Thursday, October 8, 2015

“အားလုံး ပါဝင် လက်မှတ်ထိုးနိုင်မှသာလျှင် NCA လို့ ခေါ်လို့ရမှာ ဖြစ်ပါတယ်”


ဧရာဝတီ| October 3, 2015
(ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် ကို ဧရာဝတီ သတင်းထောက်များ.. သီးသန့် တွေ့ဆုံ မေးမြန်း......လက်မှတ်မထိုးလို့ တိုက်မယ်ဆိုလို့ ရှိရင် ကျနော် တို့လည်း မတတ်နိုင်ပါဘူး။ ခုခံဖို့ပဲ ရှိပါတယ်။... ထိုးစစ်တွေအများကြီး တိုက်ပွဲတွေပိုပြီး များလာပါတယ်.. ကျနော်တို့ အစကတည်းက ပြောထားတာက ကျနော်တို့ကို စစ်ရေးအရ ဖိအားပေးလို့ KIO က လက်မှတ်ထိုးဖို့ ဆုံးဖြတ်မယ်လို့ မစဉ်းစားပါနဲ့လို့ အစိုးရကို ကျနော်တို့က အကြိမ်ကြိမ် အစည်းအဝေးတွေမှာ ပြောထားပြီး ဖြစ်ပါတယ်...)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (EAOs) သို့ တက်ရောက်ခဲ့ကြသည့် အဖွဲ့ ၁၉ ဖွဲ့အနက် ကရင် အမျိုးသား အစည်းအရုံး(KNU) ပါဝင်သည့် ၇ ဖွဲ့က အပစ်ရပ် လက်မှတ် ထိုး ရန် ဆုံးဖြတ်ခဲ့ကြပြီး ကျန်အဖွဲ့များက အားလုံးပါဝင် လက်မှတ်ထိုးရေးကို အစိုးရ လက်ခံမှ ထိုးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် မထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။
လက်မှတ်မထိုးသေးရန် ဆုံးဖြတ်သည့် အဖွဲ့များထဲတွင် အင်အားကြီး လက်နက်ကိုင်များဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည် သစ်ပါတီ (NMSP) တို့အပါအဝင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များဖြစ်သည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့လည်း ပါဝင် သည်။
ထို့ကြောင့် လက်မှတ်မထိုးသေးရန် ဆုံးဖြတ်ထားသော အဖွဲ့များအနက် လတ်တလော အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် ကို ဧရာဝတီ သတင်းထောက်များဖြစ်သည့် ငြိမ်းငြိမ်းနှင့် ကျော်ခ တို့က သီးသန့် တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ ဒီထိပ်သီး အစည်းအဝေးမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တဲ့ အဖွဲ့ ၇ ဖွဲ့ အပေါ်မှာ ဘယ်လို သဘေားထားရှိလဲ။
ဖြေ။ ။ ဒီ ၇ ဖွဲ့ အပေါ်မှာတော့ ကျနော်တို့က မိမိအဖွဲ့အစည်း အသီးသီးရဲ့ အခြေအနေအရအပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ် တယ် လို့ပဲ နားလည်ပါတယ်။
မေး။ ။ ဗိုလ်ချုပ်တို့အနေနဲ့ မထိုးမယ့်ဘက်မှာ ရပ်တည်တယ်ပေါ့နော်။ အရင်အစည်းအဝေး သုံးရက်အတွင်းမှာလည်း ပြောကြ တယ်။ မထိုးဘူးလို့ပြောတာ မဟုတ်ဘူး။ အချိန်ကာလတခု လိုတယ်လို့ပြောကြတယ်။
ဖြေ။ ။ တကယ်တော့ အချိန်လိုတယ်လို့ပြောတာက အားလုံးပါဝင်ရေးကို ဆွေးနွေးဖို့ အဓိကပြောတာဖြစ်ပါတယ်။ ကျနော်တို့ အခု လက်မှတ်မထိုးဘူးလို့ ဆုံးဖြတ်တဲ့လူတွေက အားလုံးပါဝင်ရေး အစိုးရက လက်ခံရင်ထိုးမယ်လို့ ပြောတဲ့ အဓိပ္ပာယ်ပါ။ ဆိုတော့ ဒီကိစ္စကို ဆွေးနွေးရမယ်။ ဒီကိစ္စ ဆွေးနွေးဖို့ အချိန်လိုတယ်လို့ပြောတဲ့ သဘောဖြစ်ပါတယ်။
မေး။ ။ အားလုံးပါဝင်ရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က တချို့အဖွဲ့တွေကို လက်မခံဘူး။ တချို့အဖွဲ့တွေကို အဆင့်လိုက် လက်ခံမယ်လို့ သူတို့ဘက်က ပြောထားတာရှိပါတယ်။ သမ္မတနဲ့သွားတွေ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ အစည်းအဝေးကနေပြီးတော့ ဒီဟာကို အဆင့်လိုက်ချပြလာတယ်လို့ သိရတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အဲဒီအတိုင်း လိုက်လုပ်သွားဖို့ရှိလား။ ဒါမှမဟုတ် အပြောင်းအလဲတစုံတရာ ရှိနိုင်လား။
ဖြေ။ ။ အဆင့်လိုက် သွားမယ်လို့ပြောတာက အစိုးရဖြစ်တော့ အစိုးရက လုပ်ဆောင်ဖို့ တာဝန်ဖြစ်ပါတယ်။ တကယ်လို့ အစိုးရက အဆင့်လိုက်သွားမယ့် ကိစ္စတွေကို ကျနော်တို့ကို ချပြလို့ ကျနော်တို့က လက်ခံနိုင်တယ်ဆိုရင် ဒါအကောင်အထည် ဖော်လို့ရတယ်။ အခုကတော့ အစိုးရက အဆင့်လိုက်သွားမယ်လို့တော့ ပြောတယ်။ ဘယ်လိုသွားမလဲဆိုတာကို ချပြတာမရှိဘဲနဲ့ လက်တွေ့အကောင်အထည် ဖော်တာလဲ ကျနော်တို့ မတွေ့ရသေးပါဘူး။
မေး။ ။ အခုလောလောဆယ်မှာ တိုက်ပွဲတွေဆက်ပြီးတော့ ဖြစ်နေတယ်။ တဘက်ကလည်း NCA ကို လက်မှတ် ထိုးလိုက်မယ် ဆိုလို့ရှိရင် လက်မှတ်မထိုးတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေမှာ တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်တဲ့ နေရာမျိုးတွေများ ဖြစ်မလာနိုင်ဘူး လား။
ဖြေ။ ။ ဖြစ်လာနိုင်ပါတယ်။ အခုလည်း တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာပါတယ်။ လက်မှတ်မထိုးလို့ တိုက်မယ်ဆိုလို့ ရှိရင် ကျနော် တို့လည်း မတတ်နိုင်ပါဘူး။ ခုခံဖို့ပဲ ရှိပါတယ်။
မေး။ ။ အခု NCA လက်မှတ်ထိုးဖို့ ဆွေးနွေးနေတဲ့အချိန်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ပိုပြီးတော့ ထိုးစစ်ဆင်မှုတွေ ရှိနေ တယ် ဆိုပြီး သတင်းတွေ ထွက်ပါတယ်။ ဒီအပေါ်မှာရော ဗိုလ်ချုပ် ဘယ်လိုများ မှတ်ချက်ပေးချင်ပါလဲ။
ဖြေ။ ။ ထိုးစစ်တွေအများကြီး တိုက်ပွဲတွေပိုပြီး များလာပါတယ်။ လက်မှတ်ထိုးဖို့ ဖိအားပေးတယ်လို့လည်း ကျနော်တို့က မယူဆချင် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အစကတည်းက ပြောထားတာက ကျနော်တို့ကို စစ်ရေးအရ ဖိအားပေးလို့ KIO က လက်မှတ်ထိုးဖို့ ဆုံးဖြတ်မယ်လို့ မစဉ်းစားပါနဲ့လို့ အစိုးရကို ကျနော်တို့က အကြိမ်ကြိမ် အစည်းအဝေးတွေမှာ ပြောထားပြီး ဖြစ်ပါတယ်။
မေး။ ။ အားလုံးပါဝင်ရေးမူနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်တို့ဘက်က မတူညီတဲ့ချဉ်းကပ်မှုမျိုးနဲ့ လုပ်သွားမယ်လို့ ပြောတယ်။ အဲဒါဘယ်လိုပုံစံမျိုးလဲ။
ဖြေ။ ။ အဲဒါကတော့ အားလုံးပါဝင်ရေးကို ပြောတာမဟုတ်ပါဘူး။ လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့ကြားထဲမှာ မတူညီ တဲ့ ချဉ်းကပ်မှု ၂ ခုရှိလာနိုင်တယ်ဆိုတဲ့ သဘောကို ပြောတာဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုတာကတော့ အားလုံး ပါဝင် စေချင်တယ်။ ဒါပေမယ့် အစိုးရပြောတာကတော့ သီးခြားစီ အစီအစဉ်လုပ်မယ်လို့ ပြောတာပါ။ အဲဒီတော့ အစိုးရက တကယ် လုပ် နေ သလား။ မလုပ်ဘူးလား ဆိုတာ အခုအချိန်အထိ ကျနော်တို့ ဘာမှ မတွေ့ရသေးဘူး။
မေး။ ။ အစိုးရက ကိုးကန့်တို့လို ပလောင် (တအာင်း) အဖွဲ့တို့လို အဖွဲ့တွေနဲ့ ဆက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး ရအောင် လုပ် မယ် လို့ ပြောသွားတာ လက်တွေ့ အကောင်အထည်ဖော်မှု ဘာမှမရှိသေးဘူးလို့ ပြောတာလား။
ဖြေ။ ။ ဒီ Summit (ထိပ်သီး အစည်းအဝေး) မှာ ဒီကနေ့အထိ ကိုးကန့်လည်းတက်ပါတယ်။ ပလောင်(တအာင်း) လည်း တက်ပါတယ်။ AA လည်း တက်ပါတယ်။ အဲဒီတော့ သူတို့ သုံးဖွဲ့စလုံးက အစိုးရနဲ့သီးခြားလာပြီးတော့မှ ဆွေးနွေးတာတို့ ဘာတို့ သီးခြားလာပြီးတော့ ဆွေးနွေးတာ မရှိဘူးဆိုတော့ ကျနော်တို့က အစိုးရဘက်က ဘာမှ မလုပ်သေးဘူးလို့ပဲ နားလည်ပါတယ်။
မေး။ ။ NCA လက်မှတ်ထိုးတဲ့အခါမှာ အဖွဲ့တွေခွဲပြီးတော့ ထိုးလို့ရှိရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတာ ဖြစ်ပါတော့မလား။ ခေါ်လို့ရပါတော့မလား ဆိုတာမျိုး ပြောဆိုနေကြတာတွေ ရှိပါတယ်။ ဗိုလ်ချုပ်အနေနဲ့ဆိုရင်ရော ဘယ်လို သုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ဒီကိစ္စက ကျနော်တို့ Summit မှာ နှစ်ခါ၊ သုံးခါ ပြောပါတယ်။ တချို့ တဝက် ကထိုးလို့ ဒီ NCA ဟာ ပြီးပြည့်စုံမှု မရှိပါဘူး။ NCA မူကြမ်းကို လက်မှတ်ထိုးတာပဲ ရှိပါတယ်။ အားလုံး ပါဝင် လက်မှတ်ထိုးနိုင်မှသာလျှင် NCA လို့ ခေါ်လို့ရမှာ ဖြစ်ပါတယ်။
မေး။ ။ Senior Delegation (တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့) ကို ဒီထိပ်သီး အစည်းအဝေးမှာ ဖျက်သိမ်းလိုက်ပြီလို့ ကြားရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ Senior Delegation ကတော့ သူတို့ရဲ့တာဝန်က NCCT(တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့) ကနေ ညှိနှိုင်းလို့ မရတဲ့အပိုင်းကို သွားပြီးညှိနှိုင်းတဲ့တာဝန် သူတို့သွားပြီးဆောင်ရွက်တာဖြစ်ပါတယ်။ သူတို့ကနေ ဆက်ပြီး ညှိနှိုင်းလို့ မရတော့ဘူးလို့ တင်ပြတာဖြစ်ပါတယ်။ သို့သော်လည်းပဲ NCCT နဲ့ SD ရဲ့ ရှေ့လုပ်ငန်းစဉ် အစည်းအဝေးတွေကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဖျက်သိမ်းလိုက်ပြီး တာဝန်မရှိတော့ဘူးဆိုတဲ့ သဘောမျိုးကတော့ ယေဘုယျ ပြောတာပဲဖြစ်ပါတယ်။ တရားဝင် စာနဲ့ ထုတ်တာတို့ဘာတို့ မရှိသေးပါဘူး။
မေး။ ။ ဒါဆို SD က ဆက်ပြီးရှိနေဦးမှာပေါ့။
ဖြေ။ ။ SD ဆက်ပြီး ရှိနေတယ် မရှိဘူးပြောတာထက် SD ကတော့ သူလုပ်နိုင်သလောက် လုပ်ပြီးပြီ။ လိုအပ်လို့ ဖွဲ့စည်းတဲ့ SD ကိုပြန်ပြီးတော့ ဖျက်သိမ်းဖို့ ဆိုတာ မလိုအပ်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။
မေး။ ။ ဒါဆိုရင် NCCT ရဲ့ အခန်းကဏ္ဍကရော ဘာတွေ ဆက်လုပ်မှာလဲ။
ဖြေ။ ။ NCCT ကတော့ ကျနော်တို့ Conference ကနေ မူ၊ ပေါ်လစီ အောက်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်တဲ့ အခါကျတော့ ကျနော် တို့ ဒါကို သီးသန့်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်မှတ်ထိုးတဲ့အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေလဲ ကျနော် တို့ NCCT မှာ ပါရှိနေတုန်းဖြစ်ပါတယ်။ တကယ်လို့ NCCT က ဆက်ရှိနေမယ်ဆိုလို့ ရှိရင် အရင်ကျနော်တို့ လော်ခီးလာနဲ့ လိုင်ဇာ Conference က မူတွေကို ဒီအဖွဲ့တွေက လက်ခံနိုင်မလား၊ လိုက်နာနိုင်မလားဆိုတဲ့ ကျနော်တို့မှာ မေးခွန်းရှိပါတယ်။ ဒါကြောင့်မလို့ ဒီလက်မှတ်ထိုးတဲ့ အဖွဲ့တွေ အဆင်သင့်ဖြစ်တဲ့ အခါမှာ တကြိမ် ကျနော်တို့ အားလုံး ဆွေးနွေးပြီးမှဘဲ NCCT ကိစ္စကို ကျနော်တို့ ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ အဖြေထွက်မှာ ဖြစ်ပါတယ်။
မေး။ ။ တချို့အဖွဲ့တွေက အစိုးရနဲ့လက်မှတ် ထိုးလိုက်ပြီဆိုလို့ရှိရင် ကျန်တဲ့အဖွဲ့တွေနဲ့ ဘယ်လိုဆက်သွယ် ဆောင်ရွက်ကြဖို့ အစီ အစဉ် တွေ ရှိလဲ။
ဖြေ။ ။ အဲဒီကိစ္စက လက်မှတ်ထိုးတဲ့ အဖွဲ့တွေ အဆင်ပြေတဲ့ အချိန်မှာတွေ့ရအောင်လို့ ယေဘုယျ သဘောပဲ ကျနော်တို့ ဆုံးဖြတ် ထားတာပါ။ အဲဒီတော့ ဘယ်လိုလုပ်မလဲဆိုတာ အဲဒီအချိန်ကြမှပဲ သိရမှာပါ။
မေး။ ။ အစိုးရနဲ့ ဆက်သွယ်မယ့်ကိစ္စကြတော့ တဖွဲ့ချင်းစီ ပုံစံနဲ့သွားမလား တပ်ပေါင်းစုပုံစံနဲ့သွားမလား။
ဖြေ။ ။ အဲဒါလည်း ကျနော်တို့ မသိသေးဘူး။ ကျန်ခဲ့တဲ့ အဖွဲ့တွေက သီးသန့်ဆွေးနွေးဖို့ ရှိပါတယ်။
မေး။ ။ ကျန်ခဲ့တဲ့ အဖွဲ့တွေကြားမှာရော ဘယ်တော့လောက် ဆွေးနွေးကြမလဲ။
ဖြေ။ ။ မသိသေးဘူး ခင်ဗျ။ အဲဒါတော့ မဆုံးဖြတ်ရသေးဘူး။ အစည်းအဝေးကတော့ လုပ်ဖြစ်မှာပါ။
မေး။ ။ အောက်တိုဘာ ၃ ရက်နေ့မှာ အစိုးရက ၁၅ ဖွဲ့ကို အစည်းအဝေးလာတက်ဖို့ ဖိတ်ထားပါတယ်။ လက်မှတ်ထိုးမယ့် အဖွဲ့တွေကတော့ သွားမယ်လို့ သိရတယ်ပေါ့နော်။ ဗိုလ်ချုပ်တို့အနေနဲ့ရော လာလို့ရှိရင် လက်ခံမယ်လို့ အစိုးရကပြောထားတယ် ဆိုတော့။
ဖြေ။ ။ ကျနော်တို့ KIO ကတော့ မသွားပါဘူး။
မေး။ ။ တိုင်းရင်းသားတွေ အရင်က တစုတစည်းတည်း ဆွေးနွေးခဲ့ကြတဲ့ အဖွဲ့တွေပေါ့လေ။ အခု တချို့အဖွဲ့တွေက ခွဲပြီး လက်မှတ် ထိုးမယ့် အခြေအနေမျိုး ဖြစ်သွားတဲ့အခါကြတော့ ညီညွှတ်ရေးကို ထိခိုက်စေလား ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိနိုင်လဲ။
ဖြေ။ ။ အရင်ကလောက်တော့ ကျနော်တို့ တစုတစည်းတည်း ဆွေးနွေးဖို့ကတော့ မလွယ်လောက်တော့ပါဘူး။ သို့သော်လည်းပဲ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေကြားထဲမှာ တူညီတဲ့ ပန်းတိုင် ဖက်ဒရယ် တည်ဆောက်ရေးဆိုတာ ရှိပါတယ်။ အဲဒီ အပေါ်မှာ အခြေခံပြီး ကျနော်တို့က ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံးတည်ဆောက်သွားမယ်ဆိုတဲ့ ခံယူချက်ကို ဒီ Summit ကချပေးတာဖြစ် ပါတယ်။