Saturday, March 12, 2016

အပိုင်း (၆) ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ဘ၀ကောက်ကြောင်း


==========================
(ဤဆောင်းပါးကို Facebook name Mg Mg Soe မှကူးယူဖော်ပြသည်။)
ဖြည့်စွက်ချက်- [လမုန်တူးဂျိုင် ( နောင် KIO ဥက္ကဌ ကွယ်လွန် ) သည်
မုန်လုံသုံးဆင့်ကေဒါကျောင်း ပထမပတ်မှဟု ပြင်ဆင်အပ်ပါ
သည်။ အဆိုပါသုံးဆင့်ကေဒါ ပထမပတ်တွင် ဗိုလ်မှူးဇော်အိမ်
လည်း ပါဝင်သည်။ ဗိုလ်မှူးဇော်အိမ်သည်ထိုစဉ်က KIA တပ်မဟာ ၃ မှူးဖြစ်ပြီး နောင်တွင် KIA ဒုစစ်ဦးစီးချုပ် VCS
တာဝန်ယူခဲ့ပါသည်။]
CPB ၏ KIA သို့လက်နက်အကူအညီ
*********************-************
KIA တို့ ကောက်ကွတ်သင်တန်းကျောင်း8အား
အလေးထားခြင်းမှာအကြောင်းမဲ့တော့မဟုတ်ပေ။
မုန်လုံသင်တန်းကျောင်းမှ အရာရှိများအား CPB
သင်တန်း ၅ လပြီးလျင် တရုတ်ပြည်သို့ ၁ လလှည့်
လည်ကြည့်ရှုရေးသွားရသော်လည်းကောက်ကွတ်
ကျောင်းသင်တန်းဆင်းများအတွက် ထိုကဲ့သို့သော
အစီအစဉ်မရှိ။သို့သော်ထူးခြားသည့် အစီအစဉ်ရှိ
သည်။ ၎င်းမှာသင်တန်းဆင်းပွဲပြီး၍ နောက်တနေ့
တွင် လက်နက်တပ်ဆင်ပေးခြင်းဖြစ်သည်။
သင်တန်းလေးပတ်စလုံး တပတ်လျင် တပ်ခွဲ
၂ ခွဲစာလက်နက်တပ်ဆင်ပေးသည်။ သို့သော်
တပ်ခွဲဖွဲ့စည်းပုံမှာ တရုတ်တပ်ခွဲဖွဲ့စည်းပုံအတိုင်း
တခွဲစာဆိုလျင် လက်နက်ငယ်မျိုးစုံ ၁၂၀ ကျော်
ရှိရာ သင်တန်း တစ်ပတ်လျင် လက်နက်ငယ်မျိုးစုံ
၂၅၀ ခန့်တပ်ဆင်ပေးခဲ့သည်။
တပ်ဆင်ပေးသောလက်နက်ငယ်များမှာ M20 ပစ္စတို M21 semi auto မောင်းပြန်ရိုင်ဖယ် M22 fully auto မောင်းပြန်ရိုင်ဖယ် M14 fully auto မောင်းပြန်ရိုင်ဖယ် M23 စက်ကလေး M 40 ပုခုံးထမ်းလောင်ချာ( ဘဇူကာ )60 mm မော်တာ တို့ဖြစ်သည်။၎င်းတို့နှင့်အတူ ကျည်ဆံ ကျည်ကပ် ချပ်ဝတ် တန်ဆာ (equipment) တပ်ခွဲသုံး ဆေး အိတ် အစရှိသည်တို့ပါ တပါတည်းတပ်ဆင်ပေးခဲ့ သည်။
သို့ဖြစ်ရာ ကောက်ကွတ်သင်တန်းလေးပတ်အ
တွင်း KIA သင်တန်းဆင်းများမှတဆင့် လက်နက်
ငယ်မျိုးစုံ ၁၀၀၀ ခန့်တပ်ဆင်ပေးခဲ့သည်။ ထို့ပြင်
ထိုစဉ် KIA ဌာနချုပ်ရှိရာ ပါကျောက် နားဖေါ့သို့ လက်နက်ငယ် တပ်မဟာတစ်ခုစာနှင့် လက်နက်
ကြီးတပ်ရင်းတစ်ရင်းစာ ထပ်မံပို့ပေးခဲ့သေးသည်
ဟုဆိုပါသည်။ လက်နက်ကြီးများမှာ 57 mm
75mm နောက်ပွင့်အမြောက်များနှင့် 82 mm
မော်တာများဖြစ်သည်။ ဤသို့ဖြင့် KIA သည်လည်း
ထိုင်းနယ်စပ်ထိလည်း ပင်ပမ်းတကြီးသွားသယ်
စရာမလို ငွေကြေးပေးဝယ်စရာလည်းမလိုဘဲ
CPB ထံမှ လက်နက်အမြောက်အများရခဲ့သည်ဟု ဆိုရမည်။သို့သော် KIA တို့အနေနှင့် ထိုင်းနယ်စပ်လမ်းကြောင်းအား ဖြတ်တောက်မပစ်ပေ။ ဆက်လက်၍ ရတတ်သမျှ သုံးနေဆဲဖြစ်သည်။
KIA တို့အနေနှင့် ထိုသင်တန်းကျောင်း ၂ ခု အ
ပြင် ၁၉၇၉ CPB ပန်ဆန်း ဗဟို၌ ဒေါက်တာလှ
ကျော်ဇောဦးစီးဖွင့်လှစ်သည့် ဆေးကျောင်းသို့
လည်း သင်တန်းသားများစေလွှတ်ခဲ့သည်။
ထိုပြင် သုံးဆင့်ကေဒါ သင်တန်းကျောင်းပြီး
သွားသောအခါ နောက်ဆုံးသင်တန်းကျောင်းအုပ်
အဖြစ်တာဝန်ယူခဲ့သူ CPB အရန်ဗဟိုကော်မတီ
ဝင် ရဲဘော်မောင်မောင်စိန်သည် KIA ဗဟိုဌာန
ချုပ်တွင် CPB ကိုယ်စားလည်အဖြစ်သွားရောက်
တာဝန်ယူခဲ့ပြီး KIA ဌာနချုပ်တွင်ပင် ရောဂါနှင့်
ကွယ်လွန်ခဲ့သည်။
KIA ဗဟိုဌာနချုပ်နှင့် ဗဟိုတပ်များ
ထိုစဉ်က KIA ဗဟိုဌာချုပ်အား ပါကျောက်
နားဖေါ့ဒေသတွင် ဖွင့်လှစ်ထားသည်။
၁၉၇၆ ထိ KIAသည် တပ်မဟာ ၄ ခုနှင့် တပ်
ရင်း ၁၁ ရင်းဖွဲ့စည်းထားသော်လည်း ဗဟိုမှတိုက်
ရိုက် ကိုင်သော သီးသန့်တပ်ရင်းဟူ၍ မရှိပေ။ သက်ဆိုင်ရာနယ်မြေအလိုက် ဖွဲ့စည်းထားသော
တပ်ရင်းများကို စစ်ဆင်ရေးလိုအပ်ချက်အရစုစည်း
ခြင်းမျိုးသာရှိခဲ့သည်။
၁၉၇၇ မှစ၍ ကောက်ကွတ်သင်တန်းဆင်း တပ်
ရင်းများနှင့် လက်နက်များကို အခြေပြု၍ ဗဟိုတပ်
များကို ဖွဲ့စည်းခဲ့သည်။ ကောက်ကွတ်သင်တန်း
ဆင်း ၄ ပတ်အား အခြေပြု၍ ရင်း 251/252/253/
254 တို့ကိုဖွဲ့စည်းခဲ့သည်။ ထို့အတူ ထိုစဉ် KIA
စစ်ဦးစီးချုပ်တာဝန်ယူထားသူ ဗိုလ်ဇော်မိုင်း ဦးစီး
၍ ထိုဗဟိုတပ်များကိုကိုင်ပြီး တိုက်ပွဲများဖေါ်ခဲ့သည်
နားလုံစခန်းသိမ်းတိုက်ပွဲ ဖါးကန့်ကားလမ်းတွင်
စစ်ကြောင်းတခုအား လမ်းဖြတ်ခြုံခိုတိုက်ခိုက်ခြင်း တို့မှာ ထင်ရှားသည်။
နားလုံစခန်းသိမ်းတိုက်ပွဲမှာလက်နက်ကြီးနှင့် ခြေလျင်ပေါင်းစပ်ပြီး တိုက်သောတိုက်ပွဲဖြစ်ပြီး KIA ၏ သမရိုးကျ ပြောက်ကျားစစ်မှ သွေဖီလာ သည့် ပုံမှန်စစ်ဆင်ခြင်းဖြစ်သည်။ သို့သော် ထို တိုက်ပွဲသည် အောင်မြင်မှုမရခဲ့ပေ။စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ ။ အတွေ့ကြုံကောင်းသာ ရခဲ့သည်ဟုဆိုရမည်။ဖါးကန့်ကားလမ်း လမ်းဖြတ်
တိုက်ပွဲကတော့ စိတ်ရှည်စွာစောင့်စားအပင်းပမ်း ခံနိုင်မှုကြောင့် အစိုးရစစ်ကြောင်းတစ်ကြောင်း လုံးအားအောင်မြင်စွာ အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သည်။သို့သော် ထိုကာလက တပ်မဟာ ၂ မှဗိုလ်မှူးလခန်ပန်းအောင်ဦးစီးသည့် ခန္တီးမြို့သိမ်း
တိုက်ပွဲကတော့ အောင်မြင်ခဲ့သည်။
တိကျသော ခုနှစ်သက္ကရာဇ်များဖေါ်ပြရန်အ တွက် ပုံရိပ်များသည် ဝေဝါးခဲ့ပြီဖြစ်သည်။ သို့သော်
ဤအဖြစ်အပျက်များသည် အိပ်ရာဝင် ပုံပြင်များ
ယုံတမ်းပုံပြင်များ လုပ်ဇတ်များတော့မဟုတ်ခဲ့ပါ
ပေ။
KIA မှ CPB သို့ပေးသောအကူအညီ
CPB မှ KIA သို့အကူအညီပေးသည့်နည်းတူ
KIA မှ CPBသို့အကူအညီပြန်ပေးသည့်အကြောင်း
အချင်းအရာများလည်းရှိခဲ့သည်။ ၁၉၇၉ ခုနှစ်
ပန်ဆန်း၌ပြုလုပ်သော CPB ဗဟိုကော်မတီဆွေး
နွေးပွဲပြီးနောက် CPB သည် နောက်ခြေလှမ်းများ
အတွက် CPB အလယ်ပိုင်းဗျူရိုနှင့် မြောက်ပိုင်း
ဗျူရို ပါတီပေါလစ်ဗျူရိုဝင်များဦးဆောင်ဖွဲ့စည်းခဲ့
သည်။
CPB မြောက်ပိုင်းဗျူရိုအား ရဲဘော်အောင်ခေါ်
ဗိုလ်မျိုးမြင့် အသားမဲ ( ကွယ်လွန်) ကဦးဆောင် ကာ ဗဟိုကော်မတီဝင် ရဲဘော်ဖေသောင်း ရဲဘော်
စိုင်းအောင်ဝင်း( ရှမ်းကျောင်းသား) တို့နှင့်ဖွဲ့စည်း
ခဲ့သည်။ဗိုလ်မျိုးမြင့်နှင့် ရဲဘော်ဖေသောင်းတို့မှာ
မူလက CPB မြစ်ဖျားတိုင်းမှ လူဟောင်းများဖြစ်ကာ
မြောက်ပိုင်းတိုင်း၏ နိုင်ငံရေး စစ်ရေးရည်မှန်း
ချက်အဖြစ် CPB မြစ်ဖျားတိုင်းအား ပြန်လည်တည်
ဆောက်ရန် ရည်ရွယ်ထားရှိ၍ ၎င်းတို့အား ရွေး ချယ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။CPB မြောက်ပိုင်း
ဗျူရိုအား သံလွင်အနောက်ခြမ်းရှိ မုန်းကိုးတွင်
အခြေစိုက်ခဲ့ပြီး မြောက်ပိုင်းဗျူရိုလက်အောက်
တွင် ယခင်အရှေ့မြောက်စစ်ဒေသမှ ကွတ်ခိုင်
ခရိုင် နမ့်ခမ်းခရိုင်နှင့် ခရိုင်တပ်များ မုန်းပေါ်ဒေသ
တွင် အခြေစိုက်သည့် တပ်မဟာ ၂ နှင့်သူ၏လက် အောက်ခံတပ်များဖြစ်သည့် ရင်း ၃၀၃၁/၃၀၃၅/
၃၀၃၇/၁၀၇ တပ်ရင်းများ နှင့် ရွှေလီချိုင့်ဝှမ်းဂွင်
တွင် လှုပ်ရှားသည့် ၂၀၂ စစ်ဒေသတို့အား ထည့် သွင်းဖွဲ့စည်းခဲ့သည်။မြောက်ပိုင်းဗျူရိုအနေနှင့်
မူလရှိပြီးဒေသများအပြင် မြစ်ဖျားတိုင်းကိုပါ တိုးချဲ့
ရန်ရည်ရွယ်ချက်ထားရှိခဲ့သည်။
မြစ်ဖျားတိုင်းဆိုသည်မှာ အင်းတော် ဗန်း
မောက် ပင်လယ်ဘူး မော်လိုက်ဒေသကိုဆိုလိုခြင်း
ဖြစ်သည်။ ထိုဒေသကို ကိုယ်တိုင်သွားရောက် အ
ကောင်အထည်ဖေါ်နီုင်မည့်မြစ်ဖျားတိုင်းမှ တပ်မှူး
ဟောင်း ဗိုလ်ကျော်မိုးခေါ် ဗိုလ်အောင်ကျော်မိုးနှင့်
ဗိုလ်အိုက်အောင်ခေါ်ရဲဘော်ယုအောင်တို့သည်
လည်း အရှေ့မြောက်နယ်စပ်သို့ ပြန်လည်ရောက်ရှိ
ပြန်လည်ရောက်ရှိနေသည်ဖြစ်ရာ ရေကန်အသင့် ကြာအသင့်ဟု ဆိုရမည်။
သို့ဖြင့် CPB မြောက်ပိုင်းဗျူရိုသည် နိုင်ငံရေးမှူး
ဗိုလ်ကျော်မိုး တပ်မှူးဗိုလ်အိုက်အောင်တို့ ဦးစီး
သည့် ၁၈၀ တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ထို ၁၈၀
တပ်ဖွဲ့ဖွဲ့စည်းရာတွင် ၁၉၇၇ အောက်တိုဘာ၌ CPB သို့ရောက်ရှိလာသည့် ၇၇၁၀ တပ်ဖွဲ့ဝင် ၃၀ ခန့်
အား အခြေပြုဖွဲ့စည်းခဲ့သည်ဟုဆိုရမည်။ အဘယ်
ကြောင့်ဆိုသော် CPB ၏ တပ်သားအများစုမှာ
နယ်စပ်ဒေသမှတိုင်းရင်းသားများသာဖြစ်ပြီး မိုး
ကောင်းမှ ကျောင်းဆရာတစ်ဦးလည်းဖြစ် ရှမ်းနီ
တစ်ဦးလည်းဖြစ်သူ စိုင်းခမ်းလွယ် ဦးစီးသည့်
၇၇၁၀ တပ်ဖွဲ့မှာ မိုးကောင်း မိုးညှင်း ဟိုပင်စသည့်
သံလမ်းရိုးတလျောက်မှ ရှမ်းနီရဲဘော်များနှင့်ဖွဲ့
စည်းထားသည်ဖြစ်ရာ မြစ်ဖျားတိုင်းသို့ ထိုးဖေါက်
မည့် တပ်ဖွဲ့အတွက် လိုက်ဖက်သည့် ရဲဘော်များ
ဖြစ်သည်ဟုဆိုရမည်။
မြစ်ဖျားတိုင်းအား နယ်မြေကျွမ်းကျင်သည့်
တပ်မှူးတပ်သားများရှိသော်လည်း CPB အတွက်
အခက်ခဲမှာ မူစယ်အရှေ့မြောက်ဖက်ရှိ မုန်းကိုးဒေ
သမှ အင်းတော်ဗန်းမောက်ဒေသထိ သွားရမည့်
ခရီးကွာဝေးလှသည့်အပြင် သတင်းမပေါက်ကြား
စေရန်လည်း လိုအပ်သည်။ လမ်းခရီးတွင် KIA
လှုပ်ရှားစိုးမိုးသည့် ဒေသများကိုဖြတ်သန်းရမည်
ဖြစ်ရာ KIA ၏အကူအညီအထူးလိုအပ်ခဲ့သည်။
၁၈၀ တပ်ဖွဲ့သွားမည့်လမ်းကြောင်းမှာ မူစယ်
အရှေ့မြောက်ရှိ မုန်းကိုးမှ ကွတ်ခိုင် နန့်ဖတ်ကာ
ကြားကားလမ်းအားဖြတ်၍ KIA နင့် CPB တို့ဆက်
စပ်လှုပ်ရှားရာ ရွှေလီချိုင့်ဝှမ်းသို့၎င်း ထိုမှတဆင့်
ရွှေလီမြစ်အားဖြတ်၍ နမ့်ခမ်းနှင့် ဗန်းမော်ကြား
သို့၎င်း ထိုမှတဆင့် မိုးမောက် မြို့သစ် ဘက်သို့
ထောင်တက်၍ ၎င်း ထိုမှတဆင့် ဆင်ဘိုအောက်
ဖက်မှဧရာဝီမြစ်အနောက်ဖက်သို့ ဖြတ်၍ ကောက်ကွေ့ချောင်းဂွင် သို့၎င်း ထိုမှ မိုးညှင်း မိုးကောင်း
မီးရထားလမ်းအားဖြတ်၍ သံလမ်းရိုးအနောက်ခြမ်းသို့၎င်း
ထိုမှ အင်းတော် ဗန်းမောက်နယ်သို့၎င်း ထိုးဆင်း ရန် လမ်းကြောင်းရွေးချယ်ခဲ့သည်။ မုန်းကိုးမှ
ထွက်ပြီး မိုးညှင်း မိုးကောင်းသံလမ်းရိုး အနောက် ခြမ်းအထိ KIA ၏ဒေသများဖြစ်ရာ ၁၈၀ တပ်ဖွဲ့ထိုးဖေါက်သွားလာရေးအတွက် KIA ၏ အကူအညီက အရေးပါခဲ့၏။
ရှည်လျားသော လမ်းခရီးတွင် သတင်းလုံခြုံရေး
အတွက်ပါ CPB ၁၈၀ တပ်ဖွဲ့သည် မုန်းကိုးမှထွက် ပြီး မကြာခင်ပင် KIA ယူနီဖေါင်း ပြောင်းဝတ်၍ ၁၉၈၁ အတွင်းထွက်ခွါခဲ့ကြသည်။၎င်းတပ်ဖွဲ့သည်
ကွတ်ခိုင်/မူစယ်ကားလမ်း ရွှေလီမြစ် ဗန်းမော်/နမ့်
ခမ်းကားလမ်း ဗန်းမော်/မြစ်ကြီးနားကားလမ်း
ဧရာဝတီမြစ် မြစ်ကြီးနား/မန္တလေးရထားလမ်း စ
သည်တို့ကို KIA အကူအညီဖြင့် သတင်းမထွက်ဘဲ
သေနတ်သံတချက်မထွက်ဘဲ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ KIA တို့၏ နယ်မြေကျွမ်း
ကျင်ပိုင်နိုင်မှု သတင်းလုံခြုံစိတ်ချမှုအတွက် အသိ
မှတ်ပြုလောက်ပါပေသည်။
သို့သော် CPB ၁၈၀ တပ်ဖွဲ့ ကံမကောင်းခဲ့ဟု
ဆိုရမည်။ မီးရထားလမ်းကူး၍ မိုးကောင်းအ နောက်ခြမ်းသို့ရောက်ပြီးမကြာမှီ ရဲဘော်ကျော်မိုး
၏ဆက်သားဖြစ်သူမှာ အစိုးရထံလက်နက်ချသွား
သည်။ သူနှင့်အတူ ရဲဘော်ကျော်မိုး၏စာရွက်စာ
တမ်းများပါသွားရာ အစိုးရထံ သတင်းပေါက်သွား
တော့သည်။ တကယ်တော့ ၁၉၈၀ ခုနှစ် ၁၈၀ တပ်ဖွဲ့စဖွဲ့ကထဲက မြစ်ဖျားတိုင်းသို့ CPB တို့ထိုး
ဖေါက်မလာမည်ကိုသိထားသော အစိုးရတပ်များ ကလည်း ပြင်ဆင်မှုရှိပြီးဖြစ်သည်။ သတင်းရသည့်
ညတွင်းချင်းပင် တပ်မမှူးဗိုလ်မှူးကြီးဖုန်းမြင့်(နောင် နဝတပြည်ထဲရေးဝန်ကြီး) ဒုတပ်မမှူး ဗိုလ်မှူးကြီး
တင်ဦး(နောင် နဝတ တွင်း ၂) တို့ဦးစီးသည် တပ် မ ၅၅ ဖြင့် ဝိုင်းပတ်ချေမှုံးရေးလုပ်တော့သည်။မပခ
တိုင်းတပ်များက အပေါ်ကပိတ် နမခ တိုင်းတပ်များ
ကအောက်ဘက်ပိတ်ပြီး တပ်မ ၅၅ ကထိုးစစ်ဝင်
သည်။ ပင်းလယ်ဘူး ဗန်းမောက်နယ်ထဲရှိ ယခင်
မြစ်ဖျားတိုင်း CPB လူဟောင်းများကို စုစည်းထိမ်း
သိမ်းလိုက်ပြီး နယ်ခံ ထောက်ခံအားပေးမည့်သူ
များနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီး တပ်မ ၅၅
ကထိုးစစ်ဝင်သည်။ တပ်မ ၅၅ အောင်မြင်မှုရခဲ့
သည်။ ထိုစစ်ဆင်ရေးတွင်ပါဝင်သူများ ချီးမြှောက်ခံ
ရသည်။ထိုစစ်ဆင်ရေးတွင်ပါဝင်သော ခမရ ၁၈
ရင်းမှူး ဗိုလ်မှူးဝင်းမြင့် သည် နောင် နဝတ S 3
အထိတက်လှမ်းခဲ့သည်။
CPB ၁၈၀ အတွက်တော့အထိနာသည်။ လပိုင်းအတွင်း နိုင်ငံရေးမှူး ရဲဘော်ကျော်မိုး တပ်မှူးရဲဘော်ယုအောင်အပါအများအပြားကျဆုံးသည်။ ကျန်တပ်ဖွဲ့ဝင်များ အကွဲကွဲအပြား ဆုတ်ခွါ ရသည်။ အောင်မြင်စွာဆုတ်ခွါနိုင်ခြင်းမျိုးတော့ မဟုတ်။ အကွဲအပြားပြား ဆုတ်ခွါလာသူများ မြောက်ဖက်သို့ ဆုတ်ခွါရင်း KIAနယ်ထဲသို့ ရောက်ရှိရာ KIA ရိက္ခာ ယူနီဖေါင်း နေစရာ
မှအစ အစစအရာရာ စီစဉ်၍ ပြန်လည်ကူညီပေး
ရသည်။ ထိုရဲဘော်များအား ပြန်လည်စုစည်းပေး
ပြီး CPB မြောက်ပိုင်းဗျူရိုသို့ ပြန်ပို့ပေးရသည်။
CPB ၁၈၀ တပ်ဖွဲ့အား အစ အဆုံး KIA တို့ကူညီ လိုက်ရသည်ဟုဆိုရမည်။ ထိုစဉ် KIA တပ်မဟာ ၂ ၌
ဒုတပ်မဟာမှူး BM အဖြစ်တာဝန်ယူနေသူ ဗိုလ်မှူးလခန်
ပန်းအောင်မှ အတော်လေး အလေးထားကူညီပေးခဲ့သည်။
ထိုမျှနှင့်မပြီးသေး။ CPB အနေနှင့် အဆုံးအရှုံး
နှင့် ရင်ဆိုင်ခဲ့ရသော်လည်း မြစ်ဖျားတိုင်းတိုးချဲ့
ရေးအား လက်မလျော့ခဲ့။ ၁၈၀ တပ်ဖွဲ့ ဒုတပ်မှူး
တာဝန်ယူခဲ့သူ ရဲဘော်အောင်နိုင်မှ ဆက်လက်ဦး
စီး၍ ၁၀၂ တပ်ဖွဲ့ငယ်ဖြင့် မိုးညှင်းအနောက် နန့်စီ
မှော် ဒေသအားအခြေပြု၍ ပြန်လည်ထိုးဖေါက်ရန်
၁၉၈၂/၈၃ မှ စ၍ ပြန်လည်ကြိုးပမ်းရာ KIA တို့
ဆက်လက်ကူညီပေးခဲ့ရသည်။ သွားလာရေး ရိက္ခာ တို့အပြင် ဖျားနာသူများအား ဆေးဝါးကုသ
ပေးခြင်းတို့ပါ တာဝန်ယူပေးခဲ့သည်။
CPB ရဲဘော်တစ်ဦးမှ KIA နာဖေါ့ဌာနချုပ်ရှိ
KIA ဆေးဆရာမလေးများထံ B 6 သွားတောင်းရာ
B 6 မရှိဟု ဆရာမလေးများကဆို၍ ဒါဆိုလဲ B 1
ခြောက်လုံးပေးပါဟုဆိုခဲ့သဖြင့် KIA ဆေးဆရာမလေး
များ အာရုံနောက်ခဲ့ရဘူးသည်။်
ဆက်လက်ဖေါ်ပြပါမည်။
photo credit Mungdungla Wawhkyung