Friday, October 16, 2015

ဒိုင်အာခီလား ဟုမ္မရူးလား // ဂျီစီဘီအေလား အန်စီစီတီလား??

 U Ravika's photo.
ဒီနေ့ အပစ်ရပ်ကို တိုက်ရိုက်ထုတ်လွှင့်မယ်လို့ မြန်မာ့အလင်းက ရေးတယ်။ မိမိစိတ်မဝင်စားပါ။ မိမိစိတ်ဝင်စားတာက ဆွစ်ဇာလန်သံအမတ်ကြီး Mr. Paul R. Seger Pose ကို မအလ ပြောတဲ့စကား ဖြစ်တယ်။ "တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်၊ တဖွဲ့ချင်း သွားမယ်၊ အပစ်ရပ်တဲ့ ဒေသတွေမှာ ငြိမ်းချမ်းပြီ၊ ငြိမ်းချမ်းပြီဒေသတွေမှာ ဖွံ့ဖြိုးရေး လုပ်ရင်း ယုံကြည်မှုကို တည်ဆောက်မယ်"ဆိုတဲ့သဘောပါ။ ပြောပေါက်ဆိုပေါက်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နံ့ မူးလို့ ရှူစရာတောင် မပါရှိပါ။
မိမိက ဟို ၁၉၂၀ ခုနှစ်တုန်းက မြန်မာနိုင်ငံအဖြစ်ကို သွားသတိရမိတယ်။ အဲ့တုန်းက ဗမာတွေနဲ့ အခြားတိုင်းရင်းသားတွေက အနှိမ်ခံပါ။ အဲ့တုန်းက ဗမာတွေက လယ်ပိုင်ခွင့် တောင်းတယ်။ အခုလည်း စစ်တပ်က လယ်သိမ်းထားလို့ တောင်းရင်း သေသွားရသူ ရှိတယ်။ အဲ့တုန်းက ဆင်းရဲသားတွေကို ငွေကြေးရှင်တို့က မနှိပ်စက်ကြဖို့ တောင်းဆိုတယ်။ အခု ခရိုနီတွေက ဆင်းရဲသားတွေကို မနှိပ်စက်ဖို့ တောင်းဆိုရတယ်။ အဲ့တုန်းက ရွှေတိဂုံအနောက်ဘက်က စစ်တပ်ကို ရွှေ့ပေးဖို့ တောင်းဆိုတယ်။ အခု လွှတ်တော်ကနေ စစ်တပ်ထွက်ပေးဖို့ တောင်းဆိုရတယ်။ အဲ့တုန်းက ဆားချက်ခွင့်ပေးဖို့ တောင်းဆိုရတယ်။ အခု ရှိသမျှအခွင့်အရေးကို ဦးပိုင်က သိမ်းမထားဖို့ တောင်းဆိုရတယ်။ အဲ့တုန်းက နိုင်ငံခြားသားတွေကို ဂရန်မပေးဖို့ တောင်းဆိုရတယ်။ အခု နိုင်ငံခြားကုမ္ပဏီတွေအတွက် မြေတွေမသိမ်းဖို့ တောင်းဆိုရတယ်။ အဲ့တုန်းက စပါးကို ဈေးနှိမ်မထားဖို့ တောင်းဆိုရတယ်။ အခုလည်း အဲ့လို တောင်းဆိုရတယ်။
အင်္ဂလိပ်က ဘယ်လိုတုံ့ပြန်သလဲ သိကြလား။ မြန်မာနိုင်ငံမှာ စက်မှုလက်မှုလုပ်ငန်း ထူထောင်ဖို့ဆိုပြီး ဝန်ထမ်းအင်အား (၁၀၇၈၄၃)ဦးကို ခေါ်ယူခဲ့တယ်။ အဲ့ထဲမှာ မြန်မာတိုင်းရင်းဖွားက (၂၅၀၃၆)ဦးပဲ ပါတယ်။ ဒီ (၂၅၀၃၆)မှာ ကျွမ်းကျင်လုပ်သားက (၈၀၄၈)ပဲ ငှားခဲ့တယ်။ ကျန်မြန်မာတိုင်းရင်းဖွားများက အောက်ခြေအလုပ်ပဲ လုပ်ကြရပါတယ်။ အခုလည်း မအလက အပစ်ရပ်ဒေသကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတော့ အဲ့ဒီဒေသအတွက် အသည်းယားစရာကြီးပါ။ ဥပမာ ပြောကြည့်မယ်။ ကရင်ပြည်နယ်မှာ ရှိသမျှလက်နက်ကိုင်အဖွဲ့အစည်းတွေက မအလနဲ့ အပစ်ရပ်စာချုပ်ကို နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း၊ လေးထပ်ကွမ်းအထိ ထိုးဖူးသူချည်းပဲ ဖြစ်လို့ ဒေသဖွံ့ဖြိုးရေးကို ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ မအလက ဒေသဖွံ့ဖြိုးကို လုပ်ပေးမယ်ပြောတဲ့နေရာက ဖာပွန်တပ်စခန်းမှာပါ။ နောက်ပြီး ဘားအံမှာ စက်ရုံပဲဖြစ်ဖြစ်၊ အခြားလုပ်ငန်းတစ်ခုခုပဲဖြစ်ဖြစ် ကျွမ်းကျင်ကရင်လုပ်သား ဘယ်လောက်ရှိနိုင်မလဲ။ ရှိရင်တောင် ဘယ်လောက်ငှားနိုင်မလဲ။ မိမိတို့မြင်ယောင်မိတာက (ဗမာတွေကို မမုန်းပေမဲ့ ဖြစ်နိုင်ခြေကတော့) အလုပ်လက်မဲ့ဗမာလူမျိုးများက ကရင်ပြည်နယ်ထဲကို စီးဝင်လာမှာ အသေအချာပါပဲ။ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ ကရင်လူမျိုးများဟာ အောက်ခြေအလုပ်ကိုပဲ ဝင်ကျုံးရမှာ ဖြစ်တယ်။ အင်္ဂလိပ်လက်ထက်က မြန်မာနိုင်ငံဟာ လူမျိုးကို ရောထွေးအောင် စီမံထားခြင်းဖြင့် လူများစုဗမာတွေကို အင်္ဂလိပ်တို့က ကိုင်ခဲ့သလို ကရင်ပြည်နယ်မှာ လူမျိုးတွေ များများရောနိုင်သမျှ ရောစေပြီး ကစားခဲ့ရင် သေနတ်သံတစ်ချက်မှ မဖောက်ရဘဲ ကရင်ပြည်ကို ရသွားနိုင်ပါလိမ့်မယ်။
ဒီတော့ ၁၉၂၁ ခုနှစ်၊ ဇူလိုင်လမှာ မြန်မာတို့က ဟုမ္မရူး (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) တောင်းကြတယ်။ ဦးဆောင်သူက ဒီပဲယင်းဝန်ထောက် ဦးမြဲနဲ့ ဦးချစ်လှိုင်တို့ ဖြစ်တယ်။ ဦးမြဲက ဗမာ၊ ဦးချစ်လှိုင်က မွန်။ အထက်နဲ့အောက်ညီညွတ်အောင်လို့ သူတို့က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြတယ်။ သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့၊ ဝေလမင်းသားက ငါတို့ကို ကျွန်ပြုဖို့လာတာဖြစ်လို့ မကြိုဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးကို စုံစမ်းမဲ့ ဝှိုက်ကော်မတီကို လက်မခံဖို့ လူခွန်နဲ့သဿမေဓခွန်ကို မပေးဖို့၊ အမျိုးသားနေ့ကျင်းပဖို့ ဆုံးဖြတ်ကြတယ်။ အင်္ဂလိပ်တို့က ဘာလုပ်တယ်မှတ်လဲ။
အင်္ဂလိပ်အလိုတော်ရိများ ဖြစ်တဲ့ တူ-သာ-သင်း (ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း)တို့ကို အတိုင်ပင်ခံခန့်တယ်၊ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဦးဆောင်မှု မပေးနိုင်တဲ့ အမတ်စုစုပေါင်း(၁၀၃)ဦးနဲ့ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို တည်ထောင်ပေးလိုက်ခြင်းပဲဖြစ်တယ်။ ဒိုင်အာခီပေးခြင်းမှာ ဂျီစီဘီအေတောင်းဆိုသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မပေး၊ ပူးတွဲအုပ်ချုပ်ရေးကိုပဲ ပေးမယ်ဆိုတဲ့ သဘောပါ။ အုပ်ချုပ်ရေးနည်းပရိယာယ်ကောင်းလှတဲ့ ဗြိတိသျှတို့ကြောင့် အမျိုးကို ချစ်လှပါတယ်ဆိုတဲ့ ဂျီစီဘီအေအဖွဲ့ကြီးဟာ တဖြန်းဖြန်း ကွဲရပါတော့တယ်။ ရသလောက် ယူထားချင်သူနဲ့ အကုန်ရမှ ယူသူ၊ ရွေးကောက်ပွဲဝင်သူနဲ့ မဝင်သူဆိုပြီး ကွဲကြရာ အင်္ဂလိပ်အလိုတော်ရိတို့ပဲ အစိုးရဖွဲ့သွားလေသတဲ့။ လှိုင်-ပု-ကျော် (ဦးချစ်လှိုင်၊ သာယာဝတီဦးပု၊ ဦးထွန်းအောင်ကျော်)က တစ်ဖက်၊ ဖေ-ပု-ကြီး( ဦးဘဖေ၊ ဝတ်လုံဦးပု၊ ဦးမောင်ကြီး)တို့က တစ်ဖက်ပါ။ ပထမအုပ်စုက ဒိုင်အာခီကို လက်မခံဘူး၊ ဒုတိယအုပ်စုက လက်ခံတယ်ပေါ့။ လက်ခံတဲ့အဖွဲ့က ရွေးကောက်ပွဲကို ဝင်တော့ အစိုးရမဖွဲ့နိုင်ခဲ့ဘူး။ လက်မခံတဲ့အဖွဲ့က (၁)အစိုးရကို မဆက်ဆံ၊ (၂) ဒိုင်အာခီကို လက်မခံ၊ (၃) အခွန်ကို မပေး ဆိုပြီး တင်းခံကြတယ်။ ဦးချစ်လှိုင်ကို သမ္မတမြှောက်လို့ပေါ့လေ။
အင်္ဂလိပ်က နပ်တယ်။ ဦးချစ်လှိုင်ကို ပြိုင်နိုင်တဲ့ ရေနံချောင်း ဦးစိုးသိမ်းကို မြှောက်ပေးတယ်။ အခု KNU ခေါင်းဆောင်နော်စီဖိုးရာစိန်နဲ့ မူတူးစေးဖိုးတို့လိုအဖြစ်မျိုးပါ။ ဒီတော့ အညာသားတွေက ရွှေဘိုမှာ အစည်းအဝေးခေါ်ပြီး ဦးချစ်လှိုင်ကို ဖြုတ်ပြီး ဦးစိုးသိမ်းကို သမ္မတအဖြစ် တင်မြှောက်ကြတယ်။ အခု ကချင်နဲ့ ကရင်ကို ခွဲသလိုမျိုးလည်း ပြောလို့ ရတယ်။ ဒီတော့ လှိုင်-ပု-ကျော်အုပ်စုနဲ့ ဦးစိုးသိမ်းအုပ်စု ကွဲရပြန်တော့တယ်။ ဒါပေမဲ့ ဦးချစ်လှိုင်တို့က အရှိန်အဟုန်မပျက် ဆက်တိုက်ပါတယ်။ အမျိုးအင်မတန်ချစ်လှတဲ့ ဦးစိုးသိမ်းတို့ကို အစွန်းပိုရောက်သွားအောင် ချောက်တွန်းပစ်တယ်။ မကျေနပ်တဲ့ သံဃာတော်များက ထပြန်သွားလို့ ဂျာမနီပြန်ဦးစုကို ခေါင်းဆောင်တင်ပြီး တစ်စင်ထောင်ကြပြန်တယ်။ ဦးစိုးသိမ်းလည်း ကွဲလေသတည်းပဲ။ ဘယ်ရမလဲ။ သမ္မတဦးချစ်လှိုင်ကိုလည်း ချမ်းသာပေးလို့မဖြစ်။ သူက စိတ်နုတယ်။ သဘောထားပျော့ပျောင်းတယ်။ သဘောထားပျော့ပျောင်းသူကိုလည်း အဖွဲ့တွင်းက သဘောထားတင်းမာသူနဲ့ ပြဿနာတက်အောင် ဖန်တီးလိုက်ရုံပဲ။ အိန္ဒိယနဲ့ တွဲရေးခွဲရေး ပြဿနာ ပေါ်လာပြန်တယ်။ ဒီအချိန်မှာ ၁၉၂၉ ခုနှစ်ကို ရောက်နေပါပြီ။ ဦးချစ်လှိုင်တို့က တွဲရေးကို လက်ခံလိုက်လို့ ဒီမှာတင် ဘဝပျက်ရပါတော့တယ်။ အခုလည်း မအလတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရန်သူလို့ သတ်မှတ်ထားလေတော့ အပစ်ရပ်ရင်လည်း ကွဲအောင် လုပ်အုံးမှာပဲ။ အပစ်ရပ်ကို လက်မှတ်မထိုးလည်း ကွဲအောင် ဖန်တီးအုံးမှာပဲ။ မဟာမိတ်စိတ်ဓာတ် မပြည့်ဝလို့လည်း မအလက ခွဲဖို့အချိန်ကိုတောင် မစောင့်ဘဲ အက်ကြောင်းပြနေတဲ့ အဖွဲ့တွေကလည်း တပုံကြီးပါ။
ဒီတော့ ၁၉၂၃ ခုနှစ်က စပြီး ၁၉၃၇ ခုနှစ်အထိ ဒိုင်အာခီအုပ်ချုပ်ရေး တည်တံ့ခဲ့တယ်။ ဗြိတိသျှတို့ရဲ့ ဒိုင်အာခီစနစ်နဲ့ လက်ရှိ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ လုံးလုံးတူပုံကို ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ ဒိုင်အာခီစနစ်မှာ ဗြိတိသျှတို့က လယ်လုပ်ငန်းကို ဖြေလျှော့ပေးမှုအနည်းငယ် ပေးပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးကို လုံးဝလက်မလွှတ်ခဲ့ပါဘူး။ အခု စစ်တပ်က တိုင်းရင်းသားတွေကို စီးပွားရေးလုပ်ပိုင်ခွင့်အနည်းငယ် ပေးပြီး နိုင်ငံရေးအာဏာကို ထိန်းချုပ်ဖို့ ကြိုးစားသလိုပါပဲ။ ဒီတော့ နည်းနည်း အကျယ်ချဲ့ကြည့်မယ်။ အပေါ်က အမတ်(၁၀၃)ယောက်မှာ သီးသန့်က (၂)ယောက်၊ ဘုရင်ခံက (၂၂)ယောက်ကို ခန့်၊ ရွေးကောက်ပွဲကနေ (၇၉)ယောက် တက်လာတယ်ဆိုတော့ အခု နာဂစ်ဖွဲ့စည်းပုံနဲ့ ညီအကိုလားလို့ အောက်မေ့ရပါတယ်။ ဟိုသီးသန့်(၂)ယောက်နဲ့ ဘုရင်ခံခန့်တဲ့ (၂၂)တို့ကို ပေါင်းလိုက်ရင် အခု တစ်မတ်သား(၂၅)ရာခိုင်နှုန်းနဲ့ ဂဏန်းတစ်ခုပဲ ကွာပါတယ်။ အစိုးရရာထူးခန့်အပ်မှုမှာလည်း ခေတ်အခြေအနေကြောင့်သာ နည်းနည်းလေး ကွဲတာပါ။ အနှစ်သာရအရ ဒိုင်အာခီအတိုင်းပါပဲ။ အရေးကြီးတဲ့ ပြည်ထဲရေးတို့၊ ဘဏ္ဍာရေးတို့ကို ဘုရင်ခံက ချုပ်ကိုင်ပါတယ်။ အရေးမကြီးတဲ့ဌာနတွေကိုပဲ ပြည်သူ့လက်ထဲမှာ ထားပါတယ်။ အခုလည်း မအလတို့က ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာတို့ကို ကိုင်ထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ပြုပြုသမျှဥပဒေများဟာ ဘုရင်ခံက ကြိုက်မှ အတည်ဖြစ်တယ်။ မကြိုက်ရင် ဘယ်လောက်ပဲကောင်းကောင်း အတည်မဖြစ်ပါ။ အခုလည်း အဲ့လိုပဲ။ မအလ သဘောတူမှပဲ ဥပဒေကို ရေးဆွဲနိုင်၊ ပြင်နိုင်၊ အတည်ပြုနိုင်တာပါ။
ဒီတော့ ဒိုင်အာခီလက်ထက်တုန်းက အချို့ဒေသကို ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်တယ်။ အခု ပြည်နယ်နဲ့တိုင်းဆိုပြီး ခွဲထားတယ်။ မအလတို့က လည်ပုံက အဲဒီပြည်နယ်တွေမှာတောင် စစ်တပ်ကိုယ်စားလှယ်တွေကို ထည့်ထားခြင်းပါ။ ဘုရင်ခံက အခြားအရေးတွေကို ကြိုက်သလို ဝင်ရောက်စွက်ဖက်လို့ ရပေမဲ့ မြန်မာတိုင်းရင်းသားတို့က ဘုရင်ခံကို ထိလို့ မရပါဘူး။ ဆရာတော်ဦးဥတ္တမဆို ထောင်ခဏခဏကျပါတယ်။ အခုလည်း မအလကို သရော်မိလို့ နှစ်ယောက်က အဖမ်းခံရပြီဖြစ်တယ်။ အုပ်ချုပ်ရေးမှာ ဘုရင်ခံချုပ်က ဝင်စွက်လို့ ရပေမဲ့ ဘုရင်ခံချုပ်ကိစ္စဆိုရင် ဘယ်သူကမှ ဝင်ပါလို့မရပါ။ အခုလည်း မအလတို့က ရှိရှိသမျှ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်အထိ စစ်တပ်က ဝင်ပါလို့ရအောင် ဖန်တီးထားပေမဲ့ စစ်တပ်နဲ့ ပတ်သက်ရင် ဘယ်သူကမှ စွက်ဖက်လို့ မရပါ။ ဗြိတိသျှရဲ့ ဒိုင်အာခီအထက်မှာ ဗြိတိသျှ နေမဝင်အင်ပါယာရှိခဲ့သလို အခု နာဂစ်အုပ်ချုပ်ရေးမှာလည်း ကာလုံအဖွဲ့ကြီးရှိပါတယ်။ ဒီတော့ ဘယ်ဘက်ကိုပဲကြည့်ကြည့် လှုပ်လို့ မရပါ။
ဒီအနေအထားမှာ အရင်က ဖေပုကျော်တို့က ဒိုင်အာခီရွေးကောက်ပွဲကို ဝင်ခဲ့မိသလို မဖြစ်ဖို့ အခု NLD က မနည်းကြိုးစားနေရပါတယ်။ ဒိုင်အာခီကြောင့် ဂျီစီဘီအေ ကွဲသလို အခု အပစ်ရပ်ပွဲကြောင့် NCCT မှာလည်း အကွဲအပြဲ ဖြစ်နေပါတယ်။ ဒီတော့ ဒီနေ့ အခမ်းအနားကို လှပအောင် ဘယ်လောက်ပဲ ပြင်ပြင်ပါ။ ဒိုင်အာခီထက် ပိုတဲ့ အုပ်ချုပ်ရေးကို မအလတို့ မပေးနိုင်ပါ။ ဖြစ်သင့်တာက ဒိုင်အာခီစနစ်ကို လက်မခံတဲ့ အဖွဲ့တွေ၊ လက်ခံတဲ့အဖွဲ့တွေ အကွဲအပြဲ ဖြစ်ရာကနေ ကျောင်းသားလူငယ်တွေဟာ တို့ဗမာအစည်းအရုံးကြီးကို ဖွဲ့စည်းလို့ နယ်ချဲ့ဗြိတိသျှအစိုးရကို တိုက်ထုတ်ပြီး လွတ်လပ်ရေးရယူခဲ့သလို အခုလည်း နာဂစ်ဖွဲ့စည်းပုံတပြပြနဲ့ အာဏာကို ဆုပ်ကိုင်ထားတဲ့ မအလတို့ကို တိုက်ထုတ်ဖို့ လူငယ်လူရွယ်တွေမှာ အဓိကတာဝန်ရှိပါတယ်။ NCCT မှာ ဒီသမိုင်းသင်ခန်းစာကို ရယူပြီး ကွဲပြီးသားကို အသာထားအုံး၊ နောက်ထပ်မကွဲကြဖို့ ထိန်းသိမ်းနိုင်ကြမှ တော်ကာကျမယ်။ နှစ်ခြမ်းတော့ ကွဲပြီလို့ ပြောလို့ရတယ်။ ဂျီစီဘီအေလို (၄)ခြမ်းအထိ မကွဲကြဖို့ လိုပါတယ်။ အားလုံးသတိဝီရိယ ရှိကြပါစေ။
ဒိုင်အာခီလား ဟုမ္မရူးလား ဂျီစီဘီအေလား အန်စီစီတီလား