Tuesday, June 17, 2014

Myanmar Peace Centerမှ နိုင်ငံရေး ပါရဂူများသို့ အိတ်ဖွင့်ပေးစာ


ချစ်ခင်လေးစားရပါသော

ဆရာတစ်ဆူ ပါရဂူများခင်ဗျာ

ဆရာတို့ရဲ့ အသွင်ကူးပြောင်းရေးကာလ မှန်း ဆချက်များ နိုင်ငံရေး ဟောပြောပွဲကို မြန်မာနေရှင်နယ် ရုပ်သံလိုင်းကနေ ၈.၆.၂ဝ၁၄ ညမှာ ကြည့်လိုက်ရ တယ်ဆရာ၊ ဆရာတို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်မှုတွေကို သိလိုက်ရတော့ အထင်ကြီး လေးစားဂုဏ်ယူမိပါတယ်။ သမ္မတကြီးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ နိုင်ငံရေးအရ အတင်း အကျပ်မလုပ်ဖို့ ဖိအားမပေးဖို့ပြောပြီး တစ်ရက်နှစ် ရက်ပဲရှိသေးတဲ့အချိန်မှာ ဆရာတို့ရဲ့ ဟော ပြောပွဲနား ထောင်လိုက်ရတော့ ဒါဟာ Political Time Bombနိုင်ငံရေး ချိန်ကိုက်ဗုံးတစ်ခုလားလို့ သံသယဖြစ်မိပါ တယ်ဆရာ။ စကိုင်းနက်ရုပ်သံချန်နယ်ကလဲ မီးစတစ် ဖက်ရေမှုတ်တစ်ဖက် လုပ်နေရာကနေ အလဲဗင်းမီဒီ ယာက အခွန်မဆောင်ဘူးလို့ စွပ်စွဲလိုက်တော့ မီးစ ဖက်ကိုလုံးလုံးပြောင်းသွားပြီ ဆရာရေ့။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေပြင် ဆင်ရေး တရားပွဲတွေကို လုံးစေ့ပတ်စေ့လွှင့်မပြခဲ့ဘူး ဆရာ၊ Liveပြဖို့ဝေးလို့ Delay တောင်အတိုချုပ် ပဲပြတယ်ဆရာ၊ ဆရာတို့ဟောပြောပွဲကိုတော့ လေး နာရီကျော်ပြသွားတယ်ဆရာရဲ့၊ ဆရာတို့ကိုချီးကျူး မိတယ်ဆရာ၊ တော်လှန်ရေးကာလမှာတောင် အမေ ရိကန်တက္ကသိုလ်က Ph.Dဘွဲ့တွေ ဆွတ်ခူးနိုင်ခဲ့တယ် ဆိုတာနည်းတဲ့ ဇွဲနဘဲမဟုတ်ဘူး၊ ဒီမှာလဲဗေဒင်ဆရာမ တွေ ဒေါက်တာဘွဲ့တွေရကုန်ကြပြီဆရာ၊ သူတို့လဲဗေ ဒင်နဲ့ ပါရဂူဘွဲ့ရပေမယ့် မြန်မာ့နိုင်ငံရေးရှေ့ဖြစ်ဟော တာတော့ ဆရာတို့လောက်မကျွမ်းကျင်ဘူးဆရာ ဆရာတို့ဆွေးနွေးပွဲ ဟောပြောပွဲကို လူကိုယ်တိုင် တက်ရောက်ချင်ပေမယ့် တက်ခွင့်မကြုံခဲ့ဘူး ဆရာ ရေ့။



ဒီမှာကသတင်းထုတ်ပြန်မှု အားနည်းတယ်ဆ ရာ၊ အဲဒီတော့ ဒီလိုပွဲမျိုးတွေမှာ တက်ခွင့်ရဖို့ဆိုတာ နီးစပ်တဲ့အသိုင်းအဝိုင်းရှိမှဖြစ်တာ၊ မတက်ဖြစ်ပေ မယ့် တီဗွီမှာကြည့်လိုက်ရတာနဲ့ ဆရာတို့ဟောပြောပွဲ ကို သုံးသပ်လို့ရပါတယ်ဆရာ၊ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းငါးဆယ်လိမ်ညာခံခဲ့ရတော့ ကျွန်တော်တို့ ပြည်သူတွေ အစိုးရကို သံသယမျက်စိနဲ့ဘဲ ကြည့်တတ် တော့တယ်ဆရာရေ့၊ ဒါပေမယ့် ပြည်သူတွေကလည်း မှားခဲတယ်ဆရာရဲ့၊ အစိုးရချည်းပဲမှားတာမို့၊ အချိန် တန်ရင် ပြည်သူတွေ သံသယရှိသလို အစိုးရက လုပ် ချလိုက်တာဘဲ၊ အစိုးရသွားမယ့် ခြေလှမ်းတွေ ပြည် သူက ကြိုကြိုသိနေကြတယ် ဆရာ။

ဆရာတို့အဖွဲ့က ပြည်သူတွေနဲ့ ဟိုးအဝေးကြီးမှာ နေခဲ့ကြပြီး ပြန်လာကြတဲ့အခါ တိုင်းပြည်ရဲ့ ရာထူး ကြီးတဲ့ အာဏာပိုင်တွေက ဝမ်းသာအယ်လဲ ကြိုဆို တာတွေ့လိုက်ရတော့ ဆရာတို့အထင်နဲ့အမြင်ပါစင် အောင်လွဲခဲ့ပြီဆိုပြီး ချက်ချင်းကြီး ကောက်ချက်ချ လိုက်ကြတယ်နော်။ အနော်ရထာလမ်းမပေါ်က ဒန် ပေါက်ဆိုင်ဧည့်ကြိုတွေနဲ့ မဂိုလမ်းအောက်ဘလောက် က ရွှေကြိုတွေကို ဆရာတို့ တစ်ခါမှမဆုံဆည်းဘူးလို့ ဘဲလို့ ကျွန်တော်ထင်မြင်မိတယ်ဆရာ၊ ဆင်လာရင် ကြံကျွေး၊ မျောက်လာရင် ငှက်ပျောသီးကျွေး၊ ကလေး လာရင်သကြားလုံးကျွေး၊ ပညာတတ်နိုင်ငံရေးသမား တွေကို ဘယ်လိုဆက်ဆံရမယ် ဆိုတာ၊ စစ်ဗိုလ်ချုပ် ကြီးတွေသိတယ်ဆရာ၊ ဆရာတို့ဟားဗတ်မှာ လာဘ် ပေးလာဘ်ယူလုပ်နည်း ဘယ်နှစ်နည်းရှိတယ်လို့ သင်ခဲ့ရသလဲဆရာ၊ ဆရာတို့သင်တဲ့အထဲမှာ မပါဝင် တဲ့လာဘ်ပေးလာဘ်ယူနည်းတွေ ဗိုလ်ချုပ်ကြီးတွေဆီ မှာ အများကြီးရှိသေးတယ် အိမ်မြေတိုက်တာကား ငွေကြေးနဲ့ လာဘ်ထိုးလို့မရတဲ့သူတွေကို နေရာပေး၊ အလေးပေးဆက်ဆံရင် ကိုယ့်ဘက်ပါအောင် စည်းရုံး လို့ရတယ်ဆိုတာကိုစစ်ဗိုလ်ချုပ်တွေသိထားပါတယ် ဆရာ။

ဆရာတို့ကို စစ်တပ်ဘက်ပါသွားပြီလို့ မစွပ်စွဲဝံ့ ပါဘူးဆရာတို့ပါသွားမှာကိုဘဲ ကျနော်တို့ပြည်သူ တွေက စိုးရွံ့နေတာပါ။ အမေရိကန်ဘွဲ့ရတွေသာပြည် သူ့ရဲ့ရှေ့ကမားမားမတ်မတ်ရပ်ခဲ့ရင် ဘယ်လောက် ကောင်းမလဲလို့ မချင့်မရဲဖြစ်နေမိတယ်ဆရာ။ တပ်မ တော်မှာလူမွေးတဲ့နည်းကလိုချင်တာအကုန်ပေးခိုင်းချင်တာခိုင်းတော့တာဘဲဆရာ။ ပြည်သူလူထုဟာ အကြိမ်ကြိမ်အလိမ်ခံခဲ့ရတယ်ဆရာ။ ဒီမိုကရေစီပေး နိုးပေးနိုးနဲ့အစိုးရအပေါ်မှာ မျှော်လင့်ချက်တွေထား ခဲ့ကြရတာလည်း နှစ်ပေါင်း(၅ဝ)တိုင်ခဲ့ပြီဆရာ။ ပြည် သူလူထုကစစ်တပ်အစိုးရကို ဘာလုပ်လုပ်အကောင်း မထင်ဘူးလို့ ဆရာတို့က ထင်နေကြမယ်။ စစ်တပ်အစိုးရကလဲပြည်သူ့အတွက်ကောင်းတာ ဘာတစ်ခုမှမလုပ်ပေးဘူးဆရာရေ့၊သူ့အရပ်နဲ့သူ့ဇာတ်ပဲ။

ဆရာတစ်ဆူပါရဂူများခင်ဗျာ

နိုင်ငံတကာကကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒတွေ မြန်မာပြည်မှာလိုက်နာကျင့်သုံးဖို့အတော်သင်ယူကြရအုံးမှာပဲခင်ဗျာ။ လက်နဲ့တောင် ဝလင်အောင်ထ မင်းမစားကြရတဲ့ အညတြမြန်မာပြည်သူတွေ ဇွန်းခ ရင်း မကိုင်တတ်ရကောင်းလားလို့ အပြစ်တင်မစောကြ စေချင်ပါဘူးခင်ဗျာ။ ကျနော်တို့အောင့်အည်းသည်းညည်းခံခဲ့ရတဲ့နှစ်တွေများနေပါပြီဆရာ။ ကျနော်တို့နဲ့ နှစ်ပေါင်းများစွာလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးမင်းကိုနိုင် တို့ ဒီကနေ့ရုပ်သံလွှင့်ခွင့်မရသေးဘူးဆရာ။ ဆရာတို့ ဘာပြောပြော ဘာလုပ်လုပ် ရုပ်သံကနေလွှင့် ပြခွင့်ရ တယ်ဆိုတာ နည်းတဲ့အခွင့်ထူးလားဆရာ။ ဒါပေမယ့် ဆရာရေ စစ်ဗိုလ်ချုပ်တွေက မပိုင်ရင်ခြင်တောင်မ ရိုက်ဘူး ဆရာတို့က ဟားဗတ်မှာစာတွေ့၊ ဗိုလ်ချုပ် တွေကနှစ် ၅ဝလက်တွေ့ခြယ်လှယ်လာခဲ့တာ သူတို့ အာဏာတည်မြဲဖို့အတွက် မဟာဗျူဟာ နည်းဗျူဟာ အကုန်ကျွမ်းကျင်တယ် ဆရာ။

နယ်ဆင်မင်ဒဲလား ရင်ဆိုင်ခဲ့ရတဲ့သူတွေနဲ့ဒီက စစ်ဗိုလ်ချုပ်တွေနဲ့ လုံးဝမတူဘူးဆရာ၊ ဆရာတို့ပြော တဲ့နည်းတွေကတောင်အာဖရိက လူဖြူအစိုးရနဲ့တော့ အသုံးတည့်ချင်တည့်မယ်။ Political Ethic ရှိသူတွေ နဲ့ဆိုရင် အလုပ်ဖြစ်နိုင်တယ်။ အသွင်းကူးပြောင်းရေး ကို ဆရာတို့က အနှစ်နှစ်ဆယ်သုံးဆယ် မှန်းဆတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ကမီးစာကုန်ဆီခမ်းဖြစ်သွား ပြီ။ အခုတောင်ကျနော်တို့တိုင်းပြည်ရဲ့သယံဇာတတွေ ကုန်သလောက်ရှိသွားပြီ၊ ကျနော်တို့စစ်တပ်အုပ်ချုပ် တဲ့စနစ်ကို ရင်သားကင်ဆာလိုဖြတ်ထုတ်ပစ်ချင်တာ ခိုင်လုံတဲ့အကြောင်းပြချက်ရှိပါတယ်ဆရာ။ ခန္ဓာ ကိုယ် တစ်ခုလုံးကင်ဆာဆဲလ်တွေပြန့်နှံ့မသွားအောင် လို့ပါ ဆရာ။ ဆရာတို့ပြောတဲ့တိုင်း ကျနော်တို့လုပ်ပါ မယ်။ နောင်အနှစ်နှစ်ဆယ်မှာ စစ်တပ်ရဲ့အရိပ်အာဝါသကင်းတဲ့၊စစ်တပ်ကို ကျောထောက်နောက်ခံမပြု တဲ့ အရပ်သားပညာတတ် သမ္မတတစ်ယောက် ပေါ် ထွန်းလာပါမယ်လို့ ဆရာတို့အာမခံနိုင်ပါသလား။

ကျနော်တို့ပြည်သူတွေစစ်တပ်ရဲ့ရာသက်ပန် အုပ်ချုပ်ခွင့် ပုဒ်မ ၄၃၆ကို ပြင်မလို့ ကြိုးစားနေချိန်မှာ ဆရာတို့ ဒီလိုရုပ်သံထုတ်လွှင့်လိုက်တော့ ကျနော်တို့ မျှော်လင့်ချက်တွေကြေမွခဲ့ရတယ်ဆရာ။ နိုင်ငံရေး အသိမြ<ွကယ်တဲ့ ပြည်သူတွေအစိုးရကျွေးတာစား၊ပေး တာယူ ဒီဘဝနဲ့ဘဲကောင်းပါတယ်ဆိုတဲ့ အတွေး အ ခေါ်ဝင်လာရင် ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီ မထွန်းကားနိုင်ဘူးဆရာ၊ ဒီကနေ့ ဒီမိုကရေစီအ ပြောင်းအလဲကို စစ်တပ်က စတင်ဖော်ဆောင်ပေးခဲ့ တာမှန်ပါတယ်။ ဒါပေမယ့် ဖော်ဆောင်ပေးရမယ့် အခြေအနေအရပ်ရပ်တွေရှိ ခဲ့တယ်ဆရာ။ စစ်တပ် က ဒီမိုကရေစီကိုကြိုက်လွန်းလို့ စိတ်လိုလက်ရဖော် ဆောင်ပေးနေတယ်လို့ ဆရာ တို့ထင်မြင်ယူဆခဲ့ရင် နိုင်ငံတကာစစ်အာဏာရှင်များ အကြောင်းကို ဆရာတို့ထပ်ပြီးလေ့လာဖို့လိုအပ်မယ်လို့ အကြံပြုချင်ပါ တယ်။ အထူးသဖြင့် မြန်မာ့စစ်ခေါင်းဆောင်တွေရဲ့ အကြောင်းပါဆရာ။

အာဏာရှိရင် တရားဝင်လူသတ်လို့ရတဲ့ ကျ နော်တို့ တိုင်းပြည်မှာ ကိုယ့်လက်ထဲက အာဏာကို သူများ လက်ထဲအလွယ်တကူ လွဲပြောင်းပေမယ့် သူ တော်စင် မမွေးဖွားသေးပါဘူး ဆရာရယ်၊ဒီမိုကရေစီ ကိုယ်ဝန်က တစ်စတစ်စ ရင့်မာလာလို့ အတင်းအ ကျပ်လက်ထပ်လိုက်ကြရတာ ဆရာရေ၊အရပ်လက် သည်အားကိုးနဲ့ ဖျက်ချခဲ့တာလဲ အကြိမ်ကြိမ်၊ပဋိသ န္ဓေတားဆေးမျိုးစုံ စားခဲ့တာလဲအကြိမ်ကြိမ်၊ တော်ကြာ ဒီမိုကရေစီ ရင်သွေးက ဝမ်းဗိုက်ထဲမှာလျောသွားရင် ကိုယ်ဝန်အဆိပ်တက်ပြီး မိခင်ရဲ့အသက်ကိုပါ ရန်ရှာ လာနိုင်လို့ ချက်ချင်းလက်ထပ် ချက်ခြင်းမွေးခဲ့ရတဲ့ ဒီမိုကရေစီသားဦးလေးပါဆရာ၊ကိုယ်ဝန် ဆောင် အားဆေးတွေ ကြိုတင်စားပြီးOG ရဲ့ အနီးကပ် စောင့်ရှောက်မှုနဲ့ မီးရှူးသန့်စင်ခဲ့တာ မဟုတ်ပါဘူး ဆရာ။ မပြည့်မစုံနဲ့ မွေးဖွားခဲ့ကြရတာပါ။

ဒီမိုကရေစီရင်သွေး အပြင်ရောက်လာတော့လဲ ဘယ်သူ့ အဖေခေါ်လို့ ခေါ်ရမှန်းမသိဘူး ဆရာရဲ့။ ဟိုလူက ငြိုငြင်၊ဒီလူက မခေါ်ချင် မပြောချင်နဲ့ ရပ် တည်နေရတာပါ ဆရာတို့ စဉ်းစားကြည့်ပါ။ ဆရာ တို့ကို ဝန်ကြီး ဘယ်နှစ်ပါးက ဟက်ဟက်ပက်ပက် ဆက်ဆံကြလို့လဲ၊ ဝန်ကြီး ဦးအောင်မင်းတစ်ယောက် ထဲ အဆင်ပြေရုံနဲ့ အစိုးရတစ်ဖွဲ့လုံး ကိုယ်စားပြုတယ် မထင်ပါနဲ့ ဆရာ။ ဦးအောင်မင်းကရှေ့မှာ စကားပြော နေတုန်း နောက်ကကာချုပ်ဦးမင်းအောင်က လောင် ချာနဲ့ပစ်နေကြတဲ့ အဖွဲ့တွေပါ ကျနော်တို့ ပြည်သူ တွေက နိုင်ငံတကာ နိုင်ငံရေးပညာတွေ၊ နိုင်ငံတကာ ဖွဲ့စည်းပုံတွေ အကြောင်းမသိကြပါဘူး ဆရာ။ စစ် အစိုးရအကြောင်းနဲ့ ၂ဝဝ၈ နာဂစ်အပြီး အလောင်း တောင်ဖြောင့်ဖြောင့် မကောက်နိုင်ချိန်မှာ အတင်းအ ကျပ် ထောက်ခံခိုင်းထားတဲ့ ဖွဲ့စည်းပုံအကြောင်းကို ကောင်းကောင်းသိပါတယ်ဆရာ။

ဆရာတို့က ကမ္ဘာ့အမြင်တွေ ကျယ်လာတော့ ဟိုးအဝေးကြီးကို လှမ်းမြင်နိုင်ပြီး အနီးမှုန်လာတတ် တယ်၊ ဆရာ ရဲရဲကြီး အာမခံရဲလား၊ဆရာတို့ အသက် တွေ ဘဝတွေနဲ့ရင်းပြီး လောင်းကြေးထပ်ရဲလား။ဒီ မိုကရေစီဆိုတာ ပြည်သူ ကြိုက်တဲ့သူကို ပြည်သူ ကိုယ်တိုင် ရွေးချယ်ခွင့် ရရမှာမဟုတ်ဘူးလား ဆရာ၊ ကျနော်တို့ ကြိုက်တဲ့သူကို ကျနော်တို့ ရွေးလို့မရဘူး လား ဆရာ၊ စစ်တပ်က သူတို့ကြိုက်တဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကို ယခုထက်ထိ ခေါင်းဆောင်တင် ထား ဆဲပါဘဲ ဆရာရယ်၊ ဆရာတို့က လက်ရှိသမ္မတကြီး ပြီးယုံနဲ့ ပြီးမယ်ထင်နေသလားဆရာ။

ကာကွယ်ရေး ဦးစီးချုပ်ကို ဘယ်သူခန့်တာလဲ ဆရာတို့ သိသလား၊ ဘယ်သူ ဖြုတ်ရဲသလဲ ဆရာတို့ သိသလား မြန်မာ့နိုင်ငံရေးက ရှုပ်ထွေးတယ် ဆရာ၊ ကျနော်တို့ကသာ လင်ဆိုးမယား တဖားဖားဆိုသလို အစိုးရရဲ့ အကျင့်ဆိုးတွေ သိသိကြီးနဲ့ ခံနေကြတာပါ ဆရာရယ်။

နိုင်ငံတကာ စံနှုန်းတွေနဲ့ မြန်မာနိုင်ငံရေးကို ချဉ်းကပ်မယ် စဉ်းစားရင်၊ ဆရာတို့ ဆံပင်တွေ ဖြူ သွားတွေကျိုးပြီး မြန်မာအိမ်ဖော်တွေ ကမ္ဘာ့ဈေးကွက် ကို လက်ဝါးကြီးအုပ်တာကိုတောင် မမြင်လိုက်ရဘဲ ဖြစ်သွားပါမယ်၊ ဆင်းရဲတွင်းဆိုတာ ငရဲအိုးလို ပူ လောင်လေတော့ မြန်မာပြည်သူတွေ ဆင်းရဲတွင်းက ချက်ချင်း ခုန်ထွက်ချင်တာ၊ သူတို့မှာ အပြစ်ရှိသလား ဆရာ၊ ဆင်းရဲတွင်းဆိုတာ စိမ့်စမ်းရေတွင်းလို မအေး မြနိုင်ဘူး ဆရာ။ ချမ်းသာတဲ့သူတွေကအကူးအပြောင်း ကိုဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး ဖြတ်သန်းချင်ပေမယ့် ဆင်းရဲသားတွေကို စာနာကြပါအုံးလား ဆရာတို့ ရယ်...

ဆရာတို့ရဲ့ ပညာဂုဏ်အလုပ်ဂုဏ်၊ အသိဥာဏ် ဂုဏ်တွေကို အများကြီးလေးစားပါတယ်ဆရာ။ ဆရာ တို့ဟားဗတ်တို့၊ ယေးတို့ အောက်စဖို့ဒ်မှာ သင်ကြား ခဲ့တဲ့ ပညာတွေထဲက မြန်မာပြည်သူတွေ အကျိုးရှိမဲ့ နည်းနာနိဿယျတွေကို အနှောင်အဖွဲ့ကင်းကင်း၊ ပြည်သူဆန်ဆန် တွေးခေါ်စဉ်းစားပြီး မြန်မာ့မြေနဲ့ ကိုက်ညီမယ့်နည်းစနစ်တွေနဲ့တိုင်းပြည်ကို ဦးဆောင် ပြီး တိုးတက်အောင်ဆောင်ရွက်ပေးပါဆရာ၊ ဆရာ တို့ကို L.D.C မြန်မာပြည်က Ever Welcomeပါ ဆရာ စာလဲရှည်သွားပြီဆရာ/ဆရာတို့ ဆွေးနွေးပွဲ အကြောင်း ပြောစရာအများကြီးရှိလို့ နောက်မှထပ် ရေးလိုက်ပါ အုံးမယ်။

ကျနော်ပြောဖို့ကျန်သွားတယ်ဆရာ ကျနော် ငယ်ငယ်တုန်းက ရှမ်းပြည်နယ်ကလောက ထင်းရှူး ပင်ကို ကျနော်တို့ ချောက်မြို့မှာ ရွေ့စိုက်ဖူးတယ် ဆရာ..

ဒါပေမယ့်မရှင်ဘူးဆရာရေ။ထင်းရှူးပင်လေး သေသွားတယ် ဆရာ။


ဆရာတို့ကို အထင်ကြီးလေးစား

အစဉ်ဂါရဝပြုလျှက်

ရေနံ့သာခင်မောင်ထွေး

ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၁၃)

(သစ်ထူးလွင် မှ ထပ်ဆင့် ကူးယူတင်ပြပါသည်။)
By kachin duwa