Monday, December 2, 2013

မြန်မာနိုင်ငံ၏ ကျေးဇူးရှင် ဆရာယုဒသန်


judsonအထက်ပါခေါင်းစဉ်ဖြင့် အစချီပြီး ရေးလိုက်သော စာမူကို ဖတ်ရှုသူတိုင်း အံ့သြကောင်း အံ့သြ သွားပါလိမ့်မည်။ ဆရာယုဒသန်သည် မြန်မာသမိုင်း၌ ရာဇ၀င် တွင်သော မြန်မာအင်္ဂလိပ် စစ်ပြေ ငြိမ်းစာချုပ် ဖြစ်သော ရန္တပို စာချုပ် ၌ စကားပြန်အဖြစ် သမိုင်း မှတ်တမ်း တင်ခဲ့ပါသည်။ သို့ရာတွင် သမိုင်း သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဖြူဖြူဝင်း1  မှ ဆရာကြီး ယုဒသန်သည် ရန္တပို စာချုပ်၌ စကားပြန် အဆင့်သာလျှင် မဟုတ်ဘဲ စစ်ပြေငြိမ်းရန် အောင်သွယ်သူ (Negotiator) ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြဘူးပါသည်။
ဒေါက်တာဖြူဖြူဝင်းက ဆက်လက်ဖေါ်ပြသည်မှာ မြန်မာနိုင်ငံသားများ အတွက် မြန်မာ ကျမ်းစာ ဘာသာပြန်ပေးခြင်း၊ မြန်မာ အင်္ဂလိပ်နှင့် အင်္ဂလိပ် မြန်မာဘာသာ ပြန်ပေးခြင်းသည် မြန်မာနိုင်ငံသား အားလုံးအတွက် တန်ဘိုးဖြတ်၍ မရသော သမိုင်း အမွေအနှစ် ဖြစ်သည် ဟု ဆိုသည်။ ထို့အပြင် “ရန္တပို စာချုပ်” ၌ မြန်မာ အင်္ဂလိပ် စစ်ပြေငြိမ်း စာချုပ် ချုပ်နိုင်အောင် ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်ခြင်းကို ကြည့်ခြင်းအားဖြင့် ဆရာကြီးအား မြန်မာ့ နိုင်ငံရေးသမိုင်း ၌လည်း မှတ်တမ်းတင် ဂုဏ်ပြုထိုက်သူဖြစ်သည်ဟု ဆက်လက်ဖေါ်ပြသွားပါသည်။ သို့ဖြစ်၍ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ ချီတက်နေသော မြန်မာနိုင်ငံ၏ ယနေ့ အချိန်အခါတွင် သမိုင်းဖြစ်ရပ်မှန် များကိုလည်း မှတ်တမ်းတင်အပ်သည်ဟု ယူဆမိပါသည်။
yandapoအထူးသဖြင့် ဆရာကြီး ယုဒသန်၏ မြန်မာနိုင်ငံသို့ ရောက်ရှိသော အနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ကာလတွင် ဤ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြလိုခြင်းလည်း ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ဗီအိုအေ (VOA) မြန်မာဌာန၌ အမှုထမ်းခဲ့သူ ဦးကြင်ဦး (၉၄ နှစ်) 2 အင်္ဂလန်နိုင်ငံ သွားရောက်စဉ်က ရရှိခဲ့သော၊ မြန်မာစာမှ အင်္ဂလိပ်လို ဘာသာပြန်ထားသော ရန္တပိုစာချုပ် ကိုလည်း ပူးတွဲတင်ပြထားပါသည်။
ဆရာကြီး ယုဒသန်၏ သမိုင်းကြောင်းကို ဤဆောင်ပါး၌ အကျယ်တ၀င့် မဖေါ်ပြတော့ပါ။ ယခု ဆောင်းပါး၌  အဓိကဖေါ်ပြလိုသည်မှာ မြန်မာနိုင်ငံ၌ ဆရာကြီးကျဲခဲ့သော မျိုးစေ့များ အမေရိကန် နိုင်ငံ ၌ ယနေ့ ပေါက်ဖွားနေသည့် အကြောင်းကို ဖေါ်ပြသွားပါမည်။ သခင်ယေရှုသည် ကောင်းကင် နိုင်ငံတော် ကိုစွန့်ပြီး အပြစ်သားအားလုံး အတွက် လောက ကို ကြွဆင်းသကဲ့သို့ ဆရာကြီး ယုဒသန်သည် တိုးတက်နေသော အမေရိကန် နိုင်ငံကို ကျောခိုင်းပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ သူ၏ အသက်၊ ဇနီး ၂ ယောက်၏ အသက်၊ သားသမီးများ၏ အသက်ကိုပါ ပေးလှူ စတေးခဲ့ပါသည်။
ဤကဲ့သို့ မြန်မာနိုင်ငံသို့ အနစ်နာခံ အဆင်းရဲခံပြီး နောက်ဆုံး သူ၏ အသက်ကိုပါ စတေးခဲ့ပါသော်လည်း ငြီးငြူခြင်း လုံးဝမရှိခဲ့ဘဲ “သခင်ယေရှု အတွက်သာဆိုရင်” ဆိုပြီး အံသွားခဲကြိတ်လျက် ကျဲခဲ့သော မျိုးစေ့များ ယနေ့ တိုင်အောင် ပေါက်ဖွားနေဆဲ ဖြစ်ပါသည်။
ဆရာကြီး မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ အနှစ် ၂၀၀ ပြည့်ပြီ ဖြစ်ပြီး အသက်စွန့်ခဲ့သော ၁၈၅၀ မှ ရေတွက်ပါက နှစ်ပေါင်း (၁၆၃) နှစ်ခန့် ကြာခဲ့ပါပြီ။ သို့ရာတွင် သူကျဲခဲ့သော မျိုးစေ့များ ပေါက်နေဆဲဖြစ်ပြီး ဆက်လက်ပေါက်နေဦးမည်ဖြစ်သည်။ သူ၏ စွန့်လွှတ် အနစ်နာ ခံခဲ့မှုကြောင့်လားမသိ၊ ယနေ့ မြန်မာနိုင်ငံသားများ အမေရိကန် နိုင်ငံသို့ တဖွဲဖွဲ ရောက်ရှိလာခြင်း သည်လည်း အံ့သြလောက်ပေသည်။ ကမ္ဘာပေါ်ရှိ လူမျိုး အားလုံးရောက်ရှိသော နိုင်ငံကို လက်ညိုးထိုးရမည် ဆိုလျှင် အမေရိကန်နိုင်ငံကိုသာ ထိုးရမည်ပင်။ မြန်မာနိုင်ငံရှိ လူမျိုးနွယ်စု ၁၃၅ မျိုးစလုံးပင်လျှင် ရောက်ရှိနေပြီဟု ယူဆရပါသည်။
ဦးကြင်ဦး၏ ဖေါ်ပြချက်အရ ရခိုင် အမျိုးသား တစ်ယောက် သဘောင်္ပေါ်မှ ခုန်ဆင်းပြီး ခြေချနေထိုင် ခဲ့ရာမှ အစပြုပြီး ယနေ့ အမေရိကန် နိုင်ငံ တ၀ှမ်းလုံးရှိ ပြည်နယ် အသီးသီး ၌ မြန်မာနိုင်ငံသားများ ပြန့်နှံ့ရောက်ရှိနေပြီဖြစ်ပါသည်။ ယေးလ် တက္ကသိုလ် သို့ မြန်မာစာ ဘာသာပြန်အဖြစ် ရောက်ရှိသူ ဦးခင် ၏ ပြောပြချက်အရ အထက်ဖေါ်ပြပါ ရခိုင်အမျိုးသားသည် အမေရိကန် နိုင်ငံတွင် ခြေချနေထိုင်သော ပထမဦးဆုံး မြန်မာနိုင်ငံသား ဖြစ်မည် ဟု ခန့်မှန်းရပြီး လွန်ခဲ့သည့် နှစ်ပေါင်း (၅၅) ခန့်ကဖြစ်ဟန် ရှိသည်။
အမေရိကန် နိုင်ငံသို့ ဦးစွာ ရောက်ရှိခဲ့သူ မြန်မာနိုင်ငံသား များနှင့် ပတ်သက်ပြီး ဗာဂျီးနီးယား ပြည်နယ်တွင် နေထိုင်သူ ဦးဆိုင်းလိန်3 ၏ ကိုယ်တိုင်ပြောပြချက် သည်လည်း စိတ်ဝင်စားစရာကောင်းလှသည်။ သူ၏ ပြောပြချက်အရ ချင်းအမျိုးသားများထဲမှ ဆရာကြီး ဦးအက်(စ်)တီ ဟောက်ဂို၊ ဦးတိုက်ကွဲလ် နှင့် ဦးစောကူလ် တို့သည် ၁၉၅၇ နှင့် ၁၉၅၈ ပါတ်ဝန်းကျင် များတွင် အမေရိကန် နိုင်ငံသို့ ပညာသင်ရန် ရောက်ရှိလာခဲ့ကြသူများဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်သွားကြသည်။ ၁၉၅၈ တွင် ပညာသင်ကြားရန် ရောက်ရှိလာသော ဒေါက်တာ နိပ်ဆန်း (Nei Sang) သည်၊ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အာဏာသိမ်း သောအခါ မြန်မာနိုင်ငံသို့ ပြန်မည့် အစား အမေရိကန် နိုင်ငံတွင် ဆက်လက်နေထိုင်ခဲ့သည် ဟုဆိုပါသည်။ ထို့ကြောင့် ဒေါက်တာနိပ်ဆန်း သည် အမေရိကန်နိုင်တွင် ခြေချနေထိုင်ရန် အဦးဆုံး ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်နိုင်သည် ဟု ဦးဆိုင်းလိန် က ဆိုပါသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း တဖြည်းဖြည်း ပိုမို၍ အမေရိကန် နိုင်ငံ သို့ရောက်ရှိလာကြကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ စစ်အစိုးရ၏ အုပ်ချုပ်မှု စနစ်ကြမ်းတမ်းမှုကြောင့် မြန်မာနိုင်ငံသားများ ပို၍ပို၍ ရောက်ရှိလာကြကြောင်း သိရပါသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံသားများ အမေရိကန် နိုင်ငံသို့ ပိုမိုရောက်ရှိ ခြင်းမှာ နိုင်ငံရေးနှင့် ဆက်နွယ် ကြောင်း နားလည်ရပါသည်။ ဤသို့ အားဖြင့် နှစ်ပေါင်း (၅၀) ပါတ်ဝန်းကျင် ကြာလာသော အခါ နည်းအမျိုးမျိုးဖြင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိလာကြပါသည်။ အမေရိကန်နိုင်ငံသို့ ရောက်ရှိရန် ကျိုးစားရင်း ဒုတိယနိုင်ငံတွင် အသက်ပါ ပျောက်ဆုံး ခဲ့သူများလည်း ဒုနှင့် ဒေး ရှိခဲ့ပါသည်။ မြန်မာ့ နိုင်ငံရေး ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပြန့်နှံ့ရောက်ရှိလာ ကြသည့် အနက် အမေရိကန် နိုင်ငံသို့ ရောက်ရှိသူသည် အများဆုံး ဖြစ်နိုင်ပါသည်။
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ယုံကြည်မှု
မြန်မာနိုင်ငံရှိ လူမျိုးနွယ်စုများ၏ ကိုးကွယ်သော ဘာသာသည် တစ်သီးတစ်ခြားစီ ဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံ ရောက်ရှိသော မြန်မာနိုင်ငံသားများ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာ တရားများသည်လည်း ကွဲပြားခြားနား ကြမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ သို့ရာတွင် ဤဆောင်းပါး၌ အဓိက တင်ပြလိုသည်မှာ ခရစ်ယာန်ဘာသာဝင်များ၏ အကြောင်း တစ်စေ့တစ်စောင်း ဖေါ်ပြလိုခြင်း ဖြစ်ပါသည်။ သိက္ခာတော်ရဆရာကြီး ဒေါက်တာ စောလယ်ထူး 4 ထံမှ မေးမြန်း ရရှိခဲ့သော စာရင်းအရ အမေရိကန်ရောက် မြန်မာခရစ်ယာန် အဖွဲ့အစည်းများအကြောင်းကို အောက်ပါ အတိုင်း ဖေါ်ပြသွားပါမည်။
(၁) Burmese Christian Association of North America (BCANA)
ဤအသင်းတော်များ အဖွဲ့ကို အေဒီ ၂၀၀၀ ခုနှစ်ခန့် တွင် စတင်ဖွဲ့စည်းပြီး အသင်းတော်ပေါင်း (၁၄) ပါး ပါဝင်သည်။ ယခု လက်ရှိတွင် သဘာပတိ အဖြစ် Rev. Laphai Zauya အမှုတော်ဆောင်များ ဦးဆောင်သူမှာ Rev. Samuel Saw ဖြစ်ပြီး အတွင်းရေးမှူးမှာ Lawrence Chaw ဖြစ်ပါသည်
(၂) Karen Baptist Churches USA
ဤ အသင်းတော်များ အဖွဲ့သည် ၂၀၀၈ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ အသင်းတော်ပေါင်း (၇၂) ပါး ပါဝင်ပါသည်။ သဘာပတိ အဖြစ် Rev. Tha Hgay ဦးဆောင်ပြီး၊ Rev. Dr. Saw Ler Htoo က အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူပါသည်။
(၃) Chin Baptist Churches USA
ဤ အသင်းတော်များ အဖွဲ့ကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့ စည်းပြီး ယနေ့ အသင်းတော်ပေါင်း (၆၃) ပါး ပါဝင်သည်။ သဘာပတိ အဖြစ် Rev. Ngun Awi နှင့် အတွင်းရေးမှူး အဖြစ် Rev. C. Duh Kam တို့က ဦးဆောင်လျှက်ရှိပါသည်။
(၄) Chin Baptist Association of North America
ဤအသင်းတော်များ အဖွဲ့ကို ၂၀၀၈ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ပြီး အသင်းတော် (၂၄) ပါး ရှိပြီဖြစ်သည်။ အသင်းတော် သဘာပတိ အဖြစ် Rev. Sa Tin Lal နှင့် အတွင်းရေးမှူးအဖြစ် Pu Lal Nei Mang တို့မှက ဦးဆောင်လျှက်ရှိသည်။
အထက်ပါ အဖွဲ့အစည်း (၄) ဖွဲ့ အပြင် အဖွဲ့အစည်း အဖြစ် စနစ်တကျ မဖွဲ့စည်း ရသေးသော်လည်း အသင်းတော်များဖြင့် အတော်အသင့် စုစည်းထားသော အောက်တွင် ဖေါ်ပြထားသော အဖွဲ့အစည်းများ လည်းရှိသေးသည်။
(၁) Kachin American Association
Rev. Dr. Lahpai Zau Ya မှ ဦးဆောင်ပြီး အသင်းတော် (၉) ပါးခန့် ရှိပါသည်။
(၂) Kachin Baptist Minister Council
၂၀၁၂ ခုနှစ် တွင်ဖွဲ့စည်းထားပြီး သဘာပတိ Rev. Dr. Kam Sai Say နှင့် အတွင်းရေးမှူးအဖြစ် Rev. Yawba Lasaw တို့ဖြစ်ကြသည်။
(၃) Non denominational & Pentacostal Myanmar Churchs
အသင်းတော်ပေါင်း (၈၀) ခန့် ပါဝင်ကြောင်း သိရသည်။
(၄) Zomi အသင်းတော်များ
အမေရိကန် နိုင်ငံ ရှိ Zomi အသင်းတော်များ ကို Pu Go Sawm Khup က စုစည်း ပြုစုထားရာ အသင်းတော်ပေါင်း (၇၃) ပါး ရှိပါသည်။ တရားဝင် အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ဂိုဏ်းဂဏ အသီးသီး၏ စာရင်းကို စုစည်း တင်ပြထားခြင်းသာ ဖြစ်သည်။ သို့သော် Zomi Christian Minister Fellowship ခေါ် အမှုတော်ဆောင်များ အဖွဲ့ကို ၂၀၁၀ ခုနှစ် မှစတင် ဖွဲ့စည်းထားပြီး၊ သဘာပတိအဖြစ် Rev. Thawng Khan Cin နှင့် အတွင်းရေးမှူးအဖြစ် Rev. John Thang Vum နှင့် ဘဏ္ဍာထိန်း အဖြစ် Rev. Dr. Tung Za Pau တို့မှ ဦးဆောင်ကြပါသည်။
(၅) တိုင်းရင်းသားအသင်းတော်များ
အထက်ဖေါ်ပြပါ အသင်းတော်၊ အဖွဲ့များ အပြင် အခြား မြန်မာ တိုင်းရင်းသား များနှင့် မျိုးနွယ်စု တစ်ချို့လည်း အသင်းတော် အစပြုကြရာ စုစည်းပြီး အမည်နာမ မထွက်ရှိသေးသော အသင်းတော်များလည်း ဖူးပွင့် နေကြဆဲ ဖြစ်ပါသည်။
အမေရိကန် နိုင်ငံရှိ မြန်မာ အသင်းတော်များ၏ အခြေအနေ ကြုံတွေ့ရသော အခက်အခဲများ
(၁) ဆရာကြီး ယုဒသန် မြန်မာနိုင်ငံ သို့ ရောက်ရှိပြီး နှစ်ခြင်း အသင်းတော် အစပြုပေးခဲ့သည်။ ဆရာကြီး နောက်ပါလာသော အမှုတော်ဆောင် ကြီးများလည်း အမေရိကန် နှစ်ခြင်း မစ်ရှင် (ABM) များသာလျှင် ဖြစ်ပါသည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့် အမျှ ဂိုဏ်းဂဏ အသီးသီး မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါသည်။ အမေရိကန် နိုင်ငံသို့ ရောက်ရှိလာသော အခါ ရောက်ရှိသော ပြည်နယ်၊ မြို့ များ၌ ဂိုဏ်းဂဏ ပေါင်းစုံ ရောနှော ရောက်ရှိကြပါသည်။ သို့ရာတွင် အချို့ အသင်းတော်များသည် ဂိုဏ်းဂဏ အမည် အစား ခရစ်ယာန် ဟုသာ သုံးနှုံးကြပါသည်။ ဥပမာ Chin Christian Church ။
(၂) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအသီးသီးမှ သော်လည်းကောင်း တောင်ပေါ် ဒေသနှင့် မြေပြန့် ပြည်နယ် တစ်ခု မြို့တစ်မြို့ သို့ ရောနှော ရောက်ရှိ ကြရာ သူတို့ နားလည်သော ကိုးကွယ်မှု ပုံစံကို ဦးစားပေး ချင်ကြသည်။
(၃) ဘာသာရေး သို့မဟုတ် အသင်းတော် တစ်ခုခုတွင် ကြီးထွားရင့်ကျက်သူ နည်းပြီး မတောက်တခေါက် သိ၊ တတ်သူများခြင်း၊ တနည်းအားဖြင့် အမေရိကန် ရောက်ရှိရန် ခရီးရှည်ကို သွားခဲ့ရာ၌ ဘုရား အမှန်တကယ် လိုအပ်ကြောင်း သိရှိ၍သာ အသင်းတော် အစပြုသူများခြင်း လည်း တစ်ခုပါဝင်သည်။
(၄) အမေရိကန် နိုင်ငံသို့ ရောက်ရှိသူ မြန်မာနိုင်ငံသား အများစုသည် ဘာသာရေးနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်သူ၊ အတွေ့အကြုံ ရှိသူ၊ ရင့်ကျက်သူ နည်းပါးပြီး စစ်ပြေး ဒုက္ခသည် များအဖြစ် ရောက်ရှိလာသူ ပို၍များသောကြောင့် (Little knowledge is dangerous) အခက်အခဲ များလည်း ကြုံတွေ့ရပါသည်။
(၅) ပထ၀ီအနေအထား ခြားနားခြင်း
မြန်မာနိုင်ငံသည် ကမ္ဘာ့ အရှေ့ဖျားနိုင်ငံ ဖြစ်သော်လည်း အမေရိက နိုင်ငံသည် အနောက်ဖျား၌ ရှိပြီး ပထ၀ီ အနေအထားသည် တခြားစီဖြစ်ပါသည်။ ပထ၀ီ အနေအထားသာ မကဘဲ ဘာသာစကားလည်း ဘာမှ မဆိုင်ပါ။ သို့ဖြစ်၍ Myanmar American များ အခက်အခဲပေါင်းစုံ နှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
(၆) အထက် အမှတ်စဉ် (၄) ၌ဖေါ်ပြသည့် အတိုင်း အရည်အချင်းရှိ၍ အမေရိကန် နိုင်ငံသို့ ရောက်ရှိခြင်း မဟုတ်ဘဲ စစ်ပြေးဒုက္ခသည် ပို၍များသည် နှင့် အညီ၊ အဆင့်အတန်းမရှိသူများ ပိုမိုများပြားပါသည်။ အရည်အချင်း ရှိသူများက ဆင်ဆင်ခြင်ခြင် နေထိုင်တတ်သော်လည်း၊ အရည်အချင်း မရှိသူတစ်ချို့က မိမိ တတ်သိထားသည့် အနည်းငယ်သော အတွေ့အကြုံများ ကို အဟုတ်ထင်တတ်ပြီး လူမှုရေးပြဿနာများ ဖြစ်ပေါ်စေတတ်ပါသည်။
(၇) အမေရိကန် နိုင်ငံသို့ အနည်းငယ်စောပြီး ရောက်ရှိသူများသည် ဘ၀င်မြင့်ပြီး နောက်မှ ရောက်ရှိသောသူများကို အထင်သေးသော ရောဂါလည်း နောက်မှ ရောက်လာသော သူများအတွက် ခံရခက်သော၊ နေရခက်သော ရောဂါ တစ်မျိုးဖြစ်သည်။
နိဂုံးချုပ်
ကျွန်တော်သည် မြန်မာနိုင်ငံ ရှိအသင်းတော် အသီးသီး၏ အခြေအနေကို လက်လှမ်းမှီသမျှ လေ့လာဘူးသူ ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ နှစ်ခြင်း အသင်းချုပ် စာပေနှင့် ပုံနှိပ်ထုတ်ဝေရေး ဌါနတွင် အမှုတော်ဆောင်ရင်း ရန်ကုန် စီးယင်း နှစ်ခြင်း အသင်းတော်၌ အမှုတော်ဆောင် တစ်ဦးအဖြစ် ပါဝင်သူ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် အမေရိကန် နိုင်ငံ ရောက်ရှိသော နှစ် ဧပြီ လမှ စ၍ Maryland State ရှိ US Siyin Baptist Church (USSBC) တွင် အမှုတော် ဆောင်ခွင့် ရခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန္န၀ါရီလ (၂၇) ရက်နေ့မှ စ၍ ယုံကြည်သူ တစ်ချို့၏ တောင်းဆိုချက်အရ ဒုတိယအကြိမ်အဖြစ် ၀ါရှင်တန် ပြည်နယ် ၌ Seattle Falam Baptist Church ကို အစပြုနိုင်ခဲ့ပါသည်။ ဤကဲ့သို့ မမျှော်လင့်ဘဲ အမေရိကန်နိုင်ငံတွင် အမှုတော်ဆောင်ခွင့်ပေးသော ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါသည်။ မည်သည့် နိုင်ငံဘဲ ရောက်ရောက် အမှုတော်ဆောင်ရာ၌ စာတန်မာရ်နတ် ၏ နှောက်ယှက်ခြင်း ရှိစမြဲ ဖြစ်သော်လည်း ယေရှု ပြုပြီးခဲ့သော အမှု “အမှုပြီးပြီ” ဟူသော ယေရှု၏ ကြွေးကျော်သံသည် ကျွန်တော့် ကို ခွန်အားဖြစ်စေပါသည်။ ဆက်လက်ပြီ အမေရိကန် နိုင်ငံရှိ အသင်းတော် အသီးသီး အတွက် ဆုတောင်း ပေးကြပါရန်လည်း မေတ္တာရပ်ခံ ဖေါ်ပြခြင်း ဖြစ်ပါသည်။ အရေးကြီးဆုံးမှာ ဆရာကြီး ယုဒသန်၏ မြန်မာနိုင်ငံ ၌ပျိုးခဲ့သော မျိုးစေ့များ ထူးခြားစွာ အမေရိကန် နိုင်ငံ၌ ပေါက်ဖွားပြီး ပေါက်ဖွားဆဲ နှင့် ပေါက်ဖွားနေဦးမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ယနေ့အထိ အမေရိကန် ရောက် မြန်မာနိုင်ငံသား များထံမှ အသင်းတော်ပေါင်း ၃၃၅ ပါးခန့် ရေတွက်၍ မျိုးစေ့များ ပေါက်ခဲ့ပြီ ဖြစ်ပါသည်။ ဤ ကဲ့သို့ ဆရာယုဒသန် ကျဲခဲ့သော မျိုးစေ့များ မြန်မာနိုင်ငံ၌သာမက အမေရိကန် နိုင်ငံ အထိ တဖွဲဖွဲ ပေါက်ရှိလာခြင်းသည် အံ့သြ ဂုဏ်ယူ ၀မ်းမြောက်စရာပင်။ ထိုမျှသာမကဘဲ မြန်မာနိုင်ငံ၏ ကျေးဇူးရှင် ဆရာကြီးယုဒသန် ကို မေ့မရနိုင်သော ကျေးဇူးရှင် ဖခင်ကြီးဖြစ်ကြောင်း ထပ်ဆင့် မှတ်တမ်းတင်ရင်း ဂါရ၀ပြုပါသည်…။
Kip Thian Pau
ခေတ္တလိပ်စာ- 2528 Cedar Groove Ln., Elkridge, MD 21075
အမြဲတမ်းလိပ်စာ- 12632 SE, 298th Place, Auburn, WA 98092
(Tel) 443-531-1368
_______________________________________________________________________________________
1. ဒေါက်တာ ဖြူဖြူဝင်းသည် မန္တလေး ၀ိဇ္ဖာ/သိပ္ပံ တက္ကသိုလ် မြန်မာစာ ဌာနမှ ဆရာကြီး ယုဒသန်၏ မြန်မာ အင်္ဂလိပ် အဘိဓာန် စာအုပ် အားဖြင့် ပါရဂူ ဘွဲ့ (Ph.D) ဆွတ်ခူး ရရှိခဲ့သူ ဖြစ်ပါသည်။ သူ၏ လေ့လာ တွေ့ရှိချက် အရ ဆရာကြီးယုဒသန်၏ မြန်မာ အင်္ဂလိပ် အဘိဓာန် သည် ဆယ်ကြိမ်မြောက် ထုတ်ဝေခဲ့ပြီး ဖြစ်၍ ၂၀၀၅ ခုနှစ် ၌ နောက်ဆုံး ထုတ်ဝေသော (ထုတ်ဝေသူ ဒီ ကိတ်ချင့်ပေါင်) စာအုပ်သည် (၁၁) ကြိမ်မြောက် ထုတ်ဝေခြင်း ဖြစ်သည်။
2. ဦးကြင်ဦးသည် ၁၉၅၀ ခုနှစ်၌ အမေရိကန် နိုင်ငံ၏ မြန်မာ သံရုံး စာကြည့်တိုက်တွင် တာဝန် ထမ်းဆောင်ပြီး ၁၉၅၂ ခုနှစ် မှ ၁၉၈၃ ခုနှစ် အထိ ဗီအိုအေ (VOA) မြန်မာ အစီအစဉ်၌ (၃၁) နှစ်ခန့် တာဝန် ထမ်းဆောင်သူ ဖြစ်ပါသည်။ ယနေ့ အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ် ၌ နေထိုင်လျက်ရှိပြီး အသက် (၉၄) ကျော်ရှိပြီ ဟု သိရပါသည်။
3.  ဦးဆိုင်းလိန် သည် ၁၉၆၀ ပတ်ဝန်းကျင် များတွင် မြန်မာနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဦး ဇဟရဲလျန် ၏ ကိုယ်ရေး အရာရှိ (PA) ဖြစ်သည်။ ဖဆပလ တွင် Division Chief အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကမ္ဘာ့ ကုလသမဂ္ဂ ရုံး တွင် တာဝန် ထမ်းဆောင်ရန် အတွက် ၁၉၆၀ ခုနှစ်တွင် အမေရိကန် နိုင်ငံ သို့ ရောက်ရှိလာသူဖြစ်သည်။ ယနေ့ထိတိုင် အမေရိကန် နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်၊ ဗီယင်နာ မြို့ တွင် နေထိုင်လျက်ရှိသည်။
4. သိက္ခာတော်ရဆရာ ဒေါက်တာစောလယ်ထူးသည် ယနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ ရှိ ကရာနီမြန်မာအသင်းတော် (Calvary Burmese Church) ၏ သင်းအုပ်ဆရာနှင့် Karen Baptist Churches USA ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပါသည်။