Wednesday, March 5, 2014

သင်ခန်းစာယူစရာ ရုရှားနဲ့ယူကရိန်းပြဿနာ

by-ven ravika

၁။ သွားရည်တမြားမြားနဲ့ မောင်ရုရှား

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့အခါ ယူကရိန်းဟာ ဥရောပမှာ အကြီးဆုံးနိုင်ငံအဖြစ်နဲ့ လွတ်လပ်ရေးရလာခဲ့တယ်။ ယူကရိန်းက ရုရှားတို့ကနေ လွတ်လပ်ရေးရခဲ့ပေမဲ့ ယူကရိန်းကို အပိုင်စီးထားဖို့ ရုရှားက စိတ်ဝင်စားဆဲပါ။ ယူကရိန်းမှာ ရုရှားစာမသင်မနေရ လုပ်ခဲ့တ့ ခရူးရှက်ခေတ်ကနေ စပြီး ရုရှားလူမျိုးတွေ (၁၇)ရာခိုင်နှုန်းကျော်အထိ ရှိလာသလို ရုရှားလူမျိုး(၅၇)ရာခိုင်နှုန်း ရှိပြီး ဧရိယာစတုရန်းမိုင် (၁၀၀၃၈)မိုင်ရှိတဲ့ ခရိုင်းမီယာဒေသကို ပူတင်က သွားရည်ကျနေခဲ့တာ ကြာလှပါပြီ။ ခရိုင်းမီယာဒေသဟာ ယူကရိန်းနိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်တယ်။

ဒီတော့ ပူတင်က ယူကရိန်းမှာ ပြဿနာဖြစ်မဲ့အချိန်ကို စောင့်နေခဲ့ရာ ရုရှားကျောထောက်နောက်ခံရှိတဲ့ မစ္စတာယာနူကိုဗစ်အစိုးရကို ယူကရိန်းပြည်သူတို့က မောင်းထုတ်လိုက်တဲ့အခါ သူက ရုရှားနိုင်ငံထဲကို ပြေးဝင်သွားပါတော့တယ်။ ပူတင်က ဒီအကွက်ကို လက်မလွတ်နိုင်တော့ပါ။ ရုရှားလူဦးရေများတဲ့ ခရိုင်းမီယာဒေသကို ထိန်းချုပ်ထားဖို့ စစ်အင်အား(၁၆၀၀၀)ကို ပို့လိုက်တယ်။ ယူကရိန်းရဲ့ ရေတပ်နဲ့ လေတပ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပါပြီ။ လိုအပ်ရင် ရုရှားစကားပြောအသင့်အတင့်ရှိတဲ့ ယူကရိန်းအရှေ့ပိုင်း ဒိုနက်စ်ခ်မြို့ကိုလည်း ဝင်ရှုပ်ဖို့ ရှိတယ်။ ဒီမြို့က မစ္စတာယာနူကိုဗစ်ရဲ့ ဇာတိချက်ကြွေး မွေးရပ်မြေလည်း ဖြစ်ပါတယ်။

၂။ ပူတင်က အိုဘာမားနဲ့နေတိုးကို ဘာကြောင့် မကြောက်သလဲ

ပူတင်က အိုဘာမားရဲ့ အားနည်းချက်ကို ကောင်းကောင်းသိသူ ဖြစ်တယ်။ အိုဘာမား စစ်မတိုက်လိုမှန်းလည်း သိသူ ဖြစ်တယ်။ နေတိုးက ယူကရိန်းကို ဝင်ကယ်ဖို့ကလည်း ယူကရိန်းက နေတိုးအဖွဲ့ဝင် မဟုတ်သေးလို့ ယူကရိန်းလုံခြုံရေးဟာ နေတိုးမှာ တာဝန်မရှိပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးတို့ အလွန်ဆုံး လုပ်နိုင်ရင် သံတမန်ရေးအကြပ်ကိုင်မှုနဲ့ စီးပွားရေးပိတ်ဆို့မှုအချို့သာ ဖြစ်ဖွယ်ရှိတယ်။ စီးပွားရေးပိတ်ဆို့မှုကို လုပ်ရင် ရုရှားဘက်မှာလည်း ဝှက်ဖဲတစ်ချပ်ရှိတယ်။ အဲဒါကတော့ ရေနံပိုက်လိုင်းကိစ္စ ဖြစ်တယ်။ ဒီပိုက်လိုင်းနဲ့ ဝှေ့ရမ်းကစားလိုက်ရင် ခရိုင်းမီယာကို ရေရှည်ထိန်းထားနိုင်မယ်လို့ ပူတင်က သိတယ်။

၃။ ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းတို့ကို သတိပေးခြင်း

နေတိုးအဖွဲ့ဝင်ဖြစ်လိုတဲ့ ဂျော်ဂျီယာနိုင်ငံကို ၂၀၀၈-ခုနှစ်မှာ ရုရှားက ကျူးကျော်ခဲ့ဖူးတယ်။ အမေရိကန်တို့က စစ်ပန်းနေချိန်နဲ့ သမ္မတရွေးကောက်ပွဲလုပ်နေချိန်ကို ရုရှုားက အခွင့်ကောင်းယူလိုက်ခြင်းဖြစ်တယ်။ ဂျော်ဂျီယာကလည်း ခွဲထွက်ဖို့ ၁၉၉၀ ပြည့်နှစ်များကတည်းက ကြိုးစားနေခဲ့ကြတဲ့ တောင်အိုစက်ရှာနဲ့ အက်ခါဇီယာကို ကူပြီး လွတ်လပ်တဲ့နိုင်ငံများဖြစ်ကြောင်းကျေညာခဲ့ရာ ရုရှားနဲ့ သူ့အဓိကမဟာမိတ်နိုင်ငံအချို့က အသိအမှတ်ပြုခဲ့ကြပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံအတော်များများက အသိအမှတ်မပြုကြပါဘူး။ ပူတင်က ရုရှားလက်အောက်ခံဖြစ်ဖူးတဲ့ နိုင်ငံများက အနောက်အုပ်စုနဲ့ နီးစပ်သွားမှာကို မလိုလားပါ။ အခုလည်း ယူကရိန်းက အနောက်အုပ်စုနဲ့ အလွမ်းသင့်နေတာကို ပညာပြနေပါပြီ။ ဂျော်ဂျီယာကို ပညာပေးတုန်းက ဘာမှ မတတ်နိုင်ခဲ့တဲ့ အနောက်နိုင်ငံများဟာ ဒီတစ်ခါမှာလည်း ဘာမှ ဝင်ကူနိုင်မှာမဟုတ်ဘူးလို့ ပူတင်က တွက်ဆထားခဲ့ပုံ ပေါ်တယ်။

၎။ သင်ခန်းစာယူစရာ

တတိယကမ္ဘာစစ်ဆိုတာ အနုမြူ၊ နယူကလီယားစစ်ပွဲလို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတိုက်ပွဲနဲ့ စီးပွားရေးတိုက်ပွဲတွေလည်း ပါဝင်လာမှာဖြစ်ကြောင်း တွေ့မြင်နေရပါပြီ။ တရုတ်တို့ဟာ တတိယကမ္ဘာစစ်ကို စီးပွားရေးအရ မကျေညာဘဲ တိုက်နေခဲ့တာ ၂၁-ရာစုနှစ်ဦးကတည်းကပါ။ အခု ရုရှားလည်း တရုတ်နည်းကို ယူနေပါပြီ။ ယူကရိန်းပဋိပက္ခဟာ ကမ္ဘာ့စီးပွားရေးကို ကမောက်ကမဖြစ်စေနိုင်တာမို့ ရုရှားလည်း အများကြီး အထိနာပါလိမ့်မယ်။ အခုတောင် စတော့ဈေးကွက်က အကျကြီးကျပြီး ရုရှားငွေကြေးတန်ဖိုးလည်း ဇောက်ထိုးကျနေပါပြီ။

ယူကရိန်းနိုင်ငံဟာ ရုရှားကို အမှီအခိုများခဲ့တယ်။ ယူကရိန်းစီးပွားရေးဟာ ရုရှားကို လုံးဝနီးပါး မှီခိုခဲ့ရတယ်။ ရုရှားလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပေမဲ့ ရုရှားရေတပ်က မိမိနိုင်ငံတွင်းမှာ ရှိနေခြင်း၊ ရုရှားအားပေးတွေလည်း ပြည်တွင်းမှာ ရှိနေခြင်းတို့ကြောင့် ရုရှားအရိပ်က ထိုးနေခဲ့တယ်။ အရိပ်အောက်ကနေ ထွက်လိုတဲ့ ယူကရိန်းများနဲ့ မထွက်ဝံ့တဲ့ ယူကရိန်းများ ပဋိပက္ခဖြစ်ပွားတဲ့အခါ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာဆိုတာ စက္ကူကျားမျှသာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ စိုးရိမ်စရာအကောင်းဆုံးမှာ ယူကရိန်းနိုင်ငံကို နှစ်ပိုင်းခွဲပစ်နိုင်တဲ့ ရုရှားရဲ့ မဟာစီမံကိန်းကြီးဖြစ်တယ်။ (မြေပုံ-၂)ကို ကြည့်)

ယူကရိန်းနိုင်ငံအဖြစ်ကို ကြည့်ရင် မြန်မာနိုင်ငံအတွက်လည်း တွေးပူစရာ ဖြစ်တယ်။ ကျောက်ဖြူနဲ့ကိုးကိုးကျွန်းမှာ တရုတ်ရေတပ်အတွက် နေရာပေးထားတယ်လို့ သိရတယ်။ မြန်မာနိုင်ငံစီမံကိန်းအတော်များများကို တရုတ်က လက်ဝါးကြီးအုပ်ထားတယ်။ တရုတ်ကို ကြောက်ရတယ်၊ တရုတ်ကျေးဇူးရှိတယ်လို့ ပြောနေတဲ့ ဖွတ်အစိုးရနဲ့ ဖွတ်စစ်တပ်က ရှိနေတယ်။ တရုတ်နယ်စပ်မှာ တရုတ်လူမျိုးဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင်ပြဌာန်းခွင့်ရဒေသ ရှိတယ်။ တရုတ်ကို လုံးဝမှီခိုနေတဲ့ ဝတပ်တွေ ရှိတယ်။ မြန်မာတပ်က ကိုးကန့်ကို ဝင်တိုက်တုန်းက တရုတ်က ချောင်းတစ်ချက်ဟန့်လိုက်တာနဲ့ ကိုးကန့်တွေကို ဝင်တိုက်တာမဟုတ်ဘဲ ဝင်ကယ်တာ ဖြစ်ကြောင်း ဖြီးဖြန်းခဲ့ရဖူးတာကိုလည်း မေ့မနေကြဖို့ လိုတယ်။

ယူတတ်ရင် သင်ခန်းစာပါ။