Sunday, June 23, 2013

အိုဘယ့် မြန်မာပြည် ..


 "အိုဘယ့် မြန်မာပြည် ...

နိုင်ငံလူဦးရေရဲ့ (၈၉) ရာခိုင်နှုန်းကျော် ဗုဒ္ဓဘာသာဝင်တွေပါ... အစ္စလမ်ဘာသာဝင်ဆိုတာ လူနည်းစုပါ... ခရစ်ယာန်နဲ့ အခြားဘာသာဝင်ဆိုတာကလဲ မပြောပလောက်တဲ့ ပမာဏပါပဲ... နိုင်ငံတော် သာသနာပြုပုဂ္ဂိုလ်ကြီး အလယ်အလတ်လမ်းစဉ်ဝါဒီ သခင်နုတုန်းကတော့ နိုင်ငံတော်ဘာသာ ဆိုတာကို လေသံလေးပဲ ပစ်သွားတာပါ... နိုင်ငံရေး အခဲမကြေမှုတွေ၊ တင်းမာမှုတွေ စိုးရိမ်မှတ်ကို ရောက်နေတဲ့ ကာလမှာ သခင်နုရဲ့ နိုင်ငံတော်ဘာသာအရေးက တိုင်းပြည်ကြီးကို ဇောက်ထိုးမိုးမျှော်၊ ခွက်ထိုးခွက်လှန် ဖြစ်စေခဲ့တာပါ... ဒါတောင် လေသံလေးပဲ ပစ်ခဲ့တာနော်... အာဏာရှင် လက်အောက်က မြန်မာပြည်အကြောင်း ပြန်စမြုံ့ပြန်လိုက်တိုင်း အာဏာသိမ်း ဗီလိန်ကြီး နေ၀င်းကိုပဲ ပြေးမြင်ကြမှာပါ... ဇာတ်လိုက်ကျော် သခင်နုကတော့ မြို့မေတ္တာခံယူမြဲပေါ့လေ... ဟုန်းဟုန်းတောက် လောင်လုဆဲဆဲ လောင်စာကို မီးစတို့ခဲ့သူကတော့ မဇ္ဈိမပဋိပဋာကို ယုံကြည်တယ်ဆိုတဲ့ ဇာတ်လိုက်ကျော် သခင်နုပါပဲ...

လက်ရှိ မြန်မာ့နိုင်ငံရေးဇာတ်ခုံကလည်း သမိုင်းတပတ် လည်သလိုပါပဲ... နိုင်ငံရေးကိစ္စ မပြေလည်ရတဲ့ ကြားထဲ ဘာသာရေး အစွန်းရောက်တွေ၊ မဆင်မခြင်ပြုမူ ဆောင်ရွက်တဲ့လူတွေကြောင့် မြန်မာတွေလည်း ကမ္ဘာပေါ်မှာ သူ့နေရာသူ ပြန်ရသွားပါပြီ (မှူးဇော်၏ လေသံဖြင့် :D)... နဂိုအတိုင်းလေးပဲ ကောင်းပါတယ် လို့များ တွေးကြလေသလား မသိ...

သခင်နုတုန်းက လေသံပဲ ပစ်ခဲ့တဲ့ကိစ္စကို နောက်ပိုင်း သခင်လေးတွေ၊ သခင်ကြီးတွေက လက်တွေ့အကောင်အထည် ဖော်ခဲ့ကြတာ အားလုံးအသိပါပဲ... သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (Department for the Promotion And Propagation of Sasana)ဆိုတဲ့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ လုပ်ငန်းလည်ပတ်နေတဲ့ အစိုးရဌာနကြီးက ဗုဒ္ဓဘာသာကလွဲလို့ တခြားဘယ်ဘာသာရဲ့ သာသနာကိုများ ထွန်ကားပြန့်ပွားအောင် ဆောင်ရွက်နေပါသလဲ... နိုင်ငံတော်ရဲ့ အာဏာသုံးရပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ပိုင်ခွင့်တွေအားလုံးဟာ မြန်မာဗုဒ္ဓဘာသာတွေရဲ့ လက်ထဲမှာပဲ ရှိခဲ့တာပါ... လက်ရှိလဲ ရှိနေဆဲပါ... နောင်လဲ ဆက်ရှိနေဦးမှာပါ... ဒီလို အာဏာလက်ကိုင်ထားတဲ့ လူမျိုးကြီးက ‘အမျိုးပျောက်မှာ တွေးကြောက်စရာ’လို့ ထအော်နေမယ်ဆိုရင် အာဏာမဲ့၊ ဓနမဲ့၊ ပညာမဲ့ တိုင်းရင်းသားလူနည်းစုတွေကို နည်းနည်းတော့ အားနာကြပါဦး…. ခင်ဗျားတို့မှာ အချုပ်အခြာအာဏာရှိတယ်… ဥပဒေကို ကြက်ပေါင်ကြိုးလို လိုတစ်မျိုး၊ မလိုတစ်မျိုး ကြိုက်သလို ပြဌာန်းခွင့် ရှိတယ်… ပြေပြေလည်လည်လုပ်ကြပါ… ဆန္ဒ မစောကြပါနဲ့ … (ဒေါက်တာမောင်မောင်ကို အမှတ်ရသဗျ…)

လက်ရှိ မြန်မာနိုင်ငံရဲ့ ဘာသာရေးပဋိပက္ခက သခင်နုလက်ထက်ကထက် ပိုဆိုးပါတယ်… နားမလည်၊ ပါးမလည် လဒူတွေကလည်း အနာတောင် မကျက်သေးတဲ့ ကချင်ကို ဗုဒ္ဓဆင်းတု သွားပေးသတဲ့ဗျာ… ကချင်လူမျိုးဟာ ဘယ်ခေတ် ဘယ်အခါတုန်းကမှာ Idolatry မဟုတ်ခဲ့ကြဘူးဆိုတာ နားမလည်လေရော.သလား... ဆင်းတုတောင် ရိုးရိုးဆင်းတုဆို တော်သေး… အခုဟာက ကချင်ကို ပစ်တဲ့ သေနတ်ကျည်ဆံခွံနဲ့ သွန်းလုပ်ထားတဲ့ ဆင်းတုတဲ့… ကောင်းရော…

စဉ်းစဉ်းစားစား၊ ဆင်ဆင်ခြင်ခြင်နဲ့ ပြေပြေလည်လည် လုပ်ကြပါ… ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ပါစေနဲ့… သမိုင်းတရားခံ အဖြစ်မခံပါနဲ့… Time မဂ္ဂဇင်းကို ပြစ်တင်ဝေဖန်နေမယ့်အစား လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်ကြပါ…

သင့်ကြောင့် ………………………….. မဖြစ်ပါစေနဲ့…"

share By:  facebookZau Man Hpunggan