Tuesday, June 17, 2014

မြန်မာ့ လက်ရွေးစင် ဟောင်း ကချင် တစ်ယောက် နဲ့ အင်ဆန်အောင်လ ကို နှိုင်းကြည့်ရအောင်။


Posted: KACHIN DUWA
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြုလုပ်တဲ့ အာရှရဲ့ အကြီးဆုံး သိုင်းပေါင်းစုံ လက်ဝှေ့အဖွဲ့ မှ ကြီးမှူးကျင်းပ တဲ့ လက်ဝှေ့ပွဲမှာ ကချင်လူမျိုး ဖြစ်တဲ့ Nsang Awng La က အီဂျစ်နိုင်ငံက Mahmoud Salama ကို ပွဲ စစ်ချင်း တစ်မိနစ် ကျော်ကျော်လေးမှာပဲ အလဲထိုး အနိုင် ရတဲ့ အကြောင်း၊ မြန်မာပြည်က ကမ္ဘာ့အဆင့်မှီပြိုင်ပွဲအတွက် မြန်မာ့ အလံ နဲ့ ပထမဆုံးအကြိမ် သတင်း ဖြစ်တဲ့ အကြောင်း သတင်းတွေ ထွက်လာတော့ ဝေဖန်မှုမျိုးစုံထွက်လာပါတယ်။




အများဆုံး တွေ့ရတာကတော့ ကချင် ဖြစ်ဖြစ် မြန်မာနိုင်ငံသား မို့လို့ အားပေးတယ်.. ဆိုတဲ့ သဘော ပါ။.. ကချင်ဆိုတဲ့ နာမည် ကိုတော့ နည်းနည်း အမြင်ကပ်ပုံ ရပါတယ်။

တခုစဉ်းစားမိတာက

အင်ဆန် အောင်လ က တကယ်လို့ အမေရိက မှာ မနေဘူး ဆိုရင် မြန်မာနိုင်ငံသား အနေနဲ့ ဒီလို အခွင့်အရေး ရနိုင်ပါ့မလား... ဆိုတာပါပဲ။

လက်ဝှေ့မှာ အစွမ်းထက်နေစေကာမူ၊ လူရွေးပွဲမှာ ပါလာပါ့မလား။

ဂျပန်နိုင်ငံမှာ တင်းနစ် နည်းပြ လုပ်စား နေတဲ့ ကချင် တစ်ယောက်နဲ့ တခါတုန်းက စကား စမြည်ပြောဖြစ်တာကို သတိရမိပါတယ်။

သူက တချိန်က အော်လန်ပစ်တန်းဝင် ရှားရှားပါးပါး မြန်မာ့ လက်ရွေးစင် တစ်ယောက်ပါ။ လက်ရွေးစင် ဆိုတာက မြန်မာပြည် အနေအထားအရ ဘယ်လိုမှ ကို ယှဉ်ကစားလောက်တဲ့အထိ လူကို မရှိလို့ တက်လာရခြင်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားက အာရှ ပြိုင်ပွဲ တခု မှာ သွားကစားတော့ သူ့ရဲ့နည်းပြ ဆိုသူက စစ်ဗိုလ် (ဗိုလ်မှူး တစ်ယောက်) တဲ့။ တင်းနစ်ကစားဖူးတာ ဟုတ်ပုံ မရ။ သူ့ ကို ပြိုင်ပွဲ မစခင် တစ်ပတ်အလိုမှာ အင်ဒိုနီးရှား ကို ခေါ်သွားတယ်။ ပြီးတော့ ဟော်တယ် တခုက အခန်းထဲမှာ ထည့်ထားတယ်။ လက်သုံးငွေ မပေးဘူး။ ရေခဲသက္တာထဲမှာ စားစရာ မုန့်တွေ အပြည့်ထည့်ထားပေးပြီး သူက ပျောက်သွားတယ်။ တစ်ပတ်လုံးလုံး ပေါင်မုန့် နဲ့ မုန့်မျိုးစုံ စားရတာတဲ့။

တနေ့ ပြိုင်ပွဲစတော့

ဘော်လုံး ရိုက်လိုက်တော့ သူ့ လက်ထဲက ဘက်တံ ဘယ်လိုဖြစ်မှန်းမသိ လက်ထဲကနေ လွင့်သွားတယ်။ ဒီတော့ ဒဏ်ပေးခံရတယ်။ ဒုတိယ တစ်ခေါက် ဖြစ်ပြန်တယ်။ ဒိုင်ပွဲ ရပ်လိုက်တယ်။ သူ့ ကို ဆေးကြောင်တယ် ထင်ပြီး ဆရာဝန်တွေ စစ်ဆေးတယ်။ နောက်အဖြေထွက်လာတာက ထမင်းမစား လို့ တဲ့။ အမြဲတမ်း ထမင်းစား နေတဲ့ လူက ပေါင်မုန့် နဲ့ ဗူးသွပ်အစာပဲ စားရတော့ အားအင်ခန်းနေပြီ။

အဲဒီ အကြောင်း ကို သူ့ နည်းပြ ဆိုသူ ကို ဆရာဝန်တွေက ပြောပြတယ်။ ခင်များလူ ကို ထမင်းကြွေးပါ။

သူလဲ ၀မ်းသာ သွားတယ်။ ထမင်းစားရတော့မယ်။ ဆိုပြီး။

ဘယ်ဟုတ်မလဲ.. ဟော်တယ် ရောက်တော့ အရှုက်ခွဲတယ် ဆိုပြီး ဗြင်းတော့ပါသတဲ့။ တံခါးသော့ခတ်ထားပြီး အစား အစာလဲ အကုန်ယူသွားတယ်။ ဒီနည်းနဲ့ တော့ မဖြစ်တော့ဘူး ဆိုပြီး သူမရှိတုန်း ဟော်တယ် ၀န်ထမ်းတွေရဲ့ အကူအညီ နဲ့ ပြေးထွက်ခဲ့တယ်။ သံရုံး ရောက်သွားတယ်။ သံအမတ်ကြီးကို အကူအညီတောင်းတယ်။ နောက်ဆုံးတော့ ပြန်လာရတယ် ဆိုပါတော့။

မြန်မာပြည် ရောက်တော့ မြန်မာ့ အသံက ခရီးဦးကြို လူတွေ ရှေ့မှာ လာဗျူးတယ်။

ဘယ်လိုလဲ.. ကစားရတာ အဆင်ပြေလား၊ နိုင်ငံတော်ရဲ့ကျေးဇူးတရားတွေ ဘယ်လိုလဲ ပေါ့။ သူက အဖြစ်မှန် ဖွင့်ပြောတော့ အားလုံး ငြိမ်သွားပြီး ဆက်မဗျူး တော့ဘူး။ ၀န်ထမ်း တစ်ယောက်က သူ့အနားကပ်လာပြီး ဘာလို့ အဲလိုတွေ လျှောက်ပြောလဲ လို့ ပြောပါသတဲ့။ နောက်တော့... နိုင်ငံတော် သိက္ခာချမှု နဲ့ ပွဲ ကစားခွင့် ၄ နှစ် ပိတ်လိုက်တယ်။

ရွာလည် နေတုန်း ပြိုင်ပွဲ တစ်ခုမှာ ခင်ကြတဲ့ ဂျပန်နိုင်ငံက ကမ္ဘာကျော် ကစားသမား တစ်ယောက် က သူ့ အကြောင်းကြားလို့ သူ့ရဲ့ကစားကျင့်ဖေါ်အဖြစ် ခေါ်လိုက်တယ်။ နောက်တော့ သူ့ club မှာ ပဲ နည်းပြလုပ်၊ သူ့ ရဲ့ ကျောင်းသူ ဂျပန်မ တစ်ယောက်နဲ့ ငြားပြီး ဂျပန်မှာ အခြေချ နေပါတယ်။ ဇာတိက တာချီလိတ် ကပါ။

အဲဒါ မြန်မာပြည်ပဲ။