Monday, June 24, 2013

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အမျိုးသားရေး ၀ါဒအား အခြေခံ၍ အာဏာရှင် စနစ်သစ် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း EDUCATIONAL INITIATIVES က ဝေဖန်

AddThis Social Bookmark Button
ei-june24
ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့မှ Mr. Igor Blazevic အား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဗဘာသာဝင်များ အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အာဏာရှင် စနစ်သစ်အား အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းသာဖြစ်ကြောင်း The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။
အဆိုပါ ပြောကြားချက်အား ဇွန် ၂၂ ရက်က ရန်ကုန်မြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင် ခန်းမတွင် ပြုလုပ်ခဲ့သည့် Transition  to Democracy ; Challenges and Threats ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာဏာရှင် နိုင်ငံများမှ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများမှာ ယခင်စစ်အာဏာရှင် အစိုးရလက်ထက်ကဲ့သို့ မိုက်မဲသည့် အုပ်ချုပ်မှုမျိုးဖြင့် အုပ်ချုပ်ရန်ထက် ဒီမိုကရေစီဟု ဟန်ပြပြောနိုင်သည့် အာဏာရှင် စနစ်သစ်သို့ သွားရောက်ရန် ကြံရွယ်နေခြင်းဖြစ်ကြောင်း Mr. Igor Blazevic က ဆိုသည်။
လူမျိုးစွဲ၊ ဘာသာစွဲစိတ်ကို အခြေခံပြီး အသွင်ကူးပြောင်းရေးကို ရပ်ဆိုင်းနိုင်စေတဲ့ ပြင်းထန်တဲ့ အမျိုးသားရေး ၀ါဒကို အသုံးပြုပြီး အကြောက်တရားတွေ ပဋိပက္ခတွေနဲ့ အာဏာရှင်စနစ်သစ်ကို ဖော်ဆောင်ကြတယ်။ လူနည်းစုနဲ့ လူများစုကြားမှာ အမုန်းတရားတွေ ထည့်ပေးပြီး အသိဥာဏ် အမှောင်ချဖို့ လုပ်ဆောင်တယ်။ ဒီလိုနည်းနဲ့ အသွင်ကူးပြောင်းမှုကို ရပ်စေပြီး အရေခြုံ ဒီမိုကရေစီ စနစ်ကို ဖြစ်ပေါ်စေပါတယ် . . . . .
"လူမျိုးစွဲ၊ ဘာသာစွဲစိတ်ကို အခြေခံပြီး အသွင်ကူးပြောင်းရေးကို ရပ်ဆိုင်းနိုင်စေတဲ့ ပြင်းထန်တဲ့ အမျိုးသားရေး ၀ါဒကို အသုံးပြုပြီး အကြောက်တရားတွေ ပဋိပက္ခတွေနဲ့ အာဏာရှင်စနစ်သစ်ကို ဖော်ဆောင်ကြတယ်။ လူနည်းစုနဲ့ လူများစုကြားမှာ အမုန်းတရားတွေ ထည့်ပေးပြီး အသိဥာဏ် အမှောင်ချဖို့ လုပ်ဆောင်တယ်။ ဒီလိုနည်းနဲ့ အသွင်ကူးပြောင်းမှုကို ရပ်စေပြီး အရေခြုံ ဒီမိုကရေစီ စနစ်ကို ဖြစ်ပေါ်စေပါတယ်"  ဟု Mr. Igor Blazevic က ပြောကြားသည်။
ထိုသို့ ဖြစ်စဉ်များအား လုပ်ဆောင်၍ ဆားဗီးယားနိုင်ငံတွင်လည်း အမျိုးသားရေး ၀ါဒအား အသုံးပြု၍ အတိုက်အခံများအား အနိုင်ယူကာ သမ္မတ မီလိုဆီဗစ် အနေဖြင့် ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲ အစဉ်အဆက် အနိုင်ယူနိုင်ခဲ့ပြီး ယူကရိန်း နိုင်ငံတွင်လည်း အလားတူ အမျိုးသားရေး ၀ါဒအား အခြေခံသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ အတိုက်အခံ ပါတီများအနေဖြင့် ထိုအာဏာရှင် စနစ်သစ်အား စုစည်းတွန်းလှန်နိုင်ရန် အချိန်ကာလ များစွာယူခဲ့ရကြောင်း သိရှိရသည်။
ထိုသို့ အမျိုးသားရေးဝါဒ အသုံးပြု၍ အာဏာရှင် စနစ်သစ်အား အကောင်အထည်ဖော်ရန် လုပ်ဆောင်မှုများအပြင် အစိုးရအား ဟန်ပြဝေဖန်ပြီး ပြည်သူများ၏ နိုင်ငံရေး ရေချိန်အပေါ် လမ်းလွှဲနိုင်သည့် လူပြိန်းကြိုက် မီဒီယာကြီးများနှင့် မီဒီယာလွတ်လပ်ခွင့် အနည်းငယ် ပေးအပ်ကာ အတိုက်အခံများကိုလည်း မီဒီယာလွတ်လပ်ခွင့် ပေးအပ်သော်လည်း လူပြိန်းကြိုက် မီဒီယာများကဲ့သို့ လူစိတ်ဝင်စားမှု မရှိစေရန် ထိန်းချုပ်မှုများ ပြုလုပ်၍ အာဏာရှင် စနစ်ဟောင်းကဲ့သို့ မဟုတ်သော အာဏာရှင် စနစ်သစ်များအား အကောင်အထည် ဖော်လေ့ရှိကြောင်း သိရသည်။
"အာဏာရှင် စနစ်ဟောင်းမှာဆိုရင် ၀ါဒဖြန့်ဖို့ သတင်းစာကို သုံးတယ်။ ပြည်သူက မယုံဘူး။ စနစ်သစ်မှာတော့ အတိုက်အခံကို အားနည်းအောင်လုပ်ပြီး လူပြိန်းကြိုက် မီဒီယာတွေ မွေးတယ်။ စနစ်ဟောင်းမှာ အင်တာနက် လွတ်လပ်ခွင့် ပိတ်ထားပြီး စနစ်သစ်မှာ အင်တာနက် လွတ်လပ်ခွင့် ပေးထားပေမယ့် လျှို့ဝှက်ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အင်တာနက်မှာ သတင်းအချက်အလက်တွေ စုစည်းခြင်း၊ ၀ါဒဖြန့်ခြင်း စတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပြီး အာဏာတည်မြဲရေးအတွက် လုပ်ဆောင်လေ့ရှိတယ်" ဟု Mr. Igor Blazevic က ပြောကြားခဲ့ပါသည်။