Friday, September 16, 2016

အရှေ့တောင်အာရှက အီသီယိုပီလား ဖြစ်ချင်သလား

by-U Ravika
(15,9,2016)
သမ္မတအိုဘာမားနဲ့ တွေ့ဆုံတုန်းက ဒေါ်စုမိန့်ခွန်းကို လေ့လာကြည့်ရင် နိုင်ငံကို တိုးတက်စေလိုပြီး ဒီမိုအခွင့်အရေးအပြည့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ထူထောင်လိုကြောင်း အတိအလင်း ပြောသွားပါတယ်။ အဲ့လိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို တွေ့ဖို့အသွားမှာ အဝေးမှာ သူ့ကို နှုတ်ဆက်နေတဲ့ မြန်မာပရိသတ်တွေဆီကို လမ်းကြောင်းပြောင်းပြီး လာတွေ့တယ်။ ဟိုက ထိုင်ရှိခိုးတော့ သူ့ဆီ လာဖို့ ခေါ်တယ်။ ဒါဟာ သူ့ပြည်သူတွေကို တန်ဖိုးထားတယ်လို့ ဆိုရမှာပါ။ ဒီအပေါ်မှာ မိမိတို့ သံသယမရှိဘူး။
ဒါဖြင့်ရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးပိတ်ဆို့မှုကို ဘာကြောင့် ပြန်ဖွင့်စေချင်သလဲ။ ဒီကနေ့ ဒီအချက်ကို ဆွေးနွေးကြည့်ရအောင်ပါ။ မြန်မာနိုင်ငံမှာ ဘာအပြောင်းအလဲမှ မရှိသေးပါဘူး။ စနစ်ဆိုးကြောင့် မိသားစုတွေ တကွဲတပြား ဖြစ်ရတဲ့နေရာမှာ ဒေါ်စုလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သာ ဖြစ်နေတာပါ။ သူ့မိသားစုအတွက် ဘာမှ လုပ်မပေးနိုင်ရှာသေးပါဘူး။ ဒါကိုလည်း မိမိတို့ မစာနာဘဲ မနေပါဘူး။
ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကကို လာတဲ့အချိန်မှာ လိုင်ဇာမှာ ဖြစ်စဉ်တစ်ခု၊ ဝါရှင်တန်မှာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်။ လိုင်ဇာမှာ မြန်မာ့တပ်မတော်က လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။ ထမင်းစားနေတဲ့ ရဲဘော်(၄)ဦး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံရေးမူဘောင်ကိစ္စ ပြန်ညှိဖို့ ဆွေးနွေးနေတဲ့အချိန်မှာ မြန်မ့ာတပ်မတော်က ရန်သွားစနေခြင်းဖြစ်တယ်။ အဲ့လိုပဲ ဒေါ်အောင်ဆန်းစုကြည်က ရှိသမျှပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဖို့ သမ္မတအိုဘာမားကို အရေးဆိုနေချိန်လည်း ဟုတ်ပါတယ်။ ဒါဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးကို မထီမဲ့မြင် ပြုချင်တစ်မျိုးပါပဲ။ မဲသဝေါဘက်မှာ DKBA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲကိုတော့ နောက်မှ ပြောပါ့မယ်။
မြန်မာသံရုံးဆိုတာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်အောက်မှာ ရှိနေရမှာပါ။ အဲဒါကြောင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ပြည်ထောင်စုမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို သတင်းပို့ရမှာ ဖြစ်တယ်။ အခု မြန်မာသံရုံးက နယူးယောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကြဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖိတ်ခေါ်တဲ့နေရာမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ခွဲခြားဆက်ဆံခြင်းဖြင့် အချင်းချင်းသပ်လျှိုမှုများ လုပ်ပါတယ်။ ဥပမာ-ချင်းကို ဦးစားပေးပြီး ကချင်ကို နှိမ်ခြင်းပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မတူကွဲပြားမှုကို အင်အားအဖြစ် အသုံးချမယ်ပြောတဲ့ရက်မှာပဲ ကချင်အဖွဲ့ကို ပေးထားတဲ့ ကတိကို ဖျက်ပြီး ချင်းအဖွဲ့ကိုပဲ ဦးဆောင်စေခဲ့တာမျိုး ဖြစ်ပျက်ခဲ့ပါတယ်။ ဒါဟာ လူကြီးလူကောင်းဆန်တဲ့အလုပ် မဟုတ်ပါဘူး။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မသိဘဲ ဆောင်ရွက်နေတဲ့ကိစ္စများ ရှိနေသလား၊ ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးပြီး ဆောင်ရွက်နေတာလား မိမိတို့ မသိရှိရသေးပေမဲ့ မြန်မာသံရုံးဟာ အရင်က လူဟောင်းတွေနဲ့ပဲ စခန်းသွားနေပြီး အရင်က အမူအကျင့်အတိုင်း ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတော့တယ်။
ကောင်းပါပြီ။ မိမိတို့နိုင်ငံကို အမှန်တကယ်ပဲ တိုးတက်စေချင်ရင် မြန်မာစစ်တပ်နဲ့ မြန်မာသံရုံးက အရင်လိုအချိုးမျိုး မချိုးရပါဘူး။ မြန်မာ့တပ်မတော်နဲ့ မြန်မာ့သံရုံးတို့ကြောင့်ပဲ အဝေးရောက်မြန်မာတွေဟာ ဒေါ်စုကို အဝေးကနေ နှုတ်ဆက်ရတာပါ။ ဒေါ်စုကလည်း ဦးတည်ရာလမ်းကြောင်ကနေ ထွက်လာပြီး ဒီပြည်သူတွေကို လာတွေ့ရတာပါ။ နောက်ပြီး စစ်အစိုးရဆန့်ကျင်သူတွေနဲ့ မဆန့်ကျင်သူတွေကို ခွဲခြားဆက်ဆံနေဆဲပါ။ ဒီလိုခွဲခြားဆက်ဆံမှုတွေဟာ နေရာတိုင်းမှာ ရှိနေပါသေးတယ်။ အဲ့လိုပဲ ပြည်နယ်နဲ့ပြည်မအရ ခွဲခြားဆက်ဆံမှုလည်း ရှိနေပါသေးတယ်။ စီးပွားရေကို ဖွင့်လိုက်တာနဲ့ ကုန်သွယ်ရေးက စီးဝင်သွားမယ်။ ဒီကုန်သွယ်ရေးကို ဘယ်သူက လက်ဝါးကြီးအုပ်သွားမလဲ။ ဗမာတွေကို မုန်းတီးလို့ ပြောတဲ့စကား မဟုတ်ကြောင်းကိုတော့ မိမိတို့လိပ်ပြာသန့်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ဗမာတွေကပဲ နေရာယူထားနှင့်ပြီ ဖြစ်ပါတယ်။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးသမားတွေကို ဖွင့်မပေးဘူးလို့ ပြောနေပေမဲ့ အမေရိကန်ဖွင့်ပေးထားတဲ့ ခရိုနီအချို့ကိုတောင် တိုင်းရင်းသားစီးပွားရေးသမားတွေက ယှဉ်ပြိုင်ဖို့ မလွယ်ကူပါ။ တိုင်းရင်းသားတွေကို အဆင်သင့်ဖြစ်အောင်လည်း အစိုးရက လေ့ကျင့်ပျိုးထောင်ပေးထားတာ မရှိပါဘူး။ ကချင်မှာ နည်းနည်း ရှိမယ်၊ ရှမ်းမှာ နည်းနည်းများမယ်၊ ကျန်တိုင်းရင်းသားတွေမှာ အစိုးရနဲ့ ဝင်ထွက်သွားလာနိုင်တဲ့ ပုဂ္ဂိုလ်တွေ သိပ်မရှိဘူး။ စစ်တပ်နဲ့ တည့်အောင် ပေါင်းတတ်တဲ့ လူတွေ မရှိသလောက်ပဲ။ ဥပမာ-တနသာင်္ရီမှာဆိုရင် ဒေသခံတွေက စီးပွားရေးကို မပိုင်တော့ဘဲ ဗမာတွေပဲ လာရောက်ခြယ်လှယ်နေပါတော့တယ်။ မိမိတို့လိုလားတာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စီးပွားရေးကို ဖွင့်တော့မယ်ဆိုခဲ့ရင် မိမိတို့ပြည်တွင်းက လူတွေကို အရင်လေ့ကျင့်ပေးရမှာ ဖြစ်တယ်။ လူ့အရင်းအမြစ်ဆိုတာ သဘာဝသယံဇာတအရင်းအမြစ်ထက် ပိုပြီးတော့ အရေးကြီးပါတယ်။ နောက်ပြီး ပြည်နယ်အခြေစိုက် စီးပွားရေးမဟုတ်ဘဲ ပြည်မအခြေစိုက်၊ ဗဟိုအစိုးရလက်ဝါးကြီးစီးပွားရေးပဲ ဖြစ်မှာ များပါတယ်။ ဒါဟာ တရားမျှတမှု မရှိဘူး။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် မပြီးသေးပါဘူး။ သမ္မတအိုဘာမားနဲ့ သူ့ပြောရေးဆိုခွင့်ရှိသူကလည်း ပြည်တွင်းစစ်မပြီးမချင်း စစ်တပ်နဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ဖွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကို မိမိတို့ကြိုဆိုပါတယ်။ မြန်မာစစ်တပ်ဟာ စီးပွားရေးနဲ့ ပတ်သက်ရမှာမဟုတ်သလို နိုင်ငံရေးနဲ့လည်း မပတ်သက်စေရပါဘူး။ ဒီမှာ မိမိတို့လိုလားတာက မြန်မာစစ်တပ်က ပြည်တွင်းစစ်ပြီးဆုံးမှမဟုတ်ဘဲ မြန်မာစစ်တပ်က နိုင်ငံရေးကနေ ထွက်သွားမှ စီးပွားရေးကို ပြန်ဖွင့်စေလိုခြင်းပဲ ဖြစ်တယ်။ ဒီလို မျှမျှတတ တွေးကြည့်ပါ။ မြန်မာနိုင်ငံဟာ ဆင်းရဲတယ်ဆိုပေမဲ့ စစ်တပ်က ဘတ်ဂျက်ထဲက (၄)ရာခိုင်နှုန်းကျော်ဆိုလား ရယူပါတယ်။ ဒါဟာ တိုင်းပြည်ဘတ်ဂျက်ကပါ။ လှို့ဝှက်အက်ဥပဒေအရ စစ်တပ်သုံးတဲ့ ဘတ်ဂျက်ကို မိမိတို့ မသိရှိရသေးပါဘူး။ ဒီလိုဆင်းဆင်းရဲရဲ ရှိနေတဲ့အချိန်မှာတောင် တိုင်းရင်းသားတွေက မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ကောင်းကောင်းမခုခံနိုင်သေးပါ။ တကယ်လို့ မြန်မာ့စီးပွားရေးအားကောင်းလာခဲ့ရင် တိုင်းရင်းသားတပ်မတော်အဖွဲ့အစည်းတွေအတွက် နေစရာနေရာရှိတော့မှာမဟုတ်ဘူး။ နောက်ပြီး မငြိမ်းချမ်းသေးတဲ့ ဒေသမှာ စက်ရုံ၊ အလုပ်ရုံလာထောင်လို့ ရှိရင် မြန်မာ့တပ်မတော်က ဒီစက်ရုံအလုပ်ရုံတွေကို အထင်အမြင်မှားစေမဲ့လုပ်ရပ်တွေကို လုပ်ပြီး တိုင်းရင်းသားတွေအပေါ် ပုံချမှာ အသေအချာပါပဲ။ ရန်တိုက်ပေးတဲ့နေရာမှာ မြန်မာ့တပ်မတော်က နံပါတ်တစ်မို့ အမေရိကန်အစိုးရနဲ့ တိုင်းရင်းသားတပ်မတော်တွေကြားမှာ ဖြေရှင်းရမဲ့ကိစ္စတွေ အများကြီး ဖြစ်လာစရာ ရှိတယ်။ နောက်ပြီး အမေရိကန်စစ်တပ်၊ ဗြိတိန်စစ်တပ်တို့က မြန်မာ့တပ်မတော်ဘက်မှာ ရှိနေတယ်ဆိုတဲ့ ပြည်သူ့အမြင်ဟာ အဆိုးဆုံး ဖြစ်တယ်။ ဒါဟာ တိုင်းရင်းသားတွေရဲ့ တန်းတူရေးစစ်ပွဲကို အများကြီး အခက်တွေ့စေမှာ ဖြစ်တယ်။
ဒါပေမဲ့ NLD အစိုးရဟာလည်းပဲ အကျဉ်းထဲအကြပ်ထဲ ရောက်နေကြောင်း မိမိတို့သိရှိထားပါတယ်။ အမေရိကန် စတဲ့ ပြည်ပအကူအညီသာ မရရှိခဲ့ရင် ၂၀၁၆ ခုနှစ်အတွက် လိုငွေကတော့ ဒေါ်လာဘီလီယံနဲ့ပါ။ ဒါကြောင့် ပြည်သူတို့အတွက် မဖြစ်ခဲ့ရင်တောင် လောလောဆယ်မှာ NLD အစိုးရအတွက် ကျားကန်ထားဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် မြန်မာအမေရိကန်ကုန်သွယ်ရေးဟာ ချက်ချင်းလက်ငင်း စတင်ရမဲ့ အခြေအနေ ဖြစ်တယ်။ မြန်မာသွင်းကုန်တွေကို အခွန်လျှော့ချပေးတဲ့ကိစ္စဟာလည်းပဲ ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ပါ။ တကယ်လို့ ကုန်သွယ်ရေးဥပဒေကို နိုင်ငံတကာစံမီအောင် ပြင်နိုင်ခဲ့ရင် မြန်မာ့စီးပွားရေးက အနှေးနဲ့အမြန် တိုးတက်လာမှာက အသေအချာပါပဲ။ အလံကတော့ တူတော့ အရှေ့တောင်အာရှက အီသီယိုပီးယားလို့ပဲ ခေါ်စမှတ်ပြုရပါတော့မယ်။ အီသီယိုပီးယားဆိုတာ အဖရိကထဲက ကျူးကျော်စစ်နဲ့ ပြည်တွင်းစစ်ကြောင့်၊ ရာသီဥတုကြောင့်၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် လူသန်းချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝကနေ အခု ကမ္ဘာ့ဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်ရပါတယ်။ မြန်မာက အီသီယိုပီယားလို ဖြစ်ချင်ရင် ပထမဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်ရပါ့မယ်။ ဒုတိယ-စစ်တပ်အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ (၁)ရာခိုင်နှုန်းထက် မပိုရပါဘူး။ ပြည်နယ်အခြေပြုစီးပွားရေး ဖြစ်ရမယ်။ လူတိုင်း အခွင့်ထူးခံစားရ။ ဒီလောက်ပါပဲ။