Thursday, October 15, 2015

သိန်းစိန်အစိုးရဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ အစိုးရမဟုတ်ပါ

U Ravika



ဒီနေ့ဆို သိန်းစိန်အစိုးရက အဖွဲ့ (၈)ဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ထိုးကြတော့မယ်။ သိန်းစိန်အစိုးရဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ အစိုးရမဟုတ်ကြောင်းကို အခုကတည်းက မိမိ ပြောလိုက်မယ်။ အကြောင်းပြချက်ကတော့ အင်မတန်မှ ရှင်းပါတယ်။ သိန်းစိန်တို့မှာ ငြိမ်းချမ်းခြင်းတရား မရှိလို့ပါပဲ။
(၁) နေပြည်တော်ကို ပုံစံထုတ်ကတည်းက (၃၁)ဘုံနဲ့ ကျွန်းကြီးလေးကျွန်းပုံစံကို ယူထားပြီး ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိတဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ရှေ့တန်းမတင်ဘဲ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းမင်တရားဆိုတဲ့ မင်း(၃)ပါးကိုပဲ ကိုးကွယ်ထားခြင်း၊
(၂) မြန်မာ့တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ချုပ်ကိုင်ထားကာ နာဂစ်ဖွဲ့စည်းပုံအရ လုံးဝထိပါးလို့ မရတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေပြီး တပ်မတော်ရဲ့ ရည်မှန်းချက်မှာ စတုတ္ထမြန်မာနိုင်ငံတစ်ခုကို ထူထောင်ဖို့ ဖြစ်ခြင်း၊
(၃) မဘသ၊ စွမ်းအားရှင်၊ လက်ပတ်နီ၊ ခရိုနီ၊ ဦးပိုင်၊ တပ်မတော်စစ်မှုထမ်းဟောင်းများကို ချုပ်ကိုင်ထားသလို NUP, NDP, NDF, နဲ့ USDP အပါအဝင် စစ်တပ်မိသားစု၊ ဝန်ထမ်းလောကကို အကျင့်ပျက်အောင် ဖန်တီးထားပြီး တစ်မိန့်၊ တစ်သံ၊ တစ်အာဏာအောက်မှာ သွတ်သွင်းထားခြင်း၊
(၄) တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးကာ မိမိလိုလားတဲ့ အဖွဲ့များနဲ့ မိမိမလိုလားတဲ့ အဖွဲ့များကို ခွဲခြားဆက်ဆံခြင်း
ဆိုတဲ့ အကြောင်း (၄)ချက် ရှိပါတယ်။ လက်ရှိအုပ်ချုပ်ရေးပုံစံဟာ စစ်အုပ်ချုပ်ရေးကို အသွင်ပြောင်းထားရုံပဲ ဖြစ်ပြီး စစ်တပ်ကို ထိပါးလိုက်တာနဲ့ အမှတ်(၃)မှာ ပါတဲ့ အင်အားစုတွေက ပြဿနာဖန်တီးမှာ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာ မဟုတ်သလို ပြည်ထောင်စုနိုင်ငံတစ်ခုဆီကို ဦးတည်နေတာလည်း မရှိပါ။
အမှန်မှာ သိန်းစိန်အစိုးရနဲ့ မအလတပ်တို့ဟာ တိုင်းရင်းသားအားလုံးကို စုစည်းနိုင်မဲ့ UNFC ကို မလိုလားမနှစ်သက်ခဲ့ပါဘူး။ တိုင်းရင်းသားအားလုံး တစုတစည်းနဲ့ ရပ်တည်ခဲ့ရင် နိုင်ငံရေးအပေးအယူ လုပ်တဲ့အခါ ပြည်မက အကြပ်အတည်း ရှိနေမှာ စိုးလို့ အဖွဲ့တွေ ကွဲလေ ပြည်မအတွက် ကောင်းလေလို့ သဘောထားခဲ့ပါတယ်။ သိန်းစိန်နား၊ မအလနား၊ အောင်မင်းတို့နားကို ကပ်တဲ့အခါ ဖက်ဒရယ်အနံ့ နည်းနည်းလေးမှ ရမှာ မဟုတ်ဘူး။ အဲ့အစား သွေးညှီနံ့တွေပဲ ရနိုင်မှာပါ။
တကယ်လို့ သိန်းစိန်အစိုးရနဲ့ မအလတပ်တို့ဟာ ငြိမ်းချမ်းရေးကို စိတ်ရင်းနဲ့ လိုလားတယ်ဆိုရင် ဦးရဲထွတ်က (၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဆက်ကြေးမကောက်ရင် မတိုက်ပါဘူးဆိုတဲ့ စကားကို မပြောသလို (၂) မအလကလည်း တိုင်းရင်းသားများရဲ့ ဘွဲ့တံဆိပ်များကို စာနယ်ဇင်းမှာ မရေးရဘူးလို့ ပြောမှာ မဟုတ်သလို (၃) အပစ်ရပ်ကို အဖွဲ့တွေ မစုံသေးလို့ မထိုးသေးတဲ့ အဖွဲ့တွေကိုလည်း သွားတိုက်မှာ မဟုတ်ပါ။ တပ်မတော်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ဘယ်လောက်မုန်းတီးနေသလဲဆိုခဲ့ရင် တပ်မတော်ဝတ်စုံသစ်ကို သရော်မိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ မအလပုံကို ကချင်လုံချည်ဝတ်သူတစ်ယောက်က နင်းတဲ့ပုံ တင်လို့ ကချင်တစ်ယောက်ကို ဖမ်းဆီးတဲ့အထိပါပဲ။
ဒါဟာ သည်းခံမှု လုံးဝမရှိတဲ့ အသွင်လက္ခဏာပါ။ လူမျိုးရေးမှာလည်း သည်းခံမှု မရှိခဲ့ပါ။ ဘာသာရေးမှာလည်း သည်းခံမှု မရှိခဲ့ပါ။ လူမှုရေးမှာလည်း သည်းခံမှု မရှိခဲ့ပါ။ ယဉ်ကျေးမှုနဲ့ ဘာသာစကားမှာလည်း သည်းခံမှု မရှိခဲ့ပါ။ ဘာသည်းခံမှုမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ဘယ်သူက မျှော်လင့်နေမလဲ။ ပညာတတ်သူကို ကုလားနဲ့ ပေးစားချင်ပေးစားလိုက်၊ တိုင်းပြည်ချစ်သူကို သစ္စာဖောက်လို့ ကင်ပွန်းတပ်ချင်တပ်လိုက်၊ ပြည်ထောင်စုမူကို ခွဲထွက်ရေးမူလို့ ဝေဖန်လိုက်နဲ့ ဘာကောင်းလာစရာရှိလဲ။ ဒီမိုကရေစီစစ်မှန်ခဲ့ရင် ပြည်သူတို့မှာ အာဏာရှိရမယ်၊ ပြည်ထောင်စုစစ်မှန်ခဲ့ရင် တိုင်းရင်းသားတို့မှာ အာဏာရှိရမယ်။ ပြည်သူတို့မှာလည်း အာဏာမရှိဘူး၊ တိုင်းရင်းသားတို့မှာလည်း အာဏာမရှိဘူးဆိုခဲ့ရင် ဒီမိုကရေစီပြောလည်း လိမ်တာပဲ၊ ပြည်ထောင်စုပြောလည်း ညာတာပဲ။
သည်းခံမှု လုံးဝမရှိတဲ့ ဒီလိုအစိုးရမျိုးဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုတာ ယုံနိုင်စရာ မရှိပါ။ အပစ်ရပ်လက်မှတ်ထိုးပြီးရင် ငြိမ်းချမ်းပြီးလို့ မအလကလည်း ပြောခဲ့တာအခါခါပါ။ လက်နက်ချလိုက်ရင် အာဏာရှင်တွေအတွက် ပိုလို့တောင် ငြိမ်းချမ်းသွားမှာပေါ့။