Thursday, December 5, 2013

တိုင်းရင်းသား လက်နက်ကိုင်တွေက ပေါင်းချင်ပေမယ့် ဗမာ စစ်တပ်က မပေါင်းချင်ဘူးတဲ့။

ဧရာဝတီ သတင်းဆိုက်က သတင်းခေါင်းစဉ် ပါ။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုး အားလုံး ကို ကိုယ်စားပြုနိုင်မှ ပြည်ထောင်စု စစ်တပ် လို့ ခေါ်တယ်။ လောလောဆယ်တော့ ဗမာလူမျိုးကိုတောင် အားလုံး ကို ကိုယ်စား မပြုသေးတာ အမှန်ပါ။

တိုင်းရင်းသား လက်နက်ကိုင်တွေက ပေါင်းချင်ပေမယ့် ဗမာ စစ်တပ်က မပေါင်းချင်ဘူးတဲ့။

သူတို့ဟာ သူတို့ ပြည်ထောင်စု တပ်မတော် လို့ ပြောကြတာပဲ။

အဲဒီ စစ်တပ်က တိုင်းရင်းသားတွေကို ကိုယ်စားပြုဖို့ မပြောသေးနဲ့အုံး ဗမာ လူထု ကိုတောင် ကိုယ်စားပြုသေးလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အကြောင်းကတော့... ဥပမာ...

စစ်ခွေးအကောင့် ပိုင်ရှင်တော်တော်များများက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်အယ်ဒီ နဲ့ ကျောင်းသား လှုပ်ရှားမှု ခေါင်းဆောင်တွေကို အချိန်ပြည့် တိုက်ခိုက်နေတာ တွေ့ရပါတယ်။

နိုင်ငံရေးပါတီ တခုခုက လူတွေ တိုက်ခိုက်တယ် ဆိုရင်တော့ အတိုက်အခံ ဖြစ်လို့ တိုက်ခိုက်တယ် ပေါ့။

ဒါပေမယ့် .. မြန်မာနိုင်ငံသား အားလုံး ကို ကာကွယ်ပေးမဲ့ တပ်မတော်သား ဆိုသူတွေက မြန်မာနိုင်ငံသားများနဲ့ ဖွဲ့ထားတဲ့ ပါတီ၊ ကျောင်းသား တွေကို တိုက်ခိုက်နေတာ ဆန်းတယ်။ 

သဘောက မြန်မာ နိုင်ငံသား အားလုံး ထဲမှာမှ ဗမာ လူထုကိုတောင် ကိုယ်စားမပြုသေးဘူး ဆိုတဲ့ သဘောပါပဲ။ တိုင်းရင်းသားလူနည်းစု များကတော့ တခါမှကို အသိအမှတ်ပြုသေးတာ မဟုတ်လေတော့ မဆန်းဘူးပေါ့။ တခါမှလဲ မကောင်းခဲ့ဖူးဘူးလေ။

အဲဒါကြောင့် ကိုယ့်လူမျိုး၊ ကိုယ်ဌာနေ ကို ကိုယ်စားပြုတဲ့ တပ်မတော် အသီးသီး လိုအပ်လာတာပါပဲ။ ဗမာတပ်မတော် ဆိုတာ ပြည်ထောင်စု တပ်မတော် မဟုတ်ဘူး။ အဲ... သူတို့ ပြောသလို လူမျိုး ပေါင်းစုံ ပါရင် ပါမယ်။ ဒါပေမယ့်.. အင်္ဂလိပ်ခေတ်က အင်္ဂလိပ် စစ်တပ်မှာလဲ လူမျိုး ပေါင်းစုံ ပါခဲ့သလို၊ ဂျပန် စစ်တပ်မှာလဲ ပါတာပဲ။ အဲဒါကို အင်္ဂလိပ်စစ်တပ်၊ ဂျပန် စစ်တပ် လို့ပဲ ပြောပါတယ်။ ဂျပန်တွေ မြန်မာပြည်ကို တက်သိမ်းတဲ့ ဂျပန်စစ်တပ်မှာ ထိုင်း နဲ့ ထိုင်ဝမ်သားတွေက လူများစု ဖြစ်တဲ့ အကြောင်း သမိုင်းအထောက်အထား ရှိပါတယ်။ ဒါပေမယ့် ထိုင်းစစ်တပ်၊ ထိုင်ဝမ် စစ်တပ် လို့ မခေါ်ဘူး။ ဂျပန် စစ်တပ်လို့ပဲ ခေါ်တယ်။ အကြောင်းကတော့ ဂျပန် လူမျိုး စစ်ခေါင်းဆောင်တွေရဲ့ စိတ်ကြိုက် အထက်အမိန့် နာခံရတဲ့ စစ်တပ် ဖြစ်လို့ ပါ။ 

အခုလဲပဲ လက်ရှိ ဗမာ စစ်တပ်ဟာ တိုင်းရင်းသားပေါင်းစုံ ပါဝင်ယုံနဲ့ ပြည်ထောင်စု တပ် ဖြစ်လာတာ မဟုတ်၊ တိုင်းရင်းသား လူနည်းစုတွေကို ကိုယ်စားပြုတာ မဟုတ်ပါ။ ကိုယ့်ပြည်နယ်သား ကိုယ်သာလျှင် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဗမာ လူမျိုး စစ်ခေါင်းဆောင်က အမိန့်ပေးတာကို နာခံနေရတဲ့ စစ်တပ် ဆိုရင် ဗမာ စစ်တပ် ပါပဲ။ အမိန့်ပေးတဲ့ နေရာမှာ တိုင်းရင်းသား လူနည်းစု များ မပါသေးသမျှ ဗမာ စစ်တပ် ပါ။ 

အမေရိကန် စစ်တပ်မှာ လူဖြူ၊ လူမည်း အားလုံး ပါသလို၊ လူတန်းစား မခွဲထားဘူး၊ ဘာသာတရား နဲ့ မခွဲထားဘူး၊ အဲဒါကြောင့် သူတို့ ဖက်ဒရယ် တပ်မတော် လို့ ခေါ်တယ်။ အမေရိကန် စစ်တပ် မှာ နာမည်ကြီးခဲ့တဲ့ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး ကော်လင်ပါဝဲလ် (http://en.wikipedia.org/wiki/Colin_Powell) ဆိုတာ လူမည်း စစ်စစ်ပါ။ မိဘ တွေက အာဖရိက ကနေ ပြောင်းလာတဲ့ ရွှေ့ပြောင်း အလုပ်သမား များ ဖြစ်တယ်။

အဲဒါကြောင့် ပြည်ထောင်စု တပ်မတော် ဆိုတာ ခင်များတို့ ထင်သလို၊ ပြောယုံနဲ့ ဖြစ်လာတာ မဟုတ်၊ လက်တွေ့ကျတဲ့ စီမံ အုပ်ချုပ်မှု ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကို ဘယ်လူမျိုးတွေက ကိုင်နေသလဲ ဆိုတာသာ အဓိက ဖြစ်တယ်။ ဗမာလူမျိုးသာ အဓိက ကိုင်ရင် ဗမာ အကြိုက်ပဲ လိုက်မှာပဲ။ လောလောဆယ်တော့ ဗမာလူမျိုးအားလုံးကိုတောင် ကိုယ်စားမပြုနိုင်သေးတဲ့ စစ်တပ် ဆိုတော့..... လိုပါသေးတယ်။။