Wednesday, June 26, 2013

တန်းတူအခွင့်အရေးအတွက် ပြည်နယ်တိုင်း ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိဖို့လို- RCSS ခေါင်းဆောင်ပြော


(သျှမ်းသံတော်ဆင့်)
တန်းတူအခွင့်အရေးအတွက် ကိုယ်ပိုင်ပြည်နယ်စစ်တပ် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသင့်သည်ဟု တာချီလိတ်ဒေသခံများနှင့်တွေ့ ဆုံစဉ် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ကပြောဆိုခဲ့သည်ဟုသိရသည်။

ယမန်နေ့မနက်ပိုင်းက ဝမ့်ဟောင်ရပ်ကွက်သားတဦးအား ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က “ ကျနော်တို့ ငြိမ်းချမ်းရေးတည် ဆောက်မှုဟာ ၇ ဆင့်ရှိတဲ့ လှေကားထစ်ကို တက်နေတာနဲ့တူတယ်။ အခုကျနော်တို့လုပ်နေတာ ပထမအဆင့်ဘဲရှိ သေး တယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မိဘပြည်သူတွေနဲ့ လက်တွဲရမယ် အဖက်ဖက်က လက်တွဲရမယ်။ နိုင်ငံရေးဆွေးနွေး ဖို့ဟာ ထွက်လမ်းပါဘဲ။ ဘာဘဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရဖို့ တန်းတူညီမျှရှိဖို့ တိုင်းရင်းသားတွေ ပါဝင်တဲ့ မိမိပြည်နယ် အတွက် စစ်တပ်၊ ရဲတပ်ဖွဲ့ ရှိလိုတယ်” ဟုပြောဆိုခဲ့ ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်နားထောင်သူ စိုင်းပီးက ပြောဆို ပါသည်။

ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ပြည်တွင်းငြိမ်း ချမ်းရေးခရီးစဉ်မှာ ယမန်နေ့ ဂျွန်လ ၂၃ ရက်က သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဒေသခံများနှင့်တွေ့ဆုံပြီးနောက် ခရီးစဉ်အဆုံးသတ်လိုက်ကြောင်း တာချီလိတ်သတင်းရပ်ကွက်ကဆိုပါသည်။

“မနေ့က မနက်ပိုင်း ဝမ့်ဟောင် ရပ်ကွက်ထဲမှာရှိတဲ့ ဟောင်လိတ်ကျောင်း တိုက်ကိုသွားပြီးဆရာတော် ကိုသွားကန်တော့ အဲဒီ မှာလဲ လူထုနဲ့ တွေ့တော့ စဝ်ယွက်စစ်ကပြောလိုက်တာ။ ပြီးရင် ဆန်ဆိုင်းတိုင်းကျောင်းတိုက် ကိုသွားတယ်။ အဲဒီမှာ တော့ စောင့်ကြိုနေတဲ့ လူထု ၅၀၀ လောက်နဲ့ တွေ့ဆုံခဲ့တယ်။ သတင်းစာရှင်း လင်းပွဲ ပုံစံလေး လုပ်ပေးတယ်။ စည်စည်ကား ကားဘဲ” ဟု တာချီလိတ်မြို့နေ စိုင်းပီး က ပြောသည်။

ဆန်ဆိုင်းတိုင်းကျောင်းတိုက်ဆရာတော်အား တွေ့ဆုံကန်တော့မှုအပြီးလူထုနှင့်တွေ့ဆုံရာတွင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ၂၀၁၄ အတွင်း ကျင်းပရန်စီစဉ်နေကြသည့် ဒုတိယပင်လုံညီလာခံတွင် ယခင်ညီလာခံကဲ့သို့ ဆုံးရှုံးမှုမရှိအောင် မိမိတို့အနေ ဖြင့် ယခုကတည်းက လူထုနှင့်တွေ့ဆုံအကြံညာဏ် ယူနေခြင်းဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။

သျှမ်းပြည်နယ်အား သျှမ်းလူထုက အုပ်ချုပ်မှုနေရာရအောင်၊ ဌာနဆိုင်ရာ ဝန်ထမ်းလည်း သျှမ်းလူမျိုးမှ နေရာရအောင်ကြိုး စားရမည်ဟုလည်း စဝ်ယွက်စစ်ကပြောသည်။

သျှမ်းစာပေယဉ်ကျေးမှု ထိန်းသိမ်းသည့် အနေဖြင့် သျှမ်းတီဗီလိုင်း တခု လုပ်ဖို့ ဒေသခံလူထုက တိုက်တွန်းအကြံပြုရာတွင် မူ စဝ်ယွက်စစ်က - “ကျနော်တို့ကနေ တိုက်ရိုက်ထိန်းပေးဖို့ဆိုတာခက်လိမ့်မယ်။ အနည်းဆုံး မိသားစုတွင်းကနေထိန်းသိမ်း မှ အောင်မြင်မယ်။ လွယ်တိုင်းလျန်းမှာတော့ သျှမ်းစာ ၁၀ တန်းအထိရှိပါပြီ။ ရှေ့ဆက် ဘယ်လိုလုပ်သင့်ဆိုသည့်အချက် သျှမ်းစာပေပညာရှင်နဲ့လဲ တွေ့ဆုံပြီးပြီ” ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

RCSS/SSA အဖွဲ့၏ ပြည်တွင်း ငြိမ်းချမ်းရေးခရီးစဉ်မှာ ဂျွန်လ ၉ ရက်နေ့မှစ၍ ၂၃ ရက်နေ့အထိ ကြာရှည်ပါသည်။ ငြိမ်းချမ်း ရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် သမ္မတကြီးဦးသိန်းစိန်၊ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်း၊ သျှမ်းခေါင်း ဆောင်များဖြစ်သော SNLD ဥက္ကဌ ခွန်ထွန်းဦး၊ SSPP နာယက ဒု-ဗိုလ်ချုပ်ကြီးဆေထဲန်၊ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်း၊ EBO မှ စဝ်ဟန်ယောင်ဟွေ့၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် မန္တလေး ကျောက်မဲ လားရှိုး မူစယ် နမ့်ခမ်း တောင်ကြီး ပင်လုံ မိုးနဲ တာချီလိတ် ဒေသခံများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ရသည်။ ဂျွန်လ ၂၃ ရက်ညနေပိုင်း တာချီလိတ်မှ ထွက်ကာ မယ်ဆိုင်မှတဆင့် ဌာနချုပ်သို့ ပြန်ခဲ့ကြောင်း RCSS/SSA သတင်းရပ်ကွက်ကဆိုပါသည်။