Wednesday, October 10, 2012

ဖားကန့် မြို့နယ် လုံးခင်း ရွာမှာ တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့် မြို့နယ် နဲ့ သုံးမိုင် အကွာက လုံးခင်း ကျေးရွာမှာ အင်္ဂါနေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်ခန့်က အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ လုံးခင်းမှာ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာ ဖြစ်ပြီး စစ်ကြောင်း ချီလာတဲ့ မြန်မာ အစိုးရ စစ်တပ် ကို ကေအိုင်အေ ဘက်က တိုက်ခိုက် ခဲ့တာလို့ လုံးခင်း ရွာခံ အမျိုးသား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ လုံးခင်း ရောက်ကာနီး ၅ မိုင်နဲ့ ၆ မိုင် အကွာ လောက်မှာ တစ်ကြိမ်၊ လုံးခင်း တံတား အရောက်မှာ တစ်ကြိမ် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ လုံးခင်း တံတားမျာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ အစိုးရ တပ်ဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ် တာတွေ ရှိခဲ့ပြီး လူနေ အိမ်တွေပေါ် အထိ ကျည်ဆန်တွေ ရောက်ခဲ့တယ်လို့ စောစောက ပြောခဲ့တဲ့ လုံးခင်း ရွာခံ အမျိုးသားက ပြော ပါတယ်။ ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်လို့ အတိအကျ မသိရပေမဲ့ အစိုးရ တပ်ဘက်က ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ သယ်လာတာ ကို အရပ်သားတွေ တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ဖြစ်တဲ့ အတွက် ကားလမ်း အဆက် အသွယ်တွေ ရပ်တန့် သွားခဲ့တယ်လို့ လမ်းမှာ တိုက်ပွဲ ဖြစ်ချိန်နဲ့ ကြုံကြိုက် သွားခဲ့တဲ့ ခရီးသွားတွေရဲ့ အပြောကို ကိုးကားပြီး ဖားကန့် ဒေသခံ အမျိုး သမီး တစ်ယောက်က ပြော ပါတယ်။ လုံးခင်း ဒေသဟာ လောလောဆယ် ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ ငွေသိုက်လို ဖြစ်နေတဲ့ အတွက် အစိုးရ ဘက်ကလည်း ဒီနေရာကို လက်မလွှတ် ချင်ဘူးလို့ သူက ပြောပါတယ် ။ By:http://www.bbc.co.uk/burmese/burma/2012/10/121009_kachin_longin_fightings.shtml