Saturday, March 12, 2016

ကချင်တိုင်းရင်းသားလက်နက်ကိုင် စစ်သည်များ ၏ ဘ၀ကောက်ကြောင်း (1)

အပိုင်း (၁)
ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ ၏ ဘ၀ကောက်ကြောင်း
=========================
( ဤစာကို Facebook name Mg Mg Soe ဆောင်းပါးမှကူးယူဖော်ပြသည်။)
နိဒါန်း
******
ဦးစွာ ပြောကြားလိုသည်မှာ မိမိ၏ဤစာ သမိုင်းမဟုတ်ပါ။သမိုင်းအထောက်အထား
အချက်အလက်များကို စုစည်းသုံးသပ်တင်ပြခြင်း
မျိုးလည်းမဟုတ်ပါ။ မိမိနှင့် မိမိမိတ်ဆွေများ ရဲဘော် ရဲဘက်များ ဖြတ်သန်းတွေ့ကြုံခဲ့ရ ထိတွေ့
ခဲ့ရသည်များကို လက်ဆင့်ကမ်းခြင်းမျှသာဖြစ်ပါ သည်။ ပြီးပြည့်စုံသော ပန်းချီကားတချပ်ကို ရေးဆွဲ
ခြင်းမျိုးမဟုတ်ဘဲ ကောက်ကြောင်းတခု ပုံကြမ်း
တခုကို ရေးခြစ်ပြခြင်းမျှသာဖြစ်ပါသည်။ သို့သော် လက်လှမ်းမှီသမျှကိုတော့ ထည့်သွင်းဖေါ်ပြရန် ကြိုး
စားခဲ့ပါသည်။
လွမ်းမောဘွယ်များ သင်ခန်းစာများ သတိရ ဘွယ်များ နာကျည်းဘွယ်များ စိတ်ပျက်ဘွယ်များ
အမှားများ အမှန်များ ကောက်ကျစ်စဉ်းလဲမှုများ
ရိုးသားဖြောင့်မတ်မှုများ အောင်ပွဲများ ရှုံးနိမ့်မှုများ စသည်များစွာဖြင့် ပြည့်နှက်နေသော ပုံရိပ်တခုဟု ဆိုရပေမည်။
ကချင်
ကချင်တိုင်းရင်းသားတို့သည် ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပျံ့နှံ့နေထိုင်ကြသည်
ထို့အတူပင် တရုတ်ပြည်နှင့် အိန္ဒိယပြည်တွင် လည်း ကချင်လူမျိုးများနေထိုင်ကြသည်ကို တွေ့ရ
သည်။ ကချင်ဝန်ပေါင် မျိုးနွယ်စုများထဲတွင် ဂျင်းဖေါ
လချိတ် ခေါ် လရှီ လော်ဝေါ် ခေါ် မရူ ဇိုင်ဝါး ခေါ် အဇီး လီဆူး ရဝမ် နှင့် ခနုံ တို့ပါဝင်ကြသည်။ ထို
၇ မျိုးထဲမှ ခနုံမှာ ယခုအခါ လူဦးရေအနဲဆုံးအဖြစ်
ရှိနေသည်ဟုဆိုသည်။ ရဝမ် နှင့် လီဆူး တို့မှာ
ကချင်မျိုးနွယ်စုထဲ ပါမပါ ယခုအခါ အငြင်းပွါးနေ
သည်ကိုတွေ့ရသည်။ သို့သော် ကချင်လူမျိုးအနေ
နှင့် မျိုးနွယ် ၇ ခုပါဝင်သည်ဟု အများကလက်ခံ
ထားကြသည်။
ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင်စစ်သည်များ
အစောဆုံး ခေတ်သစ်စစ်သားများမှာ အင်္ဂ လိပ် အုပ်စိုးစဉ်က ဗြိတိသျှအစိုးရစစ်တပ်တွင် ဝင်ရောက်အမှုထမ်းခဲ့
သူများဖြစ်သည်ဟုဆိုရမည်။ သို့သော် အရေအ တွက်နည်းသေးပြီး အလုံးအရင်းနှင့် အမြောက် အများတော့မဟုတ်သေးဟုဆိုရမည်။တကယ်
တမ်းကချင်စစ်သည်အများအပြား ဝင်ရောက်အမှု ထမ်းခဲ့သည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ကချင်ပြည်နယ်၌ မဟာမိတ်စစ်တပ်နှင့်အတူ ဂျပန်တို့ အား တိုက်ပွဲဝင်ခဲ့စဉ်ကဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်သို့ ဂျပန်
များဝင်ရောက်လာပြီးနောက် ကချင်ပြည်နယ်အ
တွင်းရှိ လီဒိုလမ်းမကြီးသည်၎င်း ဝင်းဂိတ်စစ်ဆင်
ရေးသည်၎င်း စစ်ပွဲတွင် အရေးပါခဲ့သည်။ထို့အတူ
ဒေသခံ ကချင်များသည်လည်း မဟာမိတ်တပ်၏
ကချင်ရိန်းဂျားစစ်သည်များအဖြစ် ထင်ပေါ်ခဲ့သည်။
ကချင်ရိန်းဂျားများသည် ဒေသခံများဖြစ်သည့် အား
လျော်စွာ နယ်မြေတောတောင်ဒေသကျွမ်းကျင်ခြင်း
ဒေသရာသီဥတုနှင့် သဟဇာတဖြစ်ခြင်း မြင့်မား
မတ်စောက်သော နက်ရှိုင်းသောတောတောင်များ အတွင်း ကျွမ်းကျင်စွာသွားလာနိုင်ခြင်းတို့အပြင် တူမီး ဒူးလေး တိုအားကိုင်ဆောင်၍ မိရိုးဖလာအမဲလိုက်လာသူများဖြစ်သည်အားလျော်
စွာ တောတောင်အတွင်း ခြေသံလုံလုံဖြင့် ရန်သူ့
အနားကို ချဉ်းကပ်နိုင်သည့် ပြောက်ကျားစစ်သည်
ကောင်းများဖြစ်လာခဲ့ပြီး မဟာမိတ်တပ်အတွက် အားထားရသည့်စစ်သည်များဖြစ်ခဲ့ကြသည်။
လက်လှမ်းမှီသမျှဆိုရင် ကချင်ပြည်နယ်အတွင်း
၌ ကချင်ရိန်းဂျားတပ်ရင်း ၅ ရင်း ရှမ်းပြည်နယ်
မြောက်ပိုင်းတွင် ကချင်ရိန်ဂျားတပ်ရင်း ၃ ရင်း
ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။
သို့ဖြစ်ရာ ဒုတိယကမ္ဘာစစ်ကြီးအပြီး မဟာ
မိတ်တပ်မှ ပင်စင်ခံစားခွင့်ရသူ ကချင်ရိန်ဂျားစစ်
သည် များစွာရှိခဲ့သည်ဟု ကြားသိရသည်။ အချို့
ကတော့ လွတ်လပ်ရေးရပြီး မြန်မာအစိုးရစစ်တပ်
တွင် ဆက်လက်အမှုထမ်းကြသည်။ သို့ဖြစ်ရာ
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွင် စတင်အမှုထမ်းခဲ့ကြသော ကချင်ရိန်းဂျားစစ်သည်
များသည် အစောဆုံးခေတ်သစ် ကချင်စစ်သည်များဟုဆိုရပေမည်။
လွတ်လပ်ရေးရပြီးအစိုးရစစ်တပ်မှကချင်စစ်သည်များ

လွတ်လပ်ရေးရပြီး မြန်မာပြည်၏ ဖဆပလ ခေတ်အစိုးရစစ်တပ်တွင် တိုင်းရင်းသား သေနတ်
ကိုင်တပ်ရင်းများဖွဲ့စည်းခဲ့သည်။ ကရင်သနက များ
ကတော့ ၁၉၄၉ ကရင်ပုန်ကန်တွင် ပါသွားခဲ့သည်
ရှမ်း သနက ၁ ရင်း ကယားသနက ၂ ရင်း ကချင်
သနက ၄ ရင်း ချင်းသနက ၅ ရင်းကတော့ ၁၉၈၈ အရေးအခင်းအပြီး နအဖ ခေတ်ဦးအထိရှိခဲ့သည်။ မူလအစိုးရစစ်တပ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသား အလိုက်အခြေပြုသည့် တပ်များ ဂေါ်ရခါးများကို
အခြေပြုဖွဲ့စည်း၍ ဂေါ်ရခါးတပ်ရင်းဟု ခေါ်ဆိုသော
ခလရ ၄ စသည်တို့အား နောက်ပိုင်းတွင် ရောနှော
ဖွဲ့စည်းခဲ့ကြသည်။ နအဖခေတ်မှစ၍ တိုင်းရင်း
သားအမည်နှင့်တပ်များအား ခလရ/ခမရများအ
ဖြစ်အမည်ပြောင်းလဲခဲ့သည်။
ထိုသို့လွတ်လပ်ရေးရပြီး အစိုးရစစ်တပ်အ
တွင် မနဲလှသော ကချင်စစ်သည်များ ဝင်ရောက်
အမှုထမ်းခဲ့သည်ဟုဆိုရမည်။ မြန်မာစစ်တပ်အ စောပိုင်းဗိုလ်သင်တန်းကျောင်းအုပ်အဖြစ် ကချင်
လူမျိုး ဓိုလ်မှူးကြီးတစ်ဦးတာဝန်ယူခဲ့သည်။ ဗိုလ်
မှူးကြီးအယ်လ်ခွန်နောင်ဟုထင်ပါသည်။ မဆလ
ခေတ် ကချင်ပြည်နယ်ပါတီကောင်စီတွင်တာဝန်
ယူခဲ့သော ဦးဖေါ်ယူခါးသည်လည်း မြန်မာအစိုးရ စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ယူခဲ့ဘူး သူဖြစ်ပါသည်။အစိုးရစစ်တပ်တွင်ရာထူးတာဝန် အမြင့်ဆုံးယူခဲ့ဘူးသူမှာ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူတာဝန်ယူခဲ့ဘူးသူ ဗိုလ်မှူးချုပ် L ကွန် ဖန်ဟုဆိုရပေမည်။
နအဖ ခေတ်ဦးတွင် ကချင်ထဲမှာ စစ်ဖက်အရာ
ရှိကြီး ဆို၍ ဗိုလ်မှူးကြီးလဗျပန်းအောင် တစ် ယောက်သာတွေ့ရပြီး သူလည်း ခဝတ ဥက္ကဌ အဖြစ်နယ်ဘက်သို့ရောက်သွားသည်ကိုတွေ့ရ
သည်။ လွတ်လပ်ရေးရပြီးနောက် အစိုးရစစ်တပ်
တွင် စစ်မှုထမ်းခဲ့ကြသည့် ကချင်စစ်သည်များထဲမှ နောက်ဆုံးအသုတ်ဖြစ်ပုံရသည်။ ၁၉၆၁ ခုနှစ် KIA ပေါ်လာပြီးနောက်ပိုင်းအစိုးရစစ်တပ်တွင်၎င်း DSA တွင်၎င်း ဝင်ရောက်သည့် ကချင်စစ်သည်များ တစတစရော့နည်းသွားပြီး ယခုအခါ မရှိသလောက်ဖြစ်သွားပြီဟုဆိုရပေမည်။ မည်သို့
ဆိုစေ လွတ်လပ်ရေးရပြီးစ မြန်မာအစိုးရစစ်တပ်
ကချင်သနကတပ်ရင်းများနှင့်အတူ ကချင်စစ်သည်
များ စစ်မှုထမ်းခဲ့သည့်ကာလတခု ရှိခဲ့ဘူးပေသည်။
လဖိုင်နော်ဆိုင်းနှင့်ကချင်စစ်သည်များ
လဖိုင်နော်ဆိုင်းသည် ဒုတိယကမ္ဘာစစ်အ တွင်း ဂျပန်အားခုခံတိုက်ခဲ့သော ကချင်ရိန်ဂျား
စစ်သည်တစ်ဦးဖြစ်သည်။ ဂျပန်ဆန့်ကျင်စစ်ကာ
လအတွင်း သူရဲကောင်းမှတ်တမ်းဝင်အဖြစ် ၂ ကြိမ် ချီးမြှင့်ခံခဲ့ရသည်ဟုဆိုပါသည်။လွတ်လပ်ရေး
ရပြီးဖွဲ့စည်းသော ကချင်သနက ၁ တွင် တပ်ခွဲမှူး
ဗိုလ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
သို့သော် ပြည်တွင်းစစ်စပြီး မကြာခင်တွင် အစိုးရအား ပြန်လည်ပုန်ကန်ခဲ့သူဖြစ်သည်။တ
ဖက်ကတော့သူအား သူပုန်ဆိုပေလိမ့်မည်။ တဖက်ကတော့သူအား တော်လှန်သူဟုဆိုပေလိမ့်
မည်။မည်သို့ဆိုစေ ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်
စစ်သည်များသည် ကချင်လူမျိုးထဲမှ ပထမဆုံး
အစိုးရအားပုန်ကန်သူများအဖြစ် မှတ်တမ်းတင်ရ ပေမည်။
အစိုးရ၏ညွှန်ကြားချက်အရ KNU နှင့် ဗကပကို
တိုက်ခိုက်ရမည့် ဗိုလ်နော်ဆိုင်းသည် အမိန့်ကိုဖီ
ဆန်ခဲ့ပြီး အစိုးရကိုပုန်ကန်ခဲ့သည်။ ၁၉၄၉ ဖေဖ ဝါရီလအတွင်း ပျဉ်းမနားသို့ရောက်ရှိနေသော ဗိုလ်နော်ဆိုင်းဦးစီးအင်အား ၇၀၀ ခန့်သည် KNU နှင့်ပေါင်း၍ မြို့လှ ရေတာရှည် တပ်ကုန်း ရမည်း သင်း သာစည် မိတ္ထီလာတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မိတ္ထီလာမှ လေယာဉ် ၂ စီးဖြင့် မေမြို့ ( ပြင်ဦး
လွင် ) သို့သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ သည်။မြန်မာပြည်တွင်းစစ်တွင်း အစောဆုံး လေ
ကြောင်းစစ်ချီစစ်ဆင်ခြင်းဟုဆိုရမည်။ မေမြို့သို့
သွားရောက်ခြင်း ထိုစဉ် KNU တို့ပုန်ကန်မှုကြောင့်
အစိုးရတပ်တွင်း နှင့် အစိုးရဌာနတွင်းရှိ ကရင်လူ
မျိုး မိသားစုများ ကလေးလူကြီး စုစုပေါင်း ထောင်ဂ ဏန်းမျှ မေမြို့တွင် အကျယ်ချုပ်
ထားရှိသည်ကို ကယ်တင်နိုင်ရန်ဟုဆိုသည်။ အ
လားတူပင် မိတ္ထီလာတွင်လည်း အစိုးရကထိမ်း သိမ်း ထားသည့် ကရင်စစ်သား ၁၅၀ခန့်ကိုလွှတ် ပေးခဲ့သည်ဟုဆိုပါသည်။ ထိုကရင်စစ်သားထဲမှ
အချို့သည် KNU ပူးပေါင်းသူရှိသကဲ့သို့ ဇာတိပြန်
သူများလည်းရှိကာ တချို့ကတော့ ဗိုလ်နော်ဆိုင်း
တပ်နှင့် လိုက်ပါခဲ့ကြသည်။
မေမြို့ ( ပြင်ဦးလွင် ) သိမ်းပြီးနောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် KNU/ CPB တို့နှင့်ပူးပေါင်း ၍ မန္တလေးနှင့်တောင်ငူ ပဲခူးမြို့များအား မတ်လ အတွင်းတိုက်ခိုက်ခဲ့ကြသေးသည်ဟုဆိုပါသည်။
ထို့နောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် ၁၉၄၉
သြဂုတ်အတွင်း၌ လားရှိုး ကွတ်ခိုင်တို့ကို တိုက်
ခိုက်ခဲ့ကြသည်ဟုဆိုသည်။ ရှမ်းပြည်မြောက်ပိုင်း
သို့တက်လာသော ဗိုလ်နော်ဆိုင်းသည် နိုင်ငံရေး
ရည်မှန်းချက်တခုပါ ပါလာသည်။ ၎င်းမှာ လွတ်
လပ်သော ကချင်အစိုးရနှင့် ကချင်တပ်မတော်
Pawng Yawng Asuya နှင့် Pawng Yawng
Defence Force ဖွဲ့စည်းရန်ဖြစ်သည်။( ယခုအခါ
ကချင်မျိုးနွယ်စုအားလုံးအား ဝင်ပေါင် ဟုသုံးနှုံး
သော်လည်း ထိုစဉ်က ပေါင်ယောင်ဟု သုံးစွဲသည်)
ထို့အတွက် နမ့်ခမ်းမြို့အားလည်း တိုက်ခိုက်
သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ဗန်းမော်မှ
တဆင့် ကချင်ပြည်နယ်မှ နိုင်ငံရေးခေါင်းဆောင်
များအား ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဗိုလ်နော်
ဆိုင်းတပ်ဖွဲ့အား နယ်မြေခံအချို့မှ ပုးပေါင်းထောက်
ခံခဲ့မှုရှိသော်လည်း ကချင်ပြည်နယ်ခေါင်းဆောင် များက ထောက်ခံမှုမပေးခဲ့ပေ။ ထို့ပြင် ဗိုလ်နော်
ဆိုင်းတပ်အားရင်ဆိုင်နိုင်ရန် ကချင်နိုင်ငံရေးခေါင်း
ဆောင်ပိုင်းက ကချင်စစ်သားဟောင်းများအား စု
စည်း၍ အရေးပေါ်ကချင် ၁/၂ ( Eergency Kachin 1/2 )အားဖွဲ့စည်းခြင်း ကချင်သနက တပ်
ရင်း ၃ ရင်းအား ပြန်ခေါ်ယူခြင်းများပြုလုပ်ပြင်ဆင်
ခဲ့ကြသည်။ သို့ဖြစ်ရာ ကချင်နိုင်ငံရေးခေါင်းဆောင်
များ၏ ထောက်ခံမှုမရသည့်အပြင်
်အချင်းချင်းစစ်ခင်းရမည့်အခြေအနေသို့ဆိုက်ခဲ့
သည်။ ဤသို့အကြပ်အတည်းထဲသို့ဆိုက်ရောက်
သွားသည့် ဗိုလ်နော်ဆိုင်းသည် ၁၉၅၀ ဧပြီလ
အတွင်း အင်အား ၅၀၀ အားခေါင်းဆောင်၍ တရုတ်ပြည်ထဲသို့ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်
တောင်းခံခဲ့သည်။
မိုးမိတ်အထက်ဖက် လွယ်ရဒူဝါ လထော်ခွန်
ထွန်းသည် အင်အား ၁၀၀ ခန့်စုစည်းပြီး ၁၉၄၉
နိုဝင်ဘာတွင် မန်တုန် ကိုးတောင် ရဲစခန်းနှင့် အမတ်ရုံးအားသိမ်းပိုက်ပြီး ဗိုလ်နော်ဆိုင်းအဖွဲ့နှင့်
ပူးပေါင်းရန် ကြိုးစားခဲ့သော်လည်း အဆက်အ သွယ်မရဘဲ နောက်ဆုံးအစိုးရတပ်များ၏အဖမ်း
ဆီးခံလိုက်ရသည်ဟုဆိုပါသည်။
လထော်ဇော်ဆိုင်းသည် လားရှိုးနယ်သား
ဖြစ်ပြီး ဗိုလ်နော်ဆိုင်းတပ်များ လားရှိုးနယ်ဘက်
တက်လာသောအခါ ပါဝင်ပူးပေါင်းခဲ့သည်။လားရှိုး
တိုက်ပွဲအပြီး ဒဏ်ရာရသူများ လုံခြုံသည့်နေရာ တွင် စောင့်ရှောက်ရန်ကျန်နေခဲ့သော ဗိုလ်ဇော်ဆိုင်းနှင့် အင်အား ၆၀ ခန့်သည် ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့ တရုတ်ပြည်တွင်း ဝင်ရောက်သွားသောအခါ လိုက်ပါမသွားဘဲ ကရင်ပြည်နယ်သို့ ထွက်ခွါပြီး သံတောင် ဘောဂလိနယ်ဘက်တွင် KNDO နှင့် ပူးပေါင်းနေထိုင်လှုပ်ရှားခဲ့သည်။
တရုတ်ပြည်တွင်း နိုင်ငံရေးခိုလှုံခွင့်ယူသွား
သည့် ဗိုလ်နော်ဆိုင်း အဖွဲ့အား တရုတ်အစိုးရက
မြန်မာနယ်စပ်နှင့်ဝေးကွာသည့် အတွင်းပိုင်းပြည်
နယ်တခုဖြစ်သည့် ကွေ့ကျိုးပြည်နယ်တွင်နေရာချ
ထားပေးခဲ့သည်။ ထိုစဉ်က တရုတ်ပြည်လွတ်
မြောက်စကာလဖြစ်သည့်အတွက် တရုတ်ပြည်၏
စီးပွါးရေးမှာလည်း ခက်ခဲကြပ်တည်းနေဆဲဖြစ်ရာ
ဗိုလ်နော်ဆိုင်းနှင့်သူ၏လူများသည် ခက်ခဲပင်ပမ်း
စွာ ဘဝကိုရုန်းကန်ရပ်တည်ခဲ့ရသည်ဟု ဆိုပါ သည်။
တရုတ်ပြည်၏ ပြဒါးမိုင်းတွင်းများ၌ မိုင်းတွင်းလုပ်သားများ
အဖြစ်ပါ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်ခဲ့ရသော ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်စစ်သည်များသည် ဆယ်နှစ်
ကျော် တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာမှ မြန်မာပြည်
စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိရန်အကြောင်းဖန်ခဲ့ပြန်ပါသည်။ှ
ဆက်လက်ဖေါ်ပြပါမည်။