Wednesday, May 27, 2015

ရိုဟင်ဂျာအရေး နော်ဝေမှာ ညီလာခံ လုပ်




မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကနေ ထွက်ခွာနေကြတဲ့ လှေစီးပြေး ရွှေ့ပြောင်းသူ တွေအရေး နဲ့ပတ်သက်ပြီး အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံတွေ ကိုင်တွယ်ဖို့ ကြိုးစားနေချိန်မှာပဲ ရခိုင် ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေအရေး နော်ဝေ နိုင်ငံမှာ ညီလာခံ တခု အင်္ဂါနေ့က စတင် ကျင်းပနေပါတယ်။
ဒီ ညီလာခံကို နော်ဝေ နိုင်ငံ Nobel Institute and Voksenaasen ဆိုတဲ့ နိုဘယ်ဆု ရွေးချယ်ရေး နဲ့ပတ်သက်တဲ့ အဖွဲ့အစည်း အခြေစိုက်တဲ့ နေရာမှာ ကျင်းပနေတာဖြစ်ပါတယ်။
ညီလာခံဖွင့်ပွဲမှာတော့ တောင်အာဖရိက နိုင်ငံက လူဖြူ လူမည်းခွဲခြားရေးကို ဆန့်ကျင် လှုပ်ရှားခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အင်္ဂလီကန် ဘုန်းတော်ကြီး ဒပ်စမွန် တူးတူး အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ နယ်ပယ် ၊ ကမ္ဘာ့နိုင်ငံရေး နယ်ပယ် အသီးသီးက ထင်ရှားသူတွေက ဖွင့်ပွဲ မိန့်ခွန်းတွေကို ဗီဒီယို ကနေ တဆင့် အသီးသီး ပြောကြားခဲ့ပါတယ်။
ဒပ်စ်မွန် တူးတူးက ဒီနှစ် ၂၀၁၅ ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ အထွေထွေ ရွေးကောက်ပွဲ စတဲ့ အကြောင်းချင်းရာတွေ နဲ့ မြန်မာ့ နိုင်ငံရေးမှာ အရေးပါတဲ့နှစ် ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အတွက် တွန်းအားပေးနေကြတဲ့ အချိန်မှာ ရိုဟင်ဂျာတွေ အခြေအနေကို လျစ်လျူရှု ချန်ရစ် မထားဖို့ အားလုံးမှာ တာဝန်ရှိတယ် ဆိုပြီး ပြောပါတယ်။
နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေ ဖြစ်တဲ့ အရှေ့ တီမောဖွား ဟိုဇေး ရာမို့စ် ဟိုးတား နဲ့ မြောက်အိုင်ယာလန်က အမျိုးသမီး မရိတ် မက်ဂွားရားတို့ ပါဝင်ကြသလို မလေးရှား ဝန်ကြီး ချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်၊ ပရဟိတ အလှူရှင် သူဌေး George Soros တို့လည်း ဗီဒီယို မိန့်ခွန်းတွေ အသီးသီး ပို့ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပေါ် စံနစ်တကျ ဖိနှိပ်မှုတွေ ရှိနေသလား ဆိုတဲ့ ကိစ္စ ကိုလည်း ကျွမ်းကျင်ရာနယ်ပယ်က သူတွေ ဦးဆောင်ပြီး ဆွေးနွေးပွဲ လုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ Tomás Ojea Quintana လည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
လူ့အခွင့်အရေးကို စံနစ်တကျ ချိုးဖောက်ခံရမှုမျိုးကို ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေး ကောင်စီမှာ သာမကဘဲ လုံခြုံရေး ကောင်စီမှာပါ ဆွေးနွေးဖို့ လိုပါတယ် ဆို ပြီး သူက ပြောသွားပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုမျိုးတွေ ရှိနေပြီလား ဆိုတဲ့အပေါ်မှာ ပရိသတ်ထဲမှာ ရှိနေတဲ့ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တဦး ကလည်း ဝင်ရောက် ဆွေးနွေးခဲ့ပါတယ်။
ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး နိုင်ငံတော်က အစပြုပြီး ရာဇဝတ်မှု တွေ ကျုးလွန်မှုဆိုင်ရာ ကိစ္စရပ်တွေအပေါ် သုတေသနပြုနေကြတဲ့ the International State Crime Initiative က သုတေသီတွေ နဲ့ လန်ဒန်မြို့ Queen Marry တက္ကသိုလ်က ပညာရှင်တွေက သူတို့ရဲ့ နောက်ဆုံး တွေ့ရှိထားမှုတွေကို အခု ညီလာခံမှာ တင်သွင်းဖို့ ရှိပါတယ်။
မြန်မာအစိုးရ အနေနဲ့ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို လက်ခံခြင်း မရှိဘဲ တဘက်နိုင်ငံက ဝင်ရောက်လာကြတဲ့ ဘင်္ဂါလီတွေလို့ ညွှန်းဆို သုံးစွဲကြပါတယ်။
အခု ကျင်းပနေတဲ့ နော်ဝေ ညီလာခံကို မေလ ၂၈ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။