ဆန္ဒပြတယ် ဆိုတာ အလုပ်မရှိလို့ မဟုတ်၊ မတရားမှုကို မီးမောင်းထိုးပြခြင်း ဖြစ်တယ်။
ဒီမနက်တွေ့လိုက်ရတဲ့ ဒီပိုစ့်ကိုကြည့်ပြီး၊ ပိုစ့်ပိုင်ရှင်နဲ့ ကောမ်မန့်ပေးသူများရဲ့ စာမျက်နှာတွေကိုလဲ ကြည့်ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ လူတွေကို အလုပ်မရှိတဲ့ လူတွေ ဆိုပြီး သမုတ်ထားသလို ကောမ်မန့်မှာက ဆန္ဒပြတဲ့ နေရာမှာ သူဌေးတွေ မပါဘူး၊ အလုပ်မရှိတဲ့ လူတွေမှ လုပ်တာ ဆိုပြီး ထောက်ခံထားပါတယ်။ အဲဒီ အမျိုးသမီးရဲ့ စာမျက်နှာကို ဖွင့်ကြည့်တော့ မြစ်ဆုံကမ်းနားထိ ပါဂျေရိုကားနဲ့ ဓါတ်ပုံ ရိုက်ထားတဲ့ ပုံတွေကို တွေ့ရပါတယ်။ သူမအနေနဲ့ ရိုးရိုးသားသား ရေးထားတဲ့ ကောမ်မန့် ဖြစ်မှန်းလဲ သိပါတယ်။
ဒီတော့…. မြန်မာပြည်မှာ အခုလို လူတန်းစား နှစ်ရပ်ရဲ့ ခံစားချက် ကွာဟ နေခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ၊ ဆိုပြီးလဲ စဉ်းစားမိလိုက်ပါတယ်။ တစ်သက်လုံး လယ်၊ ယာ မလုပ်ဖူးတဲ့ လူတွေဟာ လယ်သမားများရဲ့ လယ်ယာမြေအပေါ် သံယောဇဉ် ကြီးမားမှုတွေကို ခံစားလို့ ရမှာ မဟုတ်ပါ။ လုပ်ငန်းရှင် သူဌေးများနဲ့ အုပ်ချုပ်သူ လူတန်းစားများ အနေနဲ့ ထိုက်တန်တဲ့ လျှော်ကြေးပေးခဲ့တယ်၊ တောမြေပဲ၊ မြေလွတ်မြေရိုင်း ဆိုပြီး ဥပဒေအရ သိမ်းလိုက်တယ်။ ဒေသခံ လယ်သမားများရဲ့ ခံစားချက်ကို ဘယ်တော့မှ ထည့်မတွက်ပါ။
လယ်သမား၊ ယာသမား များဆိုသည်မှာ လယ်ယာမလုပ်ဘဲနဲ့ ဘယ်တော့မှ ထမင်းစား မမြိန်။ ဒါဟာ သူတို့ရဲ့ ဘ၀ ပျော်ရွှင်မှု ဖြစ်တယ်။ ငွေရေးကြေးရေး မဟုတ်။ သူတို့ကိုယ် သူတို့ သိက္ခာရှိရှိ နေထိုင် ကျက်စားတဲ့ ဘ၀မှာ သူတို့ ပျော်တယ်။ ဒါဟာ အခြေခံ အကျဆုံး လူသား ဖြစ်တည်မှုရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ လယ်လုပ်သူတွေကို လစာဘယ်လောက်ရမယ်၊ ခင်များတို့က ပညာမတတ်လို့ ဒီအလုပ်ပဲ လုပ်တတ်သလား၊ ဆိုပြီး ပြောဖို့ အကြောင်းမရှိပါ။ သူဌေးဖြစ်တိုင်း ပျော်ရွှင်မှု ရတာမဟုတ်ပါ။
ဒူဝါ အနေနဲ့ သက္ကသိုလ်တက်တုန်းက မန္တလေး သက္ကသိုလ်ခရစ်ယာန်ကျောင်းသားများ မိတ်သဟာရ အသင်း (University Christian Fellowship) ရဲ့ “ဘာသာခြားများနဲ့ အတူနေထိုင်ကျက်စားခြင်း” ဆိုတဲ့ အစီအစဉ်နဲ့ နယ်ပေါင်းစုံက ခရစ်ယာန်ကျောင်းသားများ နဲ့အတူ အာမရပူရ မြို့နယ် တ၀ိုက်က ဗမာ ကျေးရွာများကို လေ့လာရေးထွက်ခဲ့ဖူးပါတယ်။ တစ်ရွာမှာ ကျောင်းသားသုံးယောက် တစ်ပတ်စီ သွားနေရတာပါ။ ရွာက ကျောင်းသား သူငယ်ချင်းတွေ စီစဉ်ပေးမှုအရ အိမ်တအိမ်မှာ တစ်ယောက်ကျ သွားနေရပါတယ်။ ရွာက ဗမာရွာ၊ သူငယ်ချင်းနှစ်ယောက်က ရှမ်းနဲ့ ကရင်၊ ကချင်က ကျနော်တစ်ယောက်ထဲ ဆိုတော့ ရောက်ခါစက အားလုံး ၀ိုင်းကြည့်တာ ခံရပါတယ်။ ရိုးသားတာကိုး။ ကချင်ဆိုတာ မမြင်ဖူးဘူး။
စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်တဲ့ ရွာများ ဖြစ်တဲ့ အတွက် လယ်မြေအကြောင်းတွေကို ပြောဖြစ်တာများပါတယ်။ ညနေပိုင်းဆိုရင် အိမ်နီးနားချင်းတွေ အိမ်တိုင်းလိုလို ထမင်းဖိတ်ကျွေးတယ်၊ နေရမဲ့ အချိန်က တပတ်ပဲ ဆိုတော့ တချို့အိမ်တွေ ထမင်း ကျွေးမဲ့ အလှည့်မရတော့ မရမက အိမ်လည်ဖို့ ခေါ်တယ်။ တရက်သီးပေါ်တဲ့ အချိန်ဆိုတော့ ချွေးနံ့တောင် တရက်သီးအနံ့ထွက်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက အိမ်တိုင်းက စကားဝိုင်းမှာ လူပြောများတဲ့ ပြဿနာ တခု သတိထားမိတာရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့၊ မန္တလေးက တရုတ်သူဌေးတွေ အဲဒီ ဒေသတ၀ိုက်က လယ်မြေတွေကို အလုအယှက်သိမ်းနေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ရွာသားတွေမှာတော့ ဘယ်သွားတိုင်ရမှန်းမသိ၊ တိုင်လို့ရတဲ့ အနေအထားလဲ မဟုတ်၊ သူဌေးဆိုသူတွေက ဥပဒေအရ ကိုး။ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို လျှော်ကြေး မဖြစ်စလောက်လေးနဲ့ ထိုးအပ်လိုက်ရတဲ့ အဖြစ်ပါ။ အရင်က လယ်လုပ်တယ်၊ အစိုးရကို စပါးမသွင်းနိုင်တော့ တရက်ခြံပြောင်းလုပ်ပြီး စပါးဝယ်ထည့်နေရတယ်။ စပါးဝယ်ထည့်နေရင်ပြီးပြီ ထင်နေလို့ တရားဝင် လက်မှတ် ဘာမှ မလုပ်။ သူဌေးတွေက တချို့ အာဏာပိုင်တွေရဲ့ အကူအညီနဲ့ မြေပိုင်လုပ်လိုက်တယ်။ ရန်ကုန်က ၀န်ကြီးရုံးကနေ ချပေးတော့ အောက်က ၀န်ထမ်းတွေ ဘာပြောလို့ရမှာလဲ။ လယ်သမားတွေခင်မျာ သူတို့ လယ်ကို သူစိမ်းတွေ ခြံစည်းရိုး လာခတ်မှ သူများပိုင်သွားတာ ဖြစ်ကြောင်းသိလိုက်ရတဲ့ အဖြစ်မျိုးတွေပါ။ လယ်လုပ်သူ လယ်ပိုင်ရမယ် လို့ဆိုတော့ လယ်မဟုတ်တဲ့ မြေတွေကို စိတ်ကြိုက်လုပ်လို့ရနေတဲ့ သဘော ဖြစ်သွားတယ်။
ဒါက မြန်မာ အစိုးရ ရဲ့ မြေယာတွေအပေါ် ပိုင်ဆိုင်ခွင့် ဥပဒေ မပေးထားလို့ ဖြစ်ရတဲ့ ပြဿနာတွေပါ။ တကယ်တော့ လက်ပံတောင်းတောင်လို ကိစ္စမျိုးတွေက နိုင်ငံအနံ့ရှိနေခဲ့တာပါ။ လယ်လုပ်နေရင်း တန်းလန်းတောင် စစ်တပ်ပိုင်မြေ ဖြစ်သွားတာမျိုး၊ ဒီလို အဖြစ်မျိုးတွေကို လယ်မလုပ်ဖူးတဲ့လူတန်းစား၊ ကုန်သည် နဲ့ အစိုးရ ၀န်ထမ်း၊ နိုင်ငံရေး သမားတွေက မခံစားဖူးတော့ မသိပါ။ လယ်သမားတွေဟာ သူတို့ ရဲ့ လက်ငုတ် မြေကို သိပ်တန်ဖိုးထားပါတယ်။
ဒူဝါရဲ့ ဖခင်လည်း သူကိုယ်တိုင် ဖေါက်ခဲ့တဲ့ လယ် နှစ်ခု အသိမ်းခံရဖူးပါတယ်။ စစ်သင်တန်းပေးတဲ့မြေ ဖြစ်သွားတဲ့ နေရာကို သူ ခဏဏသွားကြည့်တာ မြင်ဖူးပါတယ်။ သွားတိုင်းလဲ အကြာကြီး ထိုင်ကြည့်နေတာမျိုးပါ။ သူ့ခင်မျာ ဘယ်သွားတိုင်ရမှန်းလဲ မသိပါဘူး။ အခုလို ဆန္ဒပြကောင်းရမှန်းတောင်မသိခဲ့တဲ့ သူတွေပါ။ သူ့သားသမီးတွေက ရှာတတ်ဖွေတတ်လာလို့ သူလဲ အသက်ရလာပြီ ဆိုတော့ လယ်မလုပ်ပါနဲ့တော့ ဆိုလဲ မရဘူး။ သူဆုံးတဲ့ အချိန်ထိ လယ်လုပ်ခဲ့သူပါ။ နောက်ဆုံးလုပ်ခဲ့တဲ့ အချိန်တွေမှာ ဆိုရင် သူလုပ်လို့ရတဲ့ စပါးက နဲနဲ၊ သူ့ကို ထောက်ပံ့ရတာက (သူမောမှာ စိုးလို့ လူငှားပေးရတာ) များများပါ။
ဂျပန်နိုင်ငံလို တိုးတက်နေတဲ့ နိုင်ငံမှာတောင် မြို့ကြီးတွေ ပတ်ပတ်လယ်မှာ လယ်လုပ်သူတွေ ဒုနဲ့ဒေးပါ။ လယ်လုပ်သူတွေဟာ စပါးစိုက်လို့ရတဲ့ဝင်ငွေထက်၊ သူတို့ ပိုင်မြေကို ငှားစားရင်တောင် သုံးဆ၊ လေးဆ ပိုရမှာပါ။ သူတို့လဲ လခစားအလုပ်လုပ်ရင် ပိုရကောင်း ရမှာပါ။ သို့သော်၊ သူတို့ လယ်ပဲလုပ်ပါတယ်။
တောနေလူတန်းစားတွေရဲ့ ပျော်ရွှင်မှု (Rural Livelihood) ဆိုတာ ကိုယ်တိုင်ထွန်ယက်ပြီး ထွက်လာတဲ့ ဆန်စပါးကို စားရခြင်းဟာလဲ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတခုပါ။ သူတို့ရဲ့ လယ်ကို သိမ်းလိုက်ခြင်းသည်၊ သူတို့ရဲ့ ပျော်ရွှင်မှုကို ရိုက်ချိုးပေးလိုက်ခြင်း ဖြစ်ပါတယ်။ ငွေကြေးဘယ်လောက် တန်ဖိုးပေးပြီး လျှော်ပါစေ၊ သူတို့ သံယောဇဉ်ရှိနေတဲ့ နယ်မြေကို ပေးလိုက်ရခြင်းဟာ၊ သူတို့ ဘ၀ကို ရိုက်ချိုးပစ်လိုက် ခြင်းပါပဲ။
ဒီလိုခံစားချက်မျိုးကို အထက်တန်းလွှာ လူတန်းစားများ၊ အုပ်ချုပ်သူ လူတန်းစားများ၊ မြို့နေလူတန်းစားများ နားလည်ဖို့ မလွယ်ပါ။ ဒီတော့ သူတို့ကိုယ်တိုင် အော်လာရသည်။ လက်ပံတောင်းတောင် အရေးမှာ ပါဝင်ခဲ့တဲ့ ရွာသားတွေဟာ အလုပ်မရှိလို့ ဆန္ဒပြတာမဟုတ်။ သူတို့ကို အလုပ်လက်မဲ့ ဖြစ်အောင် လုပ်လိုက်သူတွေကို တွန်းလှန်ခြင်းသာ ဖြစ်ပါတယ်။
မြန်မာ စကားပုံမှာ “သိပ်သိပ်နေ ၀န်ခံခြင်း” ဆိုတာ ရှိပါတယ်။ ဒီနေ့ မြန်မာပြည်သူများ လက်ရှိအစိုးရရဲ့ အခြေခံဥပဒေ ကို လက်မခံသေးတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ သိပ်သိပ်နေလိုက်ခြင်းဟာ အစိုးရ ရဲ့ ဗဟိုချုပ်ကိုင်မှု စနစ် မူဝါဒများကို လက်ခံ ပြီးသား ဖြစ်တယ်၊ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားမှာလည်း ဖြစ်ပါတယ်။ လယ်သိမ်း၊ ယာသိမ်းတိုင်း ဥပဒေ အရလုပ်တာချည်းပါပဲ။ တရုတ် သံအမတ်တောင် မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ လုပ်တယ် လို့ ပြောထားပါတယ်။
ဒီတော့… မြန်မာ ပြည်သူတွေအခုလို ဥပဒေ အရလုပ်ထားတဲ့ဟာကို ဆန့်ကျင်ခြင်းဟာ၊ တရား ဥပဒေ ချိုးဖေါက်ရာ ကျနေမလား? တကယ်တော့ တည်ဆဲ ဥပဒေကိုက ပြည်သူတွေရဲ့ သဘောဆန္ဒ နဲ့ ဆန့်ကျင်နေလို့ပါ။ ပြည်သူတွေ မအော်ရင် လက်ခံပြီးသား ဖြစ်သွားပါမည်။ ပြည်သူတွေသာ မအော်ရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လဲ ရှိနေအုံးမှာပါ။ မဟုတ်မှန်း၊ မတရားမှန်းသိလာလို့ အော်လာရခြင်း ဖြစ်တဲ့ အတွက် ဆန္ဒပြတယ် ဆိုတာ အမြင်ပွင့်ခြင်း ဖြစ်ပါတယ်။ မတရားမှုကို မီးမောင်းထိုးပြမှသာ အာဏာပိုင်များ၊ ဥပဒေပြုသူများ စဉ်းစားလာမည် ဖြစ်သည်။ သိပ်သိပ်နေရင် မှန်နေတယ် လို့ပဲ ထင်တော့မှာပေါ့။