Saturday, October 24, 2015

ဒေါက်တာနေဇင်လတ်ကို ဒီလိုချေပမယ်

 U Ravika's photo.
U Ravika with Tsaw Ra Tsaw and 85 others
1 hrAurora, COEdited

(စာဖတ်ပျင်းရင် ကျော်သွားပါ)
ဒေါက်တာနေဇင်လတ်က အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ရေးတယ်။ စစ်တပ်အသိုင်းအဝိုင်းက သဘောတွေ့ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်တယ်။ သူ့ဆောင်ပါးမှာ -
(၁) အမေရိကန်က IS ကို အပြုတ်တိုက်နိုင်ရက်သားနဲ့ မတိုက်ဘဲ တမင်တကာ အချိန်ဆွဲထားတယ်၊ ရရှုားနိုင်ငံက ဆီးရီးယားသမ္မတအာဆတ်နဲ့ ပူးပေါင်းပြီး ကက်စပီယံပင်လယ်ကနေ ဒုံးပျံ(၂၆)စင်း ပစ်လွှတ်လိုက်ရာ အားလုံးက ပစ်မှတ်ကို ထိလို့ IS တွေက ဖိန့်ဖိန့်တုန် ကြောက်နေရပြီ။ ရုရှားရဲ့ ဒုံးနည်းပညာကို အမေရိကန်ကပါ ထိတ်လန့်ခဲ့ရတယ်၊ အမေရိကန်ဒုံးတွေက အဖဂန်က ဆေးရုံးကို ပစ်မိရာ အရပ်သားတွေ သေဆုံးရတယ်လို့ သူက ထောက်ပြပါတယ်။
(၂) သင်ခန်းစာယူဖို့ ထောက်ပြတဲ့နေရာမှာ အာရပ်နိုင်ငံတွေက ရေနံကြောင့် အမေရိကန်လွှမ်းမိုးခံရတယ်၊ အမေရိကန်တို့က စစ်ပွဲဖန်တီးပြီး နိုင်ငံတွေကို ကြွေမွစေတယ်၊ မွတ်စလင်တွေ အထိနာပြီး ခရစ်ယာန်တွေ အကျိုးရှိစေတယ်၊ အခု အမေရိကန်က တရုတ်ကို ထိန်းဖို့ မြန်မာနိုင်ငံကို မျက်စိကျနေတယ်၊ သယံဇာတထွက်ရှိတဲ့ မြန်မာနိုင်ငံမှာ အဓိကပါတီကြီး(၂)ခုက ဒါကို သတိထားရမယ်၊ နိုင်ငံအုပ်ချုပ်ရေးဆိုတာ မဲဆွယ်ပွဲတွေမှာ ပြောတာထက် ပိုနက်ရှိုင်းတယ်၊ မြန်မာနိုင်ငံမှာလည်း အချိန်မရွေး မီးဟုန်းဟုန်းတောက်သွားနိုင်တယ်၊လို့ ကောက်ချက်ဆွဲသွားတယ်။
သူ့ဆောင်းပါးက ဖတ်လို့တော့ ကောင်းတယ်။ ဒါပေမဲ့ သူ့လားရာအရပ်နဲ့ ပတ်သက်သူတွေကို ကြည့်ရင် ဒီစကားပြောတာ မဆန်းပေဘူး။ သူက ဦးနေဝင်းမောင်ရဲ့ E-grass က အကျိုးအမြတ်ကို ရယူပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်ပွားအဖြစ် အခု NDP ပါတီကို ထူထောင်ထားတာပါ။ လက်ရှိပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းစိန်နဲ့ ကာချုပ်မအလတို့ဟာ နာဂစ်ဖွဲ့စည်းပုံကို ထိန်းထားနိုင်ဖို့ လုံ့လပြုနေတဲ့ အင်အားစုတွေပါ။ ပြုပြင်ပြောင်းလဲဟန် ဟန်ဆောင်ပန်ဆောင်လုပ်နေတာကိုတောင် လက်မခံတဲ့ ပုဂ္ဂိုလ်များကို ချန်ထားရစ်သလို ပြုပြင်ပြောင်းလဲရေးမှာ ခြေကျွံချင်တဲ့ ပုဂ္ဂိုလ်များကိုလည်း ဒီနှစ်ဦးက ရှင်ရက်နဲ့ သေအောင် လုပ်ပါတယ်။
ဒီတော့ နည်းနည်းလေး ဆွေးနွေးကြည့်ရအောင်ပါ။
(၁) အမေရိကန်က အဖဂန်နဲ့အီရတ်စစ်ပွဲတုန်းက ရှေ့ကနေ ဦးဆောင်ပြီး တိုက်ခဲ့ပါတယ်။ တရုတ်မှာ ဒေါ်လာထရီလီယံပေါင်းများစွာ အကြွေးတင်ပြီး တိုက်ခဲ့တာပါ။ တရုတ်နဲ့ ရုရှားကို အားကိုးလို့ မရရုံတင်မက အမေရိကန်က ဗိုလ်ကျခဲ့တယ်လိုး စွပ်စွဲမှတွေတောင် ရှိပါတယ်။ သူပုန်တွေကို လက်နက်ခိုးရောင်းမှုတွေလည်း အများကြီးပါ။ ဒါကြောင့် ဒီပွဲမှာ အမေရိကန်က ရှေ့ကနေ မသွားပါ။ အားလုံးကို ဖိတ်ခေါ်ပြီးမှ လုပ်တာပါ။ ဒါကြောင့် ဆုံးဖြတ်တဲ့နေရာမှာ နှေးကွေးစေပါတယ်။ ရုရှားက ဒုံးပျံအစင်း (၂၀)ကျော် ပစ်လိုက်ရုံနဲ့ နေဇင်လတ်တို့က အမွှမ်းတင်နေပါတယ်။ တရုတ်ဒုံးမပါတာကို မထောက်ပြဘဲ အမေရိကန်ဒုံး ညံ့ပုံကို ဖော်ကျူးသွားတယ်။ ညံ့မညံ့ သိရအောင် အခု နေဇင်လတ်ရဲ့ နေအိမ်ကို မလွဲအောင် အမေရိကန်က ပစ်နိုင်ပါတယ်။ ရုရှားတွေက ဂျောဂျီယာနိုင်ငံကိုလည်း ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးတယ်၊ ယူကရိန်းနိုင်ငံကိုလည်း ဝင်ရောက်သိမ်းပိုက်ခဲ့သလို ပြည်တွင်းရေးရှုပ်ထွေးအောင် လုပ်နေတုန်းပါ။ အခုနောက်ဆုံး ဂျပန်ပိုင် ကူရိုင်းကျွန်းစုတွေမှာ စစ်စခန်းတည်ဆောက်နေပါတယ်။ နောက်ပြီး လူမိုက်အာဆတ်ကိုလည်း ထောက်ခံနေသူတစ်ဦးပါ။ အီရန်ကိုလည်း မြောက်ပင့်ပြီး ဟစ်ဇဘိုလာသူပုန်တွေနဲ့လည်း ပတ်သက်ဖူးပါတယ်။ အခု ရုရှားနိုင်ငံဆိုတာ နေဇင်လတ်ပြောသလို အင်အားကြီးနိုင်ငံ ဖြစ်လာဖို့ ဝေးစွ၊ ရုရှားတွေရဲ့ မကောင်းတဲ့အကျင့်ကြောင့် နိုင်ငံတကာက ပိတ်ဆို့ထားလို့ ရုရှားစီးပွားရေးဆိုတာ အသက်ယဲ့ယဲ့ကလေးသာ ကျန်ပါတော့တယ်။ ဒါကို အာရုံလွှဲချင်လို့ IS တိုက်ပွဲတွေမှာ အတင်းဝင်ရောပါတယ်။ နေဇင်လတ်မသိလို့ အမေရိကန်တွေပဲ ပစ်မှတ်လွဲတာမဟုတ်၊ ရုရှားတွေက တူရကီလေပိုင်နက်ကို ပြောင်ကျူးကျော်ပါတယ်။
(၂) နေဇင်လတ် ပြောတဲ့ သင်ခန်းစာတွေကို မယူခင် နည်းနည်းလေး ထောက်ပြချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတကို ဈေးချိုချိုနဲ့ ဝယ်ယူနေတာက အမေရိကန်တို့မဟုတ်ပါ။ ဂျပန်တို့လည်း မဟုတ်ပါ။ နေဇင်လတ်တို့က အမြဲတမ်း ပြောပါတယ်။ ကျောက်ဖြူစီမံကိန်း၊ ထားဝယ်စီမံကိန်းနဲ့ သီလဝါစီမံကိန်း (၃)ခုနဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုပါတယ်။ ဒီစီမံကိန်းတွေမှာ အမေရိကန်အကျိုးစီးပွားထက် တရုတ်အကျိုးစီးပွားတွေပဲ အခရာကျပါတယ်။ တရုတ်နဲ့အတူ ထိုင်းနဲ့ စင်ကာပူတို့ကလည်း ရှေ့ကနေ ပြေးနေပါတယ်။ တရုတ်ကို ထိန်းဖို့ မြန်မာနိုင်ငံကို မျက်စိကျနေတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ တရုတ်ကပဲ မြန်မာနိုင်ငံကို လွှမ်းမိုးထားဆဲပါ။ တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်သားတွေနဲ့ မျှဝေခံစားရမှာစိုးလို့ တရုတ်နဲ့ ပေါင်းလိုက်၊ ထိုင်းနဲ့ ပေါင်းလို့ လုပ်စားနေတဲ့အစိုးရဟာ နေဇင်လတ်တို့အကြံပေးလုပ်ခဲ့တဲ့ အစိုးရ ဖြစ်တယ်။ NLD ပါတီမဟုတ်ဘူး။ ဒါကြောင့် သတိပေးစရာရှိရင် ပြည်ခိုင်ဖြိုးပါတီကိုပဲ သတိပေးပါ။ နောက်တစ်ခု မြန်မာနိုင်ငံမှာ အချိန်မရွေး မီးဟုန်ဟုန်တောက်နိုင်တယ်ဆိုတဲ့ အမြင်ပါ။ အခုလည်း မီးဟုန်ဟုန်တောက်နေပါတယ် နေဇင်လတ်။ အဲဒါကတော့ တရုတ်ကြောင့်လည်း မဟုတ်ဘူး။ အမေရိကန်ကြောင့်လည်း မဟုတ်ဘူး။ အမြော်အမြင်မရှိတဲ့ နေဇင်လတ်တို့အစိုးရကြောင့်ပဲ။ အပစ်ရပ်လက်မှတ်ကို ထိုးဖို့ တိုင်းရင်းသားအားလုံးက အဆင်သင့် ဖြစ်နေပေမဲ့ အစိုးရနဲ့ မြန်မာ့တပ်မတော်က ထိုးခွင့်မပြုဘဲ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်၊ တအာင်း၊ ရခိုင်တို့ကို လက်မှတ်ထိုးခွင့်မပြုခြင်းဟာ တိုင်းရင်းသားဒေသတွေကို စစ်ပွဲကြောင့် ကြွေမွစေဖို့ပဲ မဟုတ်လား။ NCA ကို လက်မှတ်ထိုးသွားတဲ့ အဖွဲ့ (၈)ဖွဲ့က တောင်းပန်နေတာတောင် ကချင်နဲ့ ရှမ်းမြောက်ကို သွားသွားတိုက်နေခြင်းမှာ တိုင်းရင်းသားတို့ရဲ့အကျိုးကို လိုလားတယ်လို့ ပြောနိုင်ပါလား။ နေဇင်လတ်က အမေရိကန်ကို ထောက်ပြသလို မြန်မာ့တပ်မတော်ကိုလည်း ထောက်ပြနိုင်ပါတယ်။ မြန်မာနိုင်ငံရှိပြည်တွင်းစစ်ဟာ ကမ္ဘာ့သက်တမ်းအရှည်ကြားဆုံး ရွာဦးက ဘိုးဘိုးကြီးနတ်တောင် မမှတ်မိနိုင်တော့တဲ့ စစ်ပွဲပါ။ ဒါကို လက်နက်ချခိုင်းပြီး ငြိမ်းချမ်းရေးယူဖို့ဆိုရင် မြန်မာနိုင်ငံမှာ မီးဟုန်ဟုန်တောက်စေရပါ့မယ်။ အဲဒါကို စိတ်ချပါ။
နေဇင်လတ်ကို နောက်ထပ်ထောက်ပြစရာ (၂)ချက်ရှိသေးတယ်။ အရင်က တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ထားတုန်းက အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံများကို ပုတ်ခတ်တယ်။ NLD ပါတီဟာ ကိုလိုနီတွေရဲ့ လက်ဝေခံတွေပါလို့ စွတ်စွဲခဲ့တယ်။ သိန်းစိန်အုပ်ချုပ်မှု (၅)နှစ်မှာ NLD နဲ့ အဆင်ပြေနေလို့၊ အမေရိကန်နဲ့လည်း အဆင်ပြေနေလို့ တိုင်းရင်းသားတွေနဲ့ တရုတ်ကို ပေးစားပြီး အမေရိကန်နဲ့ ပြဿနာတက်အောင် အမျိုးမျိုး ကုန်းချောပါတယ်။ ဒါကို ဦးအောင်မင်းတို့ သိပါတယ်။ ဂျပန်ရောက်တုန်း ဂျပန်အစိုးရကို ဦးအောင်မင်း ဘာတွေ ပြောခဲ့လဲ နေဇင်လတ်တို့လို အတွင်းလူတွေ သိကြမှာပါ။ အခုတစ်ခါ ရွေးကောက်ပွဲမှာ လိမ်နည်း ညစ်နည်းတွေကို သုံးပြီး သိန်းစိန်ကိုပဲ သမ္မတပြန်တင်ဖို့ အရိပ်အယောင်ကို မြင်နေရပါတယ်။ ဒါကို အမေရိကန်တို့ကလည်း မြင်နေပါတယ်။ ဒါကြောင့်လည်း Global Witness အဖွဲ့က စစ်တပ်၊ ခရိုနီ၊ ဦးပိုင်တို့ရဲ့ ဝိသမလောဘတွေကို ဖွင့်ချခဲ့တာပါ။ ရွေးကောက်ပွဲနဲ့ အပစ်ရပ်ရေးကို မလိမ့်တပတ်လုပ်ရင် ဝါရှင်တန်က မြန်မာအစိုးရကို အရေးယူလာဖွယ်ရှိကြောင်း အခုကတည်းက ရိပ်မိနေလို့ အမေရိကန်ကို ကြိုဆဲထားတာ မဟုတ်လား။
ဒုတိယအချက်ကို ပြောမယ်။ အစိုးရအသုံးမကျပုံကို ပြောချင်တာပါ။ လက်ရှိစနစ်ကို လက်ခံလို့ မရပုံကို ပြောတာပါ။ သစ်ပင်တွေ ခုတ်လို့ သစ်တောတွေ ပျက်သုဉ်းရတဲ့အခါ အခုအခါမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးနေပါတယ်။ သစ်ထုတ်လုပ်ရေးကနေ ရတဲ့ ပိုက်ဆံတွေနဲ့ နေဇင်လတ်တို့က မဲဆွယ်နေတဲ့အချိန်မှာ ရေကြီးမှုကြောင့် ဒုက္ခရောက်နေတဲ့ လူထုက မဲပေးဖို့ မနည်းရုန်းကန်နေရပါတယ်။ ဒါတောင် မမှတ်သေးပါ။ သံလွင်မြစ်ရေကို ထိုင်းနိုင်ငံကို ရောင်းစားအုံးမယ်ဆိုပဲ။ ထိုင်းနိုင်ငံထဲကို ၈၈ ကီလိုမီတာရှိတဲ့ တူးမြောင်းတစ်ခုကို ဖောက်မှာ ဖြစ်တယ်။ မြိုင်ကြီးငူကတဆင့် ထိုင်းကို တစ်စက္ကန့် ကုဗမီတာ (၃၀၀၀)နှုန်းနဲ့ ရေပို့လွှတ်မှာ ဖြစ်တယ်။ ထိုင်းတွေအတွက် လျှပ်စစ်မီးတို့ ဘာတို့ ရမယ်။ အခု အပစ်ရပ်ကြမဲ့ KNU, DKBA နဲ့ နေဇင်လတ်တို့အစိုးရက ငွေထုပ်ကြီးကို ပိုက်နိုင်ကြပါအုံးမယ်။ ဒီငွေတွေဟာ ဖားကန့်ကျောက်စိမ်းနယ်မြေမှာ ရရှိတဲ့ ဒေါ်လာ(၃၁)ဘီလီယံလိုပဲ ကြွက်တွင်းထဲကို ရောက်ရှိသွားမှာ သေချာပါတယ်။ ဒီငွေတွေဟာ လက်ရှိအစိုးရ၊ လက်ရှိစနစ်နဲ့ပဲ အာဏာရှင်တို့က ဖြုံထားလိုက်တာပါ။ ဒီလောက်ပမာဏရှိတဲ့ ငွေတိုက်ကြီးကို ဘယ်မှာထားထားသလဲ ဘယ်လွှတ်တော်ကမှ မမေးရဲသလို နေဇင်လတ်တို့ကလည်း နှုတ်ဆိတ်နေပါတယ်။ အာဏာရှင်တို့ သိုက်တူးလို့ ပြည်သူတို့ဒုက္ခရောက်မှာကိုလည်း နေဇင်လတ်တို့ထောက်ပြတာ မမြင်ဖူးပါ။
အစိုးရက သံလွင်မြစ်ကို တူးမြောင်းမဖောက်ခင် နေဇင်လတ်တို့အစိုးရကို ပြောချင်ပါသေးတယ်။ နေဇင်လတ်တို့က ဒေါက်တာဘွဲကို ရရှိထားသူပီပီ အမြင်ပိုကျယ်ပါတယ်။ Aral Sea ကို ကြားဖူးပါသလား။ ကမ္ဘာမှာ စတုတ္ထအကြီးဆုံး ရေချိုသောက်ပင်လယ်ကြီးပါ။ ကာဇက်စတန်နိုင်ငံနဲ့ ဥဇဘက်နိုင်ငံ၊ တာဂျစ်ကစ္စတန်၊ တက်မန္နစ္စတန်၊ ကာဂျစ်စတန်နိုင်ငံတွေကနေ စီးလာတဲ့ မြစ်ချောင်းတို့ရဲ့ ပေါင်းစည်းရာ ပင်လယ်တစ်ခုပဲ။ အရင်ကဆို စတုရန်းမိုင်းပေါင်း ၂၆၃၀၀ ကျယ်ဝန်းတဲ့ ကုန်းတွင်းပိတ်ပင်လယ်တစ်ခုပါ။ အခုဆိုရင် စတုရန်းမိုင် (၁၃၅၀)ပဲ ကျန်ပြီး ရေအနက်က ပေ(၃၀)တောင် မရှိတော့ပါ။ ဘာကြောင့်လဲလို့ မေးရင် စာဖတ်အားကောင်းတဲ့ နေဇင်လတ်တို့က သိပါတယ်။ ဒီနိုင်ငံတွေက ဆိုဗီယက်ပြည်ထောင်စုမှာ နေတုန်းက အာဏာရှင်စတာလင်က စစ်တပ်အတွက် ဝါဂွမ်းလိုနေလို့ မြစ်တွေ၊ ချောင်းတွေ၊ ရေကန်တွေကနေ တူးမြောင်းဖောက်ပြီး ဝါးဂွမ်းစိုက်ခင်းတွေ လုပ်ခဲ့လို့ပဲမဟုတ်လား။ အခု စတာလင် ရွှေညာဏ်တော်စူးရှလို့ ပင်လယ်က ခမ်းခြောက်ပြီး ဂေဟစနစ် ပျက်သုဉ်းကာ ရေလုပ်ငန်းကို မှီခိုရတဲ့ မြို့ရွာပေါင်းမနည်း ပျက်ခဲ့ရပါတယ်။
အခု အစိုးရက သံလွင်မြစ်ကို တူးမြောင်းဖောက်ပြီး ထိုင်းနိုင်ငံကို ရောင်းစားမယ်ဆိုရင် ဘားအံမြို့နဲ့ မော်လမြိုင်တို့က ဘာဖြစ်သွားမလဲ နေဇင်လတ်တို့ စဉ်းစားဖူးပါသလား။ ဘားအံထက် မော်လမြိုင်က ပိုဒုက္ခရောက်မှာပါ။ အခု မော်လမြိုင်နဲ့ ဘီလူးကျွန်းကြားမှာ လမ်းလျှောက်လို့ ရလုနီးပါး သဲမြေတွေ ပေါ်နေပါတယ်။ ဒါကို မြစ်ချောင်းထိန်းသိမ်းရေးအဖွဲ့တွေက ဂရုစိုက်ပါရဲ့လား။ အဲဒါကို ဂရုမစိုက်ရုံမျှမက အခု သံလွင်မြစ်က ရေကို ရောင်းစားကြအုံးမယ်။ သံလွင်မြစ်ရဲ့ ရေစီးကြောင်း အပြောင်းအလဲဖြစ်ရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က ဘာဖြစ်သွားမလဲ တွေးခေါ်ရှင်ကြီးတွေ တွေးဖူးသလား။ စိတ်ကော ပူတတ်သလား။ အနည်းဆုံး ရေငန်တွေက ဘားအံအထိ ရောက်နိုင်တယ်၊ နုံးမြေတွေကလည်း ဘားအံအထိ တက်နိုင်တယ်၊ မော်လမြိုင်ဆိုတာ သွားပြီ။ ပြောလိုက်ရင်လည်း ခင်ဗျားတို့မှာ ရှိတဲ့ အလိုတော်ရိပညာရှင်တွေနဲ့ ဘာမှ မဖြစ်ဘူးလို့ ပြောကြပါအုံးမယ်။ အခုတော့ ဘာမှ မဖြစ်ဘူး။ ခင်ဗျားတို့ အသက်ရှင်နေတဲ့အချိန်မှာ ဘာမှ မဖြစ်သေးဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မရှိတဲ့အချိန်၊ ကျုပ်တို့မရှိတဲ့အချိန်မှာ ဘာဖြစ်လာမလဲ ခန့်မှန်းထားရမယ်။ စတာလင်ခေတ်က တူးမြောင်းက ၁၉၈၂ ခုနှစ်ကမှ စပြီး အစွမ်းပြလာသလို တကယ်လို့ သံလွင်မြစ်ကို တူးမြောင်းဖောက်ခဲ့ရင်လည်း နောင်အနှစ်(၂၀)လောက်ဆို သတ္တိပြပါလိမ့်မယ်။ အဲဒီအချိန်ကျမှ ကယ်ရင် ဆေးမမီတော့ပါ။
ဒါကြောင့် နေဇင်လတ် သတိပေးသလို ပြည်သူတို့က အမေရိကန်ကိုလည်း သတိထားပါ့မယ်။ သွေးစုပ်နေတဲ့ တရုတ်ကို ပိုပြီးတော့ သတိထားနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ရှိနေတဲ့ ခင်ဗျားတို့ပြည်ခိုင်ဖြိုးကို သတိအထားဆုံးပဲ။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ခင်ဗျားတို့ကို ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်တယ်။ ခင်ဗျားတို့ ဆက်ရှိနေလို့ မဖြစ်ဘူး။ ပြည်ခိုင်ဖြိုးမှာ အာဏာမြဲနေလို့ မဖြစ်ဘူး။ စစ်တပ်မှာ နိုင်ငံတော်အာဏာ ရှိနေလို့ မဖြစ်ဘူး။ ဒါပဲ။