Saturday, December 7, 2013

သန်းခေါင်စာရင်း နှင့် တိုင်းရင်းသား လူမျိုးများ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)


သန်းခေါင်စာရင်း နှင့် တိုင်းရင်းသား လူမျိုးများ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

စာရင်းတွင် အပြောင်းအလဲ ပြုလုပ်ရခြင်းများတွင် အချို့မှာလည်း တိုင်းရင်းသား မဟုတ်သူများအတွက် ရည်ရွယ်ချက် ရှိရှိဖြင့် စာရင်းအတွင်း ထည့်သွင်းရန် ကြိုးပမ်းမှုများ ရှိခြင်းကြောင့် တာဝန်ရှိသူတို့က စိစစ်ကာ ဖြုတ်ချခဲ့ ရခြင်းများ လည်း ဖြစ်ဖွယ်ရှိသည်။
 နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စများအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေ ဆိုင်ရာကိန်းဂဏန်း အချက်အလက်များ ရရှိရန်အတွက် ၂၀၁၄ ခုနှစ် မတ်လ ၃၀ရက် နေတွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်သည်။ ရုပ်မြင်သံကြား ပညာပေးကြော်ငြာတွင် ““အချက်အလက်များ မမှန်ကန်ပါက နစ်နာသူမှာပြည်သူသာ”” ဟူသည့် ဆောင်ပုဒ်တစ်ခုပါရှိသည် ကိုတွေ့ရသည်။ နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံး အလုပ်တို့တွင် ကိုယ့်နိုင်ငံ လူဦးရေစာရင်း အချက်အလက် ခိုင်မာမှုရှိရေး သည်လည်း ပါဝင်ပေသည်။ သို့မှသာ နိုင်ငံအတွက် စီမံကိန်းများ ဆက်လက်ချမှတ် အကောင်အထည် ဖော်ရာတွင် မှန်ကန်တိကျသည့် ဆုံးဖြတ်ချက် များချမှတ်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၀နှစ် တစ်ကြိမ် စနစ်တကျ သန်းခေါင် စာရင်းများပြုစုခဲ့ရာ ၁၈၉၁၊ ၁၉၀၁၊ ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁ တို့တွင် ကောက်ယူ ခဲ့သည်ကို တွေ့ရသည်။ အင်္ဂလိပ်တို့ အစောဆုံး ကောက်ယူခဲ့သည့် နှစ်မှာ ၁၈၇၂ ခုနှစ်က ဖြစ်ပြီး ရခိုင်နှင့် တနင်္သာရီ ကိုသိမ်းပိုက်ပြီး နောက်ပိုင်း ကောက်ယူခဲ့ ခြင်းဖြစ်သည်။  သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် အစီရင်ခံ စာလည်း စာရင်းကောက်ပြီး မကြာမီတွင် ပုံနှိပ်ထွက်ပေါ် လာလေ့ရှိသည်။ သို့သော် အိနိ္ဒယ၏ အစိတ်အပိုင်း ဖြစ်ခဲ့စဉ်တွင် အိနိ္ဒယ သန်းခေါင်စာရင်း အတွင်း၌ မှတ်တမ်း တင်ခဲ့ခြင်းဖြစ်သည်။ သန်းခေါင်စာရင်းတွင် လူဦးရေ စာရင်းအပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် အားကိုးရသည့် အချက်အလက် အသေးစိတ်များ အားလုံးပါဝင်သည့် စာအုပ်ဖြစ်ပြီး ယနေ့ ထက်တိုင် သမိုင်းတန်ဖိုးများစွာ ရှိခဲ့သည့် စာအုပ်များ ဖြစ်ပေသည်။ …
ထိုစာအုပ်များကို လေ့လာလိုက်သည့် အခါ မြန်မာနိုင်ငံအတွင်း တွေ့ရှိခဲ့ကြောင်း မှတ်တမ်း တင်ခဲ့သည့် တိုင်းရင်းသား လူမျိုးစု အချို့သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ကောက်ယူသည့် သန်းခေါင် စာရင်းများတွင် ပါဝင်ထည့်သွင်းခြင်း မခံရသဖြင့် ပျောက်ကွယ် သွားရသည့် လူမျိုးများ ဖြစ်သွားသည်ကို တွေ့ရှိရသည်။ လူမျိုးက ရှိနေသော်လည်း စာရင်းမှ ဖျောက်ဖျက်ခြင်း ခံရခြင်းဖြစ်သည်။ ထိုသို့ ပျောက်ကွယ်သွားရသည့် လူမျိုးငယ်များတွင် အချို့မှာ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် သက်ဆိုင်ရာ ပြည်နယ်များ အတွင်း တိုင်းရင်းသား လူမျိုးစုကြီးများ၏ ဖုံးကွယ်မှု ခံရသည်များလည်း ပါပုံရသည်။ အချို့ တိုင်းရင်းသား မျိုးနွယ်စုကြီးများက  ၎င်းတို့နှင့် ဘာသာစကား အုပ်စုမတူသည့် တိုင်းရင်းသား မျိုးနွယ်စုအချို့ ကိုပင် ၎င်းတို့ အုပ်စုထဲသို့ ထည့်သွင်းပေးရန် သက်ဆိုင်ရာ ပြည်နယ်အတွင်း အာဏာပိုင် အဖွဲ့အစည်းများသို့ တောင်းဆိုကာ ထည့်သွင်းခဲ့ခြင်းဖြင့် လူမျိုးစုကြီး၏ လူဦးရေ အင်အားကို တိုးပွားအောင် လုပ်ယူမှုများလည်း သမိုင်းတွင် ရှိခဲ့ပေသည်။ ထို့ကြောင့် တစ်ချိန်က သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဦးဖေမောင်တင်က ၁၉၆၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်း မတိုင်မီ မှတ်ပုံတင် အရာရှိချုပ်ထံ ရေးသားပေးပို့ သည့်စာတွင် ““သန်းခေါင်စာရင်း ဌာနဆိုင်ရာ အရာရှိများ အထူးသဖြင့် နယ်ဆင်း၍ လက်တွေ့ အမှုထမ်းနေသော အရာရှိငယ်များသည် မိမိတို့ တာဝန် ၀တ္တရားအရ သန်းခေါင်စာရင်းနှင့် သက်ဆိုင်သော မှတ်တမ်းများ စီစဉ် ဆောင်ရွက်ရာတွင် နိုင်ငံရေးသမားများက နိုင်ငံရေး သဘောအရ မိမိတို့လိုလားသည့် အတိုင်း မှတ်တမ်းများကို ပြုပြင်ရန် နယ်အရာရှိငယ် များအား ဖိနှိပ်ဖွယ်ရာ ရှိသည်ဟု ကျွန်ုပ်တို့ မြှော်ခေါ်တွေးဆမိသော ကြောင့်ဖြစ်ပေသည်။ ဤကဲ့သို့ မည်သည့် အခါမျှ မလုပ်သင့်ပေ။—အစိုးရသည် ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ သန်းခေါင်စာရင်း အရာရှိများအနက် ရာထူးအငယ်ဆုံး အရာရှိတိုင်အောင် အတိအကျ ညွှန်ကြားလွှာများ ပေးပို့သင့်သည်။ ယင်းညွှန်ကြားစာတွင် သန်းခေါင်စာရင်း အရာရှိငယ် တို့အား မိမိတို့၏ တာဝန် ၀တ္တရားအရ မှတ်တမ်းများ ရေးသားရာတွင် မှန်ကန်မှု ကိုသာလျှင် အဓိကထားပြီး ကြောက်ရွံ့ တွန့်ဆုတ်ခြင်း မရှိစေရ၊ မျက်နှာလိုက်ခြင်း မရှိစေရဟူ၍ ညွှန်ကြားပေးရန် ကျွန်ုပ်တို့က မျှော်လင့် ပေသည်””ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။ နောက်ပိုင်း ခေတ်များတွင်လည်း ထိုသို့ သော ပြဿနာမျိုး ပေါ်ပေါက်ခဲ့သည်ကို လူတွေ့ မေးမြန်းချက်များ အရသိရပေ သည်။ ယနေ့တိုင်အောင်လည်း ထိုအဖြစ်အပျက်မျိုး ရှိနေဆဲပင်ဖြစ်သည်။ ဗမာကို လူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု အော်နေသည့်ကြားမှ တိုင်းရင်းသား လူမျိုးကြီးက တိုင်းရင်းသား လူမျိုးငယ်များအပေါ် ကိုယ့်ပြည်နယ်အတွင်း ဖိနှိပ် ရန်ကြိုးပမ်း မှုများသည် မျက်မှောက် ခေတ်တွင်လည်း ကြားနေမြင် နေရပေသည်။
တစ်နည်းအားဖြင့် သန်းခေါင်စာရင်းသည် စီးပွားရေး၊ လူမှုရေးအတွက် ခိုင်မာတိကျသည့် အချက်အလက်များ ရရှိစေရန် ကောက်ယူမှု ဖြစ်သော်လည်း နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား လူမျိုးစုများအတွင်း အချင်းချင်း အသာစီး ရရန်အတွက် လှုပ်ရှားလာနိုင်သည့် အချက်ကိုလည်း သတိရှိရန် လိုပေသည်။ ထို့အတူ တိကျသည့် ကွန်ပျူတာစနစ် အခြေခံသော အချက်အလက် စာရင်းသွင်း အသုံးပြု မှုကြောင့် နစ်နာနိုင်သည့် တိုင်းရင်းသား လူမျိုးစုများလည်း ရှိကြမည် ဖြစ်ပေသည်။ကွန်ပျူတာစနစ် ဖြစ်လာခြင်းကြောင့် တိုင်းရင်းသား လူမျိုးများ ဘယ်နှမျိုးဟု တိတိကျကျ သတ်မှတ်ရမည့် ပြဿနာ စတင်ရင်ဆိုင်ရပေမည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ကျော်ဟု ယခုအစိုးရ လက်ထက်တွင် မသဲမကွဲ သာပြောဆို ရေးသား ခဲ့ကြသည်။ ယခင် အစိုးရလက်ထက်က တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅မျိုး ရှိသည်ဟု ရေးသားခဲ့ရာမှ နောက်ပိုင်းတွင် ၁၀၀ ကျော်ဟူ သည့်အသုံးအနှုန်းကို ပြောင်းလဲ အသုံးပြုခိုင်းလာ ခဲ့ခြင်း ဖြစ်သည်။
၁၉၇၃ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်ခဲ့စဉ်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် ဗိုလ်တထောင် သတင်း စာတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုး ၁၄၃မျိုး စာရင်းကို သန်းခေါင်စာရင်း အတွက်ပြုစုထားပြီ ဖြစ်ကြောင်း လူမျိုး အမည်နှင့် ဖော်ပြပါရှိလာသည်။ သို့သော် ၁၉၇၃ ခုနှစ် မတ်လ ၁၆ရက်နေ့တွင် ဗဟို သန်းခေါင် စာရင်း၏ လူမျိုးစုစာရင်း ထုတ်ပြန်သည့်အခါ ၁၀၈မျိုး ဖြစ်သွားသည်ကို လေ့လာမိသည်။ နောက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅မျိုးဟု သတ်မှတ် စာရင်းကတွင် ကျယ်လာခဲ့ပြန် သည်။ ထိုသို့ ပြောင်းလဲမှု ဖြစ်စဉ်များတွင် နိုင်ငံရေး ကိစ္စများ ပါဝင်နေပြီး အချို့သော တိုင်းရင်းသား လူမျိုးများသည် လူမျိုးစု အဖြစ် သတ်မှတ်ခြင်း မခံရဘဲ လူမျိုး စာရင်းမှ ပျောက်ကွယ် သွားရသည်များ ရှိခဲ့သည်ဟု ဆိုသည်။ စာရင်းတွင် အပြောင်းအလဲ ပြုလုပ်ရခြင်းများတွင် အချို့မှာလည်း တိုင်းရင်းသား မဟုတ် သူများအတွက် ရည်ရွယ်ချက် ရှိရှိဖြင့် စာရင်းအတွင်း ထည့်သွင်းရန် ကြိုးပမ်းမှုများ ရှိခြင်းကြောင့် တာဝန်ရှိသူတို့က စိစစ်ကာ ဖြုတ်ချခဲ့ ရခြင်းများလည်း ဖြစ်ဖွယ်ရှိသည်။ တိုင်းရင်းသား ၁၀၈မျိုး စာရင်းမှ လူမျိုး (၇) မျိုးမှာ ယခုနောက်ပိုင်း သတ်မှတ် ထားသည့် ၁၃၅မျိုး စာရင်းတွင် ပါဝင်မလာ တော့သည်ကို တွေ့ရသည်။ ထို့အတူ ပအိုးဝ်ကို ယခင်က ရှမ်းအုပ်စု ထဲတွင် တစ်စု၊ ပအိုးဝ်(တောင်သူ)ကို ကရင်အုပ်စုထဲတွင် တစ်စုထားရှိရာမှ ပေါင်းလိုက်မည်လား၊ ခွဲထားမည်လား ဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်။ ယခင် တိုင်းရင်းသား ၁၄၃မျိုး စာရင်းတွင် ပါဝင်ခဲ့သည့် တောင်သား လူမျိုးများသည်လည်း နောက်ပိုင်း (၁၃၅)မျိုး စာရင်းထဲတွင် ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
တစ်ချိန်က ကိုလိုနီခေတ် မှတ်တမ်းများတွင် တွေ့နေရသည့် လူမျိုးစုအချို့သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါမလာသကဲ့သို့ အချို့မှာ နီးစပ်သည့် လူမျိုးများ၏ ၀ါးမျိုခြင်းကို ခံသွား ရပြီး အချို့မှာလည်း ပျောက်ကွယ် သွားခဲ့ရသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ်တွင်းရှိ ဖွန်လူမျိုး များသည် ကချင်ဒေသတွင်း ရှမ်းတို့နှင့် ရောနှော ပျောက်ကွယ် သွားရပြီး အရေးကြီးသည့် ဘာသာစကားပါ ပျောက်ကွယ် သွားသည်ကို တွေ့ရသည်။ ထိုလူမျိုးစုသည် ဗမာတို့ဆင်းသက်လာပုံကို ကောက်ကြောင်း လိုက်နိုင်သည့် အဓိ ကလူမျိုးစုဟု ပညာရှင်များက သတ်မှတ် ထားခဲ့ကြသည်။ သို့သော် ယခုအခါ ရှမ်းစကားပြောသည့် နေရာတွင် ရောနှော နေထိုင်ခြင်းဖြင့် မျိုးဆက် ကြာလာသည်နှင့် အမျှ ဘာသာစကား ရောနှောလာမှုကြောင့် သုတေသန လုပ်ရန် အလွန်ခဲယဉ်းသွားပြီ ဖြစ်သည်။ ထို့အတူ ထရုံ လူမျိုးစုသည် ပျောက်ကွယ် လုနီးပါး ဖြစ်သည်ကို တွေ့ရှိရသည်။ ယခုအခါ ထရုံလူမျိုး ဦးရေမှာ ၂၀ လောက်သာ ရှိတော့သကဲ့သို့ ဖွန်လူမျိုးများမှာလည်း ၁၀၀ လောက်ပင် မရှိနိုင်ဟု ယူဆရသည်။ ထိုလူမျိုးများ ကတော့ ၁၃၅ မျိုးကို အခြေခံထားလျှင် ဆက်လက် ပါနေဦးမည်ဖြစ် ပေသည်။
အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း တိုင်းရင်းသား လူမျိုးစုမည်မျှနှင့် စာရင်းသွင်း တွက်ချက်မည်ဆိုသည့် အချက်မှာ သန်းခေါင်စာရင်း အချက်အလက်ထည့် သွင်းရာတွင် ကွန်ပျူတာစနစ် သုံးခြင်းကြောင့် အရေးပါ လာပေသည်။ ရှေးယခင် ကကဲ့သို့ စာရင်းကောက်ယူလျှင် လူမျိုး ကိစ္စသည် စာရင်းတွင် မပါသည့် လူမျိုးများ တွေ့ရှိပါက ထပ်တိုး စာရင်းဖြင့် ထည့်သွင်း နိုင်သော်လည်း ကွန်ပျူတာစနစ်သည် ပရိုဂရမ် အခြေပြုကာ အချက်အလက် ကောက်ခံသူက ကောက်ခံ ပေးရမည် ဖြစ်ခြင်းကြောင့် စာရင်းသွင်း ဖြည့်စွက်မှုများသည် ကွန်ပျူတာကုဒ် စနစ်ကို အထောက်အကူပြုသည့် တိကျ သောပုံစံဖြင့် သွားရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးအတိ အကျ စာရင်းထားရှိမှ အချက်အလက် ထည့်သွင်း၍ ရမည်ဖြစ်သည်။ တာဝန်ရှိ သူ၏ ခရီးစဉ်များတွင် ပြောကြားသည့် မိန့်ခွန်းများအရ တိုင်းရင်းသား ၁၃၅မျိုး ကို အခြေခံမည်ဖြစ်သည်။ ကွန်ပျူတာ စနစ်ကြောင့် လူမျိုးစု အမည်များကို လည်း သတ်မှတ်ချက်အတိုင်း အတိအကျ ရေးရမည်ဖြစ်ရာ ထိုစနစ် သုံးသည်နှင့် ကုဒ်နံပါတ်ဖြင့် စာရင်းသွင်း ရမည်ဖြစ်ရာ တိုင်းရင်းသား အခေါ်အဝေါ်များ မသေမချာ ဖြေမိ လျှင်ကုဒ်သွင်းသည့် အခါမှားယွင်း နိုင်သဖြင့် နစ်နာမှု ရှိလာပေမည်။
ဥပမာ အားဖြင့်လူမျိုး ၁၃၅မျိုးနှင့် ထည့်သွင်း စာရင်းကောက်လျှင် ရှမ်းလူမျိုးစု ၃၀ကျော် စာရင်းတွင် ရှမ်းနီ (သို့မဟုတ်) ရှမ်းဗမာ လူမျိုးကို မတွေ့ရပေ။ ရှမ်းနီတို့၏ ရှေးအကျဆုံး အမည်မှာ တိုင်းလျံ ဖြစ်သည်။ ၁၉၇၃ခုနှစ်က သတင်းစာတွင် ထုတ်ပြန်ထားသည့် လူမျိုးစု စာရင်းတွင် ရှမ်းဗမာလူမျိုးဟု ပါသော်လည်း ၁၃၅မျိုးတွင် ရှမ်းနီ (သို့မဟုတ်) ရှမ်းဗမာတို့ကို တိုင်းလျမ် အမည်ဖြင့် ပါရှိလာသည်ကို တွေ့ရသည်။ ထိုအမည်သည် လူသုံးနည်းပါးသည့် အမည်ဖြစ်သည်။ သူတို့ ကိုယ်သူတို့ ယခုအခါ ပြောဆိုနေကြသည်မှာ ရှမ်းနီ ဟူ၍လည်းကောင်း၊ ရှမ်းဗမာဟူ၍ လည်း ကောင်းခေါ်ဆိုကြသည်။ တိုင်းလျံဟု ခေါ်ဆိုသူ အနည်းအကျဉ်း ရှိသည်။ ၁၃၅ မျိုး စာရင်းတွင် တိုင်းလွယ်၊ တိုင်းလုံ၊ တိုင်းလျမ်ဟူသည့် လူမျိုး အမည်များပါ ၀င်ပြီး တိုင်းရင်းသားတို့ အတွင်း နားရည် ၀နေသည့် ရှမ်းနီ (သို့မဟုတ်) ရှမ်းဗမာ ဟူသည့်အမည်မျိုး မပါဝင်ချေ။ တိုင်းလွယ်၊ တိုင်းလုံ၊ တိုင်းလျမ် ဟူသည့် အမည်များသည် အသံမတိမ်းမယိမ်း တူသဖြင့် အချိန်မရွေး အုပ်စုတစ်ခု အတွင်းသို့ မှားယွင်း ရေးသွင်း နိုင်ပေသည်။ တိုင်းလျံခေါ် ရှမ်းနီလူမျိုးစုသည် ကချင်ပြည်နယ်တွင် ကချင်ပြီးလျှင် ဒုတိယအများဆုံး လူမျိုးစုကြီး ဖြစ်သည်ဟု ဆိုသည်။ ရှမ်းနယ်တွင်လည်း ပျံ့နှံ့နေထိုင် သူများဖြစ်သည်။ သူတို့ကိုယ် သူတို့ရှမ်း ဗမာဟု အခေါ်များခြင်းကြောင့် တစ်ချိန်က သန်းခေါင်စာရင်း လုပ်သည့်အခါသည် လူမျိုးအမည်မှာ တိုင်းရင်းသားစာရင်း တွင်မရှိဟုဆိုကာ သန်းခေါင်စာရင်း အရာရှိကရှမ်း (သို့မဟုတ်) ဗမာစာရင်းထဲသို့ ထည့်သွင်းခဲ့ခြင်းကို ခံခဲ့ရကြောင်း ၎င်းင်းတို့၏ တင်ပြချက်အရ သိရှိရသည်။ ယခုကောက်ယူမည့် ကွန်ပျူတာ စနစ်ကို အခြေခံသော သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကောက်ယူသူက သတ်မှတ်စာရင်း တွင်ပါသည့် အမည် စာရင်းအတိုင်းသာ ကောက်ယူမည် ဖြစ်သည်။ ဖြေကြားသူက ရှမ်းနီ (သို့မ ဟုတ်) ရှမ်းဗမာဟု မိမိတို့ကိုယ်ကိုယ် ခေါ်နေကျအတိုင်း ဖြေလိုက်သည်နှင့် ၎င်းတို့အား တာဝန် ပေးထားသည့် စာရင်း ဇယားတွင် ပါဝင်သည့် လူမျိုးအမည် မဟုတ်ဟု စာရင်းကောက်သူက ယူဆ လိုက်လျှင် သင့်တော်ရာ စာရင်းများသို့ ထည့်သွင်း ခံရမည်ဖြစ်သည်။ ထိုသို့ ထည့်သွင်း လိုက်သည်နှင့် မိမိတို့ တိုင်းရင်းသား လူဦးရေ စာရင်းမှ လျော့ပါးသွားမည်ဟု ယူဆရန်ရှိပေသည်။ ထိုသို့ ဖြစ်ပေါ်လာလျှင် သာမန်အားဖြင့် မသိသာ လှသော်လည်း နိုင်ငံရေးတွင် များစွာအရေးပါသည့် အချက် တစ်ခုဖြစ်နေပေသည်။
ထို့အတူ ရခိုင်ပြည်နယ်တွင် ခမီလူမျိုး ရှိသကဲ့သို့ ချင်းပြည်နယ်တွင်လည်း ခမီလူမျိုး ရှိပေသည်။ သမိုင်း ကြောင်းအရ အတွင်းကျကျ လေ့လာသည့်အခါ မျိုးနွယ်စုနှစ်စုမှာ ဆက်နွှယ်မှု ရှိပေသည်။ ခရီးဝေးသွားသဖြင့် ကွာခြားလာသည်များ ရှိသော်လည်း သုတေသနပြုချက်အရ ဆက်နွှယ်နေသည့် လူမျိုးများဖြစ်သည်။ တိုင်းရင်း သား ၁၃၅မျိုး စာရင်းတွင် ချင်းလူမျိုးစုအတွင်း ကခမီကို ခမီဟု သုံးထားပြီး ရခိုင်ပြည်နယ်တွင် ရှိသည့်ခမီကို ခမွီးဟု သုံးထားသည် ကိုတွေ့ရသည်။ သို့သော် တိုင်းရင်းသား လူမျိုးစု နှစ်မျိုးလုံးက သူတို့ကိုယ် သူတို့ခေါ်သည့်အခါ ခမီ (သို့မဟုတ်) ခမီးဟုပင် ခေါ်ကြသည်။ ချင်းပြည်နယ်တွင်းရှိ ခမီကခမီ (သို့မဟုတ်) ခမီးခေါ်ခြင်းမှာ သန်းခေါင်စာရင်း ကောက်ယူရာ တွင်ထိခိုက်မှု မရှိသော်လည်း ရခိုင်ပြည် နယ်တွင်းရှိ ခမီကခမီ (သို့မဟုတ်) ခမီးဟု ဖြေဆိုခြင်းသည် ထိခိုက်မှုရှိနိုင်သည်ကို တွေ့ရပေသည်။သူတို့ကိုယ်သူတို့ မည်သူ ကမျှခမွီးဟု အသံထွက်လေ့ မရှိဟု သိရသည်။ တစ်ခါတစ်ရံ မြိုခမီဟု သူတို့ ကိုယ်သူတို့ ပြောလေ့ရှိသည်။ တိကျသည့် ကွန်ပျူတာစနစ် ပုံစံအတိုင်း ရေးသွားလျှင် ခမီဆိုသည်နှင့် ချင်းအုပ်စု စာရင်းထဲ သို့ရောက် သွားမည် ဖြစ်သည်။ မြိုခမီဟု သုံးလျှင်လည်း မြိုလူမျိုးစု ထဲသို့လည်းကောင်း၊ ခမီလူမျိုးစု ထဲသို့ လည်းကောင်း စာရင်းကောက်သူ၏ စိတ်ခံစားချက် အပေါ်မူတည်ကာ ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့်စာရင်း ကောက်ယူသူ၏ ကိုင်တွယ် အသုံးပြုမှုနှင့် စဉ်းစားဉာဏ်သည် အခရာဖြစ်နေသည်ကို တွေ့ရသည်။ စာရင်းကောက်သူက ရခိုင်ပြည်နယ် ထဲတွင် ကောက်ယူခြင်းဖြစ်သဖြင့် ခမီဟု ဖြေဖြေ၊ ခမီးဟုဖြေဖြေ၊ ခမွီးကို ဆိုလိုကြောင်း သိနေသဖြင့် ပြင်ဆင်ကောက်ခံ ခြင်းပြုလုပ်ခဲ့လျှင်သော် လည်းကောင်း၊ ခမီလူမျိုးစု ခေါင်းဆောင်တို့က စည်းရုံးဟောပြောကာ သန်းခေါင်စာရင်းလာ ကောက်လျှင် ကိုယ့်လူမျိုးအမည် ကိုမိမိ တို့ ခေါ်နေကျ အတိုင်း မဖြေဘဲ ခမွီးဟု ဖြေရန်ပြောထားခြင်း သော်လည်း ပြုလုပ်နိုင်မှ သာလျှင် အဖြေမှန်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက ခမီဟုဖြေသည်နှင့် ချင်းအုပ်စုရှိခမီများတွင် လူဦးရေ များတိုးပွား နေမည်ဖြစ်ပြီး ရခိုင်အုပ်စုရှိ ခမီလူမျိုးစုတွင် လူဦးရေ နည်းသွားမည်ဖြစ်သည်။ နိုင်ငံရေးအရ ရွေးချယ်ပိုင်ခွင့် ကိစ္စပေါ်ပေါက်လာသည့် အခါမျိုးတွင် နစ်နာမှုရှိနိုင်သည့် အချက်တစ်ခုဖြစ်သည်။ထိုကဲ့သို့ နစ်နာမည့် တိုင်းရင်းသား လူမျိုးစုများမှာ အများအပြားပင်ဖြစ် လာနိုင်သည်။
အမှန်အားဖြင့် တိုင်းရင်းသား လူမျိုးစု အမည်စာရင်းတွင် အခြားဒေသအခေါ် အမည်ကွဲများရှိပါက ထိုအချက်ကို လေ့လာသုတေသန ပြုကာ ထိုအမည်ကွဲများကို မှတ်ချက်ဖြင့် ထည့်သွင်းပေး ထားနိုင်လျှင် ထိုပြဿနာအတွက် အနည်းနှင့် အများဖြေရှင်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။ သို့မဟုတ်ပါက နိုင်ငံရေး အခွင့်ကောင်း စောင့်နေသူများ အတွက် ဖန်တီး ရယူနိုင်သည့် လုပ်ကွက် တစ်ခုဖြစ် နိုင်သည်ကို တွေ့ရသည်။ ဖြစ်လာ နိုင်သည့် အချက်များကို အရှည်မျှော်တွေးကာ ပညာရှင်များနှင့် သုတေသနပြုဆောင် ရွက်သင့်သည့် ကိစ္စများ ဖြစ်သော်လည်း အချိန်မရှိတော့ချေ။ စီစဉ်ပြီးဖြစ်သည့် အတိုင်း ဆက်လက် ဆောင်ရွက်မည် ဆိုပါက နိုင်ငံတော် အနေဖြင့် လူဦးရေ အရှိစာရင်းကို ရရှိနိုင်မည် ဖြစ်သော်လည်း တိုင်းရင်းသားအလိုက် လူဦးရေသည် အနည်းနှင့် အများ အမှားအယွင်း ရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားတို့ အနေဖြင့်မိမိတို့ တိုင်းရင်းသားလူဦးရေကို မနစ်နာ စေလိုလျှင် ထိုပြဿနာများအား မည်သို့ ဖြေရှင်းကြမည်ဆိုသည်ကို မိမိတို့ တိုင်းရင်းသားမျိုးနွယ်စုများ အတွင်းကြို တင်ညှိနှိုင်းစီစဉ် ထားရန် လိုအပ်ပေသည်။ ခေတ်မီ တိုးတက်သည့် သန်းခေါင်စာရင်း ကောက်ယူမှု စနစ်သစ်က ခေတ်မမီ မတိုးတက်သည့် အချက်အလက် ဟောင်းများကို အခြေခံထားသည့် တိုင်းရင်းသား အမည် စာရင်းများကြောင့် ကိုယ်က အဖြေမှားလျှင် စာရင်းမှားသို့ ရောက်ကာ နစ်နာကြရမည် ဖြစ်သည်ကို တိုင်းရင်းသားတိုင်း သိရှိထားရန် လိုပေသည်။ ထို့အတူစာရင်း ကောက်ယူမည့် လုပ်ငန်းတွင် တာဝန်ယူကြမည့် သူများ၏ ပြည့်ဝသည့် ဒေသန္တရ ဗဟုသုတနှင့် မှန်ကန်သည့် စေတနာပါမှုသည်လည်း အရေးပါ မည်ဖြစ်သည်။ ၎င်းတို့က လူမျိုးစွဲ တစ်ခုခုကြောင့် သော်လည်းကောင်း၊ ရည်ရွယ်ချက်တစ်ခုခု ရှိနေလျှင်သော် လည်းကောင်း၊ စာရွက်ပါ အတိုင်း တိကျစွာ အချက်အလက် ဖြည့်သွင်းကြ မည်ဆိုလျှင် သော်လည်းကောင်း၊ ထိုသို့ သောအမေးမှား၊ အဖြေမှားများ ရင်ဆိုင်ကြရလျှင် ““အချက်အလက်များ မမှန်ကန်ပါက နစ်နာသူမှာ ပြည်သူသာ”” ဟူသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ဆောင်ပုဒ်အတိုင်း ပြည်သူတို့သာ နစ်နာ ကြမည်လည်း အမှန်ပင်ဖြစ်သဖြင့် ကြိုတင်စဉ်းစား စီစဉ် ဆောင်ရွက်ရန် လိုအပ်ပေသည်။
ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)