Friday, March 7, 2014

လူမျိုးပျောက်မှာ ပူစရာ မလို၊ ပြည်နယ်ပျောက်မှာ အရင်ပူ

By-Duwa Kachin
Posted: 04 Mar 2014 08:55 PM PST
သန်းခေါင်စာရင်းကိစ္စမှာ

တချို့ မျိုးနွယ်စုတွေက လူမျိုးပျောက်သွားမှာ စိုးရိမ်နေကြတယ်။ မြန်မာအစိုးရ စာရင်းမှာ နာမည်မပါပေမယ့် လူမျိုးမပျောက်ပါဘူး။ လူမျိုးပျောက်တယ် ဆိုတာ မျိုးနွယ်နဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ထုံးတမ်းဓလေ့တွေ ပျောက်သွားမှ လူမျိုး ပျောက်တာပါ။ 

ဒီတော့ ကိုယ့် မျိုးနွယ်စု နဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ထုံးတမ်းဓလေ့တွေ မပျောက်ဖို့ ဆိုရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ကိုယ့် ကိုယ်ပိုင် ပြည်နယ် လိုအပ်တယ်။ အဲဒါမှ ကိုယ့် ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာကို ကိုယ့်စိတ်ကြိုက်ဖန်တီးလို့ ရမယ်။ အဲဒါကြောင့် ဖက်ဒရယ် လိုအပ်တယ် လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောနေကြတာပါ။ အဲဒါကြောင့် ဒီ ရပ်တည်ချက်အပေါ် ဗမာအုပ်စု ကတော့ နည်းမျိုးစုံ နဲ့ တိုက်နေကြမှာပဲ။

မြန်မာပြည် ဖက်ဒရယ် လုပ်ရင် ကချင်ပြည်နယ်မှာ ရှိတဲ့ မျိုးနွယ်စု (ရှမ်း၊ ဗမာ က အစ) အားလုံးလဲ ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်အလိုက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေ ရလာမှာ ဖြစ်တယ်။ ကိုယ့်ဒေသ အလိုက် ကြမ္မာကိုယ်ဖန်တီးခွင့် ရှိလာမှာ ဖြစ်တယ်။ ကိုယ့် ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို ထိမ်းသိမ်းခွင့် ရှိလာမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ကချင်မျိုးနွယ်စု အားလုံးနဲ့ ဆိုင်တဲ့ ကချင်ပြည်နယ် ဆိုတာ ရှိနေဖို့ လိုအပ်တယ်။


သန်းခေါင် စာရင်းမှာ ဂျိန်းဖေါ့၊ လော်ဝေါ်၊ ဇိုင်ဝါး၊ လချိတ်၊ ရ၀မ်၊ လီဆူ၊ ဆိုတဲ့ နာမည်မထည့်လို့ အဲဒီ လူမျိုးတွေ ပျောက်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကချင် (101) ဆိုတဲ့ နာမည်မှာ လူနည်းသွားရင် အားလုံးနဲ့ ဆိုင်တဲ့ ကချင်ပြည်နယ် ပျောက်သွားမယ်။ ကချင်ပြည်နယ် ပျောက်သွားရင် ငါတို့ အားလုံးရဲ့ ရပ်တည်မှုလဲ ပျောက်သွားတယ်။ ဖက်ဒရယ် ရဖို့လဲ ခက်သွားတယ်။ နောက်တော့ ငါတို့မျိုးနွယ်စု အားလုံး ရဲ့ တူညီတဲ့ ယဉ်ကျေးမှု၊ စကား၊ ထုံးတမ်းဓလေ့ အားလုံး ပျောက်သွားမယ်။ သတိရှိကြပါ။