြဖို့ပဲ စဉ်းစားပြီး လူမျိုးတစ်မျိုးနဲ့တစ်မျိုး အမြတ်ထုတ်ဖို့ပဲ စဉ်းစားကြရင် ဒီပြည်ထောင်စုကြီး မပြိုကျအောင် ထိန်းနိုင်မှာမဟုတ်ဘူး။