(၁) နိဒါန်း
လွှတ်တော်တွင်းနိုင်ငံရေးအင်အားစုများသည် စစ်တပ်ကို အယုံသွင်း၍ ဖွဲ့စည်းပုံကို ပြင်လိုကြသည်။ ဖွဲ့စည်းပုံကို ဒုတိယနေရာ၌ ထား၍ စစ်တပ်နှင့် ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေးသည်။ ဖွဲ့စည်းပုံပြင်ရေးသည် စစ်တပ်လက်ထဲ၌ ရှိနေ၍ ဖြစ်သည်။ လွှတ်တော်ပြင်ပရှိနိုင်ငံရေးအင်အားစုသည် ဖွဲ့စည်းပုံကို မည်ကဲ့သို့ ပြင်ရမည်ကို တွေဝေနေကြဆဲဖြစ်သည်။ ဥပမာ-၈၈မျိုးဆက်ခေါင်းဆောင်တို့သည် အဓိကအတိုက်အခံပါတီ၏ လောင်းရိပ်အောက်၌ အသွင်ပျောက်နေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့သည်လည်း ပြည်ပအလှူရှင်များ၏ ဖိအားပေးမှုများအောက်သို့ လျှောဝင်နေကြသည်။ လောလောဆယ်၌ နိုင်ငံရေးလမ်းကြောင်းတူသူများဟု ယူဆရသည့် အဖွဲ့အစည်းများသည် ကျောင်းသားအဖွဲ့အစည်းများနှင့် UNFC ၌ ပါဝင်သည့် တိုင်းရင်းသားအဖွဲ့အစည်းများ ဖြစ်ကြသည်။ အတိုက်အခံများနှင့် တိုင်းရင်းသားအင်အားစုများကြား၌ အယူအဆအရ မညီညွတ်မှုများ ဖြစ်ပေါ်လင့်ကစား စစ်အုပ်စုအတွင်း၌ စုစည်းညီညွတ်လျက် ရှိနေပါသည်။ ဖွဲ့စည်းပုံကို အတတ်နိုင်ဆုံး မပြင်ဆင်နိုင်ဖို့ နည်းပရိယာယ်ကြွယ်ဝစွာ ကာကွယ်နိုင်ဆဲဖြစ်သည်။
(၂) အင်ဒိုနီးရှားလမ်းစဉ်အတိုင်း သွားမည်လား
ဦးအောင်ခင်နှင့် ကျော်ကျော်သိန်းတို့၏ ဗွီအိုအေသတင်းသုံးသပ်ချက်တစ်ခုတွင် မြန်မာနိုင်ငံ၌ အင်ဒိုနီးရှားပုံစံအတိုင်း စစ်တပ်၏ အခန်းကဏ္ဍလျှော့ချနိုင်ပုံကို တင်ပြထားသည်။ အမေရိကန်အစိုးရရဲ့  နိုင်ငံခြားအကူအညီပေးရေးအဖွဲ့ USAID က ဝါရင့်အကြံပေးအရာရှိ Brian Vogt က စာတမ်းထုတ်ပြီး အင်ဒိုနီးရှားပုံစံအတိုင်း မြန်မာပြည်မှာ အသွင်ကူးပြောင်းသင့်သည်ဟု တင်ပြထားသည်။ အမှန်တွင် မြန်မာနိုင်ငံ၏ နာဂစ်ဖွဲ့စည်းပုံကို အင်ဒိုနီးရှား၏ ဒွိဖန်စီစနစ်ကို ရယူထားခြင်း၊ ဘာလီဆွေးနွေးပွဲနောက်ပိုင်း၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစပြုခဲ့ခြင်း၊ ပြည်တွင်းစစ်နှင့် ဘာသာရေးအစွန်းရောက်မှု ရှိနေချင်းတူခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အင်ဒိုနီးရှားလမ်းစဉ်အတိုင်း သွားသင့်သည်ဟု အမေရိကန်ပညာရှင်တို့က ယူဆကြသည်။ စစ်တပ်က ယင်းကဲ့သို့ လိုလိုလားလား သွားလျှင်ပင် မြန်မာနိုင်ငံသည် စစ်တပ်အုပ်ချုပ်မှုအောက်၌ နောက်နှစ်ပေါင်း(၃၀)မျှ နေရဖို့ ရှိသည်။ စစ်တပ်က သူတို့နည်းသူတို့ဟန်ဖြင့် ကောင်းမွန်သည့် အာဏာရှင်စနစ်တစ်ရပ်ကို ထူထောင်ဖို့ လုံလောက်သည့်အချိန် ဖြစ်ပြီး စစ်တပ်၏ အုပ်ချုပ်ရေးတည်ငြိမ်မှု ရှိလာသည်နှင့်အညီ တိုင်းရင်းသားအခွင့်အရေးလှုပ်ရှားသူများနှင့် ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲဝင်သူများကို ဖွဲ့စည်းပုံကို မလေးစားသူများ၊ တည်ဆဲဥပဒေကို ချိုးဖောက်သူများ၊ နိုင်ငံ့တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးသူများအဖြစ် ကင်းပွန်းတပ်ပြီး စိတ်ကြိုက်အရေးယူ၍ ရသည်။ စစ်တပ်က စစ်တန်းလျားကို မည်သည့်အချိန်မှ မပြန်တော့ဘဲ နေနိုင်သည်ကိုလည်း သတိချပ်ရမည်ဖြစ်သည်။
(၃) မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးမည်မျှခရီးရောက်နေပြီလဲ
အင်ဒိုနီးရှားပုံစံ သွားနေသည်၊ ကိုယ်ပိုင်ဟန်ဖြင့် သွားနေသည်ပင် ဆိုစေဦး။ (၅)နှစ်သက်တမ်းရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် မည်မျှခရီးရောက်နေပြီလဲ စိစစ်ရန် လိုအပ်သည်။ ဒီမိုကရေစီဖြစ်ထွန်းမှုကို အကောင်းဆုံး ညွန်းပြနိုင်သည့် အချက်မှာ စစ်တပ်နှင့် ရဲတို့၏ မြင်ကွင်း လျှော့ကျသွားခြင်းနှင့် ပြည်သူတို့အတွက် လွတ်လပ်မှု ပိုမိုများပြားလာခြင်းတို့ဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်တပ်၏ လွှမ်းမိုးမှုသည် ကြောက်ခမန်းလိလိ ဖြစ်ပြီး စစ်တပ်က မည်သည့်သတင်းကို ဖော်ပြသင့်သည်၊ မည်သည့်သတင်းကို မဖော်ပြရ၊ ဖော်ပြလျှင် အရေးယူမည်ဟူသည်အထိ ချုပ်ခြယ်မှု၊ ခြိမ်းခြောက်မှု လုပ်လာခဲ့သည်။ ရဲဝန်ထမ်းများနှင့် အစိုးရမွေးမြူထားသည့် စွမ်းအားရှင်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူအုပ်ကို ဥပဒေမဲ့ ဝင်ရောက်ရိုက်နှက်၊ ဖမ်းဆီး၊ အမှုဖွင့်၊ ထောင်ချခဲ့ကြသည်။ မုဒိမ်းမှုများ၊ သတ်ဖြတ်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာညှဉ်းပမ်းနှိပ်စက်မှုများကို တသွင်သွင် ကျူးလွန်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ လွှတ်တော်တဝိုက်မှာသာ ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာလည်း ခေါင်းဆောင်ပိုင်းများကြား၌သာ တွေ့ရသည်။ အောက်ခြေပြည်သူများ၏ ဘဝမှာ ကွာဟချက်ကြီးမားလာပြီး ဒီမိုကရေစီရေးမှာ ပါဝင်ဖို့ လက်လှမ်းမီသည့်အခြေအနေပင် မရှိသေးပါ။ ပို၍ ထူးဆန်းသည်မှာ ပြည်သူတို့ကို အခြေခံ၍ ပညာရည်မြှင့်တင်မှုကို ယခုအထိ အာရုံမထားနိုင်သေးခြင်းဖြစ်သည်။ ပြည်သူတို့၏ အကြောက်တရားကို မကုစားနိုင်သေးသကဲ့သို့ အမှန်တရားချစ်မြတ်နိုးမှုကိုလည်း အဆင့်မမြင့်နိုင်သေးပါ။ ထို့ကြောင့် ယခင်က ရေးဖူးသကဲ့သို့ ပုသိမ်မုံရွာလမ်းမကြီး သည်နေရာ၌ စသည် ဟု ရေးထားသည်ကို လမ်းသွားလမ်းလာတစ်ယောက်က သည်နေရာ၌ပင် ဆုံးသည် ဟု ဖြည့်စွက်ရေးသကဲ့သို့ ဖြစ်သည်။
(၄) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ဖိအားကို မည်မျှ အသုံးချ၍ ရမည်နည်း
လွန်ခဲ့သည့်နှစ် သြဂုတ်လတွင် အပစ်ရပ်စာချုပ်ပြီးစီးလုနီးပါး ခရီးရောက်ခဲ့သည်။ မကြာခင် နိုင်ငံရေးဆွေးနွေးပွဲ စတင်တော့မည်မို့ တိုင်းရင်းသားခေါင်းဆောင်များက ပြည်တွင်းရှိအတိုက်အခံများကို တွေ့ဆုံခြင်း၊ တရားဝင်နိုင်ငံရေးအဖွဲ့အစည်းများကို အမြင်ချင်းဖလှယ်ခြင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို လွန်းပျံခရီးသွားခြင်း စသည်တို့ဖြင့် တက်ကြွနေခဲ့ကြသည်။ သည်အချက်များကို မြန်မာ့တပ်မတော်က မျက်စိစပါးမွေးဆူးပြီး အပစ်ရပ်သဘောတူညီချက်များကို တစ်မှ ပြန်စစေခဲ့သည်။ ယခုနှစ်ဦးတွင် အပစ်ရပ်စာချုပ်ကို ပဏာမလက်မှတ်ထိုးနိုင်ခဲ့သော်လည်း ဝဒေသ ပန်ဆန်းထိပ်သီးဆွေးနွေးပွဲတွင် တိုင်းရင်းသားခေါင်းဆောင်များက ဖွဲ့စည်းပုံကို ဖက်ဒရယ်ကျကျ ပြင်ပေးမှသာ အပစ်ရပ်ကို လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်ကြရာ ဝအဖွဲ့၏ နောက်ကွယ်၌ အစိုးရ ရှိနေနိုင်သကဲ့သို့ UNFC နောက်၌လည်း NLD များ ရှိနေလေမလားဟု တွေးထင်ဖွယ် ဖြစ်ခဲ့သည်။ သမ္မတသိန်းစိန်က မင်းအိနြေ္ဒကိုပင် မဆောင်နိုင်ဘဲ ရှမ်းပြည်နယ်ကို သုတ်ခြေတင်ခဲ့သည်။ ဝ၊ မိုင်လားနှင့် ရှမ်းတောင်ပိုင်းကို တွေ့ခဲ့သည်။ အပစ်ရပ်ရေး၊ ကိုးကန့်အရေးနှင့် ပတ်သက်မည်မှာ သေချာလှသည်။ တိုင်းရင်းသားတို့က အတိုက်အခံပါတီကြီးနှင့် နီးစပ်မည်ကို မနှစ်သက်ကြောင်း အစိုးရနှင့် စစ်တပ်က အကြိမ်ကြိမ်အခါခါ ပြသခဲ့သည်။ ယခုအခါ၌လည်း ကိုးကန့်ကို ပြင်းထန်သည့်ထိုးစစ်ဖြင့် တုံ့ပြန်ခဲ့သကဲ့သို့ KNU ကိုလည်း တိုက်လေယာဉ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။ ယင်းတို့ကြောင့်ပင် KNU, RCSS ခေါင်းဆောင်အချို့က ကရင်လူထုနှင့် တွေ့ဖို့အချိန်ကို ဖဲ့ယူပြီး အစိုးရစီစဉ်သည့် နိုင်ငံရေးပါတီများပွဲကို တက်ခဲ့ရသည်။ NLD ကလည်း သူ့အမတ်မှတစ်ဆင့် တိုင်းရင်းသားတို့နှင့် ခပ်ခွာခွာ နေပြခဲ့ရသည်။ စစ်တပ် မငြိုငြင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေကြောင်း ထင်ရှားလှသည်။ သည်အနေအထားသည် ဖွဲ့စည်းပုံပြင်ရေးနှင့် အပစ်ရပ်ရေးကို ဆက်စပ်ထားလိုသည့် UNFC ကို အန္တရာယ်အင်မတန်များလှသည့် အနေအထားသို့ ရောက်ရှိအောင် တွန်းပို့လိုက်ကြောင်း အဆိုပါအဖွဲ့တို့က တွက်မိကြပုံမပေါ်ချေ။
(၅) အမျိုးသားပြန်လည်သင့်မြတ်ရေးကို မည်ကဲ့သို့ တည်ဆောက်ရမည်နည်း
ယခင်က NLD ကို မဏ္ဍိုင်ပြု၍ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားကြသည်။ ယခုအခါ၌ မြန်မာ့တပ်မတော်ကို ဗဟိုပြုကာ ကြိုးစားနေကြရသည်။ မြန်မာ့တပ်မတော်က အတိုက်အခံများနှင့် ဆက်ဆံရေးကို အလေးဂရုမပြုသေးသကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကိုလည်း အလျှော့ပေးဆက်ဆံဖွယ် မရှိပါ။ စစ်တပ်က စိတ်ကြိုက်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံကို ကိုင်ပြီး အတိုက်အခံများနှင့် တိုင်းရင်းသားလူမျိုးများကို အသာစီးမှ ဆက်ဆံလျက် ရှိသည်။ လွှတ်တော်နိုင်ငံရေးတွင် ခြေကျွံမိသည့် NLD က ဖွဲ့စည်းပုံပြင်ရေး၌ အခက်တွေ့နေရပြီဖြစ်သည်။ မြန်မာ့တပ်မတော်ကို ချော့မော့ပေါင်းသင်းလျှင် ရနိုင်သည်ဟု ယူဆသည့် တိုင်းရင်းသားခေါင်းဆောင်အချို့တို့ကလည်း နိုင်ငံရေးခြေကျွံမည့်သဘောကို တွေ့မြင်နေရပြီဖြစ်သည်။ NLD နဲ့ Non-UNFC တို့၏ ရပ်တည်ချက်ကြောင့် UNFC အဖွဲ့ကြီးအနေဖြင့် ဖွဲ့စည်းပုံပြင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ရာ၌ ကူညီပေးနိုင်သလောက် ကူညီပေး၍ မရပါ။ ယင်းအစား သံတမန်ရေးရာအရသော်လည်းကောင်း၊ မြန်မာ့တပ်မတော် ပေးသည့်ဖိအားအရသော်လည်းကောင်း၊ တိုင်းရင်းသားအချင်းချင်းပေးသည့်ဖိအားအရသော်လည်းကောင်း အကျဉ်းအကြပ် တွေ့နေရပြီဟု မိမိခန့်မှန်းပါသည်။ ထိုသို့ အဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ကိုယ်လွတ်ရုန်းကြ၍လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ အလှမ်းဝေးနေဆဲဟု ရှုမြင်သည်။ လာမည့် ၂၀၁၆-ခုနှစ်၌ ဖြစ်လာခဲ့လျှင်ပင် စစ်မှန်မည်မထင်ပါ။ ဆေးဆိုးပန်းရိုက် အတုအပ သင့်မြတ်ရေးမျှသာ ဖြစ်ပါလိမ့်မည်။ အလှူရှင်အလိုကျသင့်မြတ်ရေးဖြစ်၍ အလှူရှင်ကျေနပ်အောင် ကပြအသုံးတော်ခံကြရမည့် နိုင်ငံရေးစနစ်တစ်ခု မွေးဖွားလာဖွယ် ရှိသည်။
(၆) နိဂုံး
ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းကောင်း၊ ဖွဲ့စည်းပုံပြင်ရေးကိုလည်းကောင်း စစ်မှန်မှုမရှိဘဲ အတင်းအကြပ်ဆောင်ရွက်ခဲ့လျှင် (၁) လက်ရှိတစ်နိုင်ငံလုံးအပစ်ရပ်ရေး၊ (၂) ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးနှင့် (၃) နိုင်ငံရေးဆွေးနွေးပွဲများသည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် မတိမ်းမယိမ်းပဲ ရှိပါလိမ့်မည်။ ပြည်တွင်းစစ်ကို နှစ်ပေါင်း(၆၀)ကျော် တိုက်လာခဲ့ရ၍ စစ်ပန်းပြီး နောက်တစ်ချီ ပြန်တိုက်ဖို့ အင်အားပြန်မွေးကြရုံပဲ ရှိမည်။ ထို့ကြောင့် အလွန်ပိတ်ပင်နေလျှင်လည်း မူမမှန်ပါ။ အလွန်ပွင့်လင်းလွန်လျှင်လည်း မူမမှန်ပါ။ အလွန်ကန့်ကွက်နေလျှင်လည်း မူမမှန်ပါ။ အလွန်လိုက်လျှောနေမိလျှင်လည်း မူမမှန်ပါ။ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို မိမိမူဝါဒနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ပင်လုံမူဖြင့် အတိုက်အခံအားလုံး၊ တိုင်းရင်းသားလူမျိုးများအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ရပ်တည်နိုင်မှသာလျှင် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရရှိနိုင်ပေသည်။ ပင်လုံမူဆိုသည်မှာ လက်နက်မပါဘဲ စုစည်းခဲ့သည့် တစ်ခုတည်းသောမူ ဖြစ်၍ လေးစားထိုက်ပေသည်။