Tuesday, July 8, 2014

KIA ရဲမေ ရှမ်းနီမျိုးနွယ်စု စစ်ဗိုလ်တဦး သူတို့မိဘတွေကို အစိုးရဖက်က ဖိအားတွေအများကြီးပေးလာတော့ မခံနိုင်တာနဲ့ အစိုးရတပ်သို့ အလင်းဝင်

ဗဟိုဌာချုပ်နယ်မြေ Woi Chyai Bum တောင် KIA ဗိုလ်လောင်းကျောင်း။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗဟိုဌာနချုပ်တည်ရှိသည့် Woi Chyai Bum တောင်ရှိ ဗိုလ်လောင်းသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသော တိုင်းလိုင် (ရှမ်းနီ) မျိုးနွယ်စု KIA ရဲမေ စစ်ဗိုလ်တဦးသည် အစိုးရတပ်ထဲ အလင်းဝင်သွားကြောင်းသိရသည်။

ဒုဗိုလ်ဝင်းရီသည် ရှမ်းနီများ အများစုနေထိုင်သော ၀ိုင်းမော်မြို့နယ် တာလောကြီးကျေးရွာမှဖြစ်ပြီး ဇွန်လကုန်ပိုင်းက အိမ်သို့ခေတ္တပြန်ရန် ခွင့်ရရှိခဲ့ပြီးနောက် မကြာမီ မြန်မာ့တပ်မတော် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ အလင်းဝင်သွားသည်ဟု သတင်းထွက်လာခဲ့ခြင်းဖြစ်ကြောင်း KIA ဌာနချုပ်မှသိရသည်။

အဆိုပါ KIA ရဲမေ ၀င်းရီအား ခေတ္တအိမ်ပြန်ခွင့်ပေးရန် ဖခင်ဖြစ်သူက KIA ဌာနချုပ်သို့ လာရောက်တောင်းဆိုခဲ့သောကြောင့် အထက်အရာရှိများ ခွင့်ပေးလိုက်သည်ဟု သိရသည်။ ထိုသို့ ရက်တိုအိမ်ပြန်ခွင့်ရချိန် အစိုးရတပ်သို့ ရုတ်တရက် အလင်းဝင်သွားသည်ဟု သတင်းထွက်ပေါ်လာခြင်းသည် သူမ၏ဆန္ဒမဟုတ်ပဲ၊ တာလောကြီးကျေးရွာရှိ ပြည်သူ့စစ်တပ်၏ ဖိအားပေးမှုများကြောင့်သာ ဖြစ်သည်ဟု အမည်မဖော်လိုသူ KIA ဗဟိုဌာနချုပ်နယ်မြေမှ အရာရှိတဦး ပြောဆိုသည်။

“ကျနော်ကြားရသလောက်ကတော့ သူတို့မိဘတွေကို အစိုးရဖက်က ဖိအားတွေအများကြီးပေးလာတော့ မခံနိုင်တာနဲ့ ခွင့်ခဏယူပြီး ခေါ်လာတဲ့အချိန်မှာ အစိုးရဖက်က သူ့ကိုချုပ်ကိုင်လိုက်တယ် ပြီးတော့မှ အစိုးရတပ်ကို အလင်းဝင်သွားတယ်ဆိုပြီး သတ်မှတ် ပြောဆိုလိုက်တဲ့သဘောမျိုးဖြစ်တယ်” ဟုပြောသည်။

အစိုးရတပ်က သူမအား တာလောကြီး မိဘနေအိမ်မှ ဇွန်လ စတုတ္ထပတ်အတွင်း ဖမ်းဆီးကာ အတင်းအဓ္ဓမ အလင်းဝင်စေခြင်းဖြစ်မည်ဟု ယူဆထားကြောင်း၊ မ၀င်းရီသည် တော်လှန်ရေးလုပ်ငန်းပေါ် အင်မတန် စိတ်ဝင်စားတာကြောင့် အလင်းဝင်သွားမည့် လူမျိုး မဟုတ်ကြောင်း KIA အရာရှိက ပြောပါသည်။

ထိုအဖြစ်အပျက်နောက်ပိုင်း မြစ်ကြီးနား-ဗန်းမော်လမ်း လုံခြုံရေးယူထားသော အစိုးရတပ်များသည် နမ်ဆန်ယန်မှ KIA ဗဟိုဌာနချုပ် လိုင်ဇာသွားလမ်းကို ပိတ်ပင်ထားလိုက်သည်မှာ တပတ်ကျော်ရှိပြီဖြစ်ကြောင်း လိုင်းဆွဲနေသော ကားသမားတဦးပြောသည်။

“အခုက တိုင်း (မပခ) ကနေပိတ်ထားတယ်လို့ပြောတယ်။ ၀င်းရီကို တိုင်း (မပခ) ကို ခေါ်သွားတယ်ဆိုတဲ့ သတင်းထွက်လာတဲ့နောက်ပိုင်း ဒီလမ်းတွေကိုပိတ်ထားလိုက်တာ။ အခုဆို ဘယ်ကုန်သည်မှလည်း ဖြတ်လို့မရဘူး။ ဘယ်သူ့ကိုမှမဖြတ်ခိုင်းဘူး”

ကချင်ပြည်နယ်ရှိ ရှမ်းနီမျိုးနွယ်စုများတွင် ထိုသို့ အစိုးရဖက်သို့ အလင်းဝင်သွားသည့်အဖြစ်အပျက်မျိုးသည် ယခင် ၂၀၁၂ ခုနှစ်ကတည်းက တာလောကြီးကျေးရွာ KIA မှဖွဲ့စည်းထားသော ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များသည် အစိုးရတပ်သို့ အလင်းဝင်သွားသည့် အဖြစ်ပျက်မျိုးရှိခဲ့ကြောင်းသိရသည်။

အဆိုပါ တပ်ဖွဲ့များကိုပင် အစိုးရတပ်များက အစိုးရပြည်သူ့စစ်တပ်ဖွဲ့အဖြစ် တာလောကြီးကျေးရွာတွင် လှုပ်ရှားစေခဲ့ကြောင်း ဒေသခံများမှသိရသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တိုက်ပွဲများဖြစ်ပွားလာချိန်ကစ၍ နှစ်ဖက် စစ်သားစုဆောင်းမှုများပြုလုပ်ရာတွင် KIA ဖက်ကမှ ရှမ်းနီမျိုးနွယ်စုများအပါအ၀င် စုဆောင်းခဲ့ရာ ၄င်းတို့မှ ကန့်ကွက်မှုများ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
By Kachinnews.com