Tuesday, December 10, 2013

ထိုင်းနိုင်ငံရေးကို လေ့လာရင် ထိုင်းမြောက်ပိုင်း၊ ထိုင်းအလယ်ပိုင်းနဲ့ ထိုင်းတောင်ပိုင်းတို့အခြေအနေကို သိနားလည်ရမှာ ဖြစ်တယ်။

ထိုင်းနိုင်ငံကို ကယ်တင်ရန် အချိန်သိပ်မရှိ

ထိုင်းနိုင်ငံရေးကို လေ့လာရင် ထိုင်းမြောက်ပိုင်း၊ ထိုင်းအလယ်ပိုင်းနဲ့ ထိုင်းတောင်ပိုင်းတို့အခြေအနေကို သိနားလည်ရမှာ ဖြစ်တယ်။

လက်ရှိထိုင်းဘုရင်မှာ ထိုင်းအလယ်ပိုင်းက ဖြစ်ပြီး သူ့ကို မြောက်ပိုင်းထိုင်းတို့ထက် အလယ်ပိုင်းထိုင်းနဲ့ တောင်ပိုင်းထိုင်းတို့က ပိုလေးစားပါတယ်။

ဇင်းမယ်ဆိုတာ မြောက်ပိုင်းမြို့တော်ဖြစ်ကာ မြန်မာတို့လက်အောက်မှာ နှစ်ရာချီနေခဲ့ဖူးတဲ့ ဒေသ ဖြစ်သလို ၁၁-ရာစုမှ ၁၃-ရာစုအထိ မွန်ယဉ်ကျေးမှုအမွေအနှစ်များကို တွေ့ရှိရတဲ့ဒေသ ဖြစ်တယ်။ အမှန်ကို ပြောရရင် မြန်မာပြည်အောက်ပိုင်းက အင်္ဂလိပ်လက်ထဲရောက်တဲ့နောက်ပိုင်းမှာမှ ဇင်းမယ်ဟာ ထိုင်းနိုင်ငံအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တာပါ။

မြန်မာနိုင်ငံအခြေအနေနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ မြောက်ပိုင်းက မြန်မာတို့က တောင်ပိုင်းရှိမွန်ုတို့ကို အောင်နိုင်ခဲ့ခြင်းဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘုရင်စနစ်မရှိတော့အတွက် အထက်မြန်မာနဲ့ မွန်တဖြစ်လဲအောက်မြန်မာတို့ သွေးကွဲမှုကနေ သက်သာရာရခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဘုရင်စနစ်ရှိသေးတော့ အမာရွတ်က မပျောက်ပါ။ ဇင်းမယ်သားတွေဟာ လက်ရှိချက္ကရီမင်းဆက်ကို စိတ်ထဲမှာ သူတို့ဘုရင်လို့ မသတ်မှတ်ကြတာမို့ ထိုင်းမြောက်ပိုင်းမှာ ဘုရင့်သြဇာသက်ရောက်မှု လျှော့နည်းနေပါတယ်။ ဒါကြောင့် ဘုရင်စနစ်ကို ကျားကန်ထားဖို့ တောင်ပိုင်းသား ပရမ် တင်စူလာနန္ဒာနဲ့ မွန်လူမျိုးအာနန်ပန်ယာရာချွန်တို့ကို အားကိုးအားထားပြုခဲ့ကြရပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးက ဘုရင်စနစ်ကို လုံးဝထောက်ခံကြသူများဖြစ်ကြပြီး လက်ရှိထိုင်းနိုင်ငံကို ခေတ်မီအောင် ဆောင်ရွက်ပေးခဲ့ကြသူများ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်(၂)ဦးကလည်း အခုနေအခါမှာ အသက်ကြီးရင့်နေပါပြီ။

မခိုင်လုံပေမဲ့ ဖြစ်နိုင်စရာရှိတာက ထိုင်းနန်းလျာမင်းသားဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ပါးရိုက်ဖူးတယ်ဆိုတဲ့ ကောလာဟလပါ။ သက်ဆင်က ဘုရင်စနစ်ကို ဖျက်သိမ်းပြီး စင်ကာပူလို အာဏာရှင်စနစ်ကောင်းတစ်ရပ် ထိုင်းမှာ ကျင့်သုံးဖို့ ကြိုးစားခဲ့တယ်။ မြန်မာနဲ့ကမ္ဘောဒီးယားတို့ကလည်း သက်ဆင်အတွေးအခေါ်ကို သဘောကျနေကြပါတယ်။ ဒါကြောင့် သက်ဆင်က မင်းအောင်လှိုင်ဆိုတာ သူ့လူပါလို့ ပြောခဲ့တာ ဖြစ်တယ်။

ထိုင်းရှိအနီများကို မဟန့်တားနိုင်ခဲ့ရင် ထိုင်းမှာ သက်ဆင်၊ ကမ္ဘောဒီယားမှာ ဟွန်ဆင်၊ မြန်မာမှာ မင်းအောင်လှိုင်တို့ကိုလည်း ဟန့်တားနိုင်မှာမဟုတ်ပါဘူး။ ဒီအုပ်စု(၃)အုပ်စုက ဗီယက်နာမ်နဲ့ လာအိုတို့ကိုပါ စည်းရုံးနိုင်ခဲ့ရင် အာဆီယံအသင်းကြီးရဲ့အနေအထားဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာဖြစ်တယ်။ အနောက်တိုင်းနိုင်ငံများကတော့ အာရှရှိဘုရင်စနစ်ကို ဖြုတ်ချဖို့ပဲ စဉ်းစားကြမှာပါ။ ကျန်တာ သိပ်စိတ်ဝင်စားမှာမဟုတ်ဘူး။

ဒါကြောင့် ထိုင်းစစ်တပ်၊ ထိုင်းရဲ၊ ထိုင်းအတိုက်အခံပါတီတို့ဟာ ထိုင်းဘုရင့်သက်တော်ထင်ရှား ရှိနေသေးတဲ့အချိန်မှာ ထိုင်းနိုင်ငံကို ကယ်တင်ဖို့ ကြိုးစားသင့်လှပါတယ်။ သက်ဆင်အာဏာပြန်မရအောင် ဟန့်တားခြင်းမှာ မြန်မာနဲ့ကမ္ဘောဒီးယားတို့မှာ ဒီမိုကရေစီထွန်းကားဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။

(မိမိအမြင်မျှသာ)