အမြော်အမြင်ကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ရတိုင်း အားတက်မိတယ်။
ကချင်မှာဆိုရင် ဒုဥက္ကဋ္ဌ အင်ဘန်လ၊ ဗိုလ်ချုပ်ဂွန်မော်တို့လိုမျိုး ခေါင်းဆောင်တွေ၊ ချင်းမှာဆိုရင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်လို ခေါင်းဆောင်တွေ၊ ကရင်မှာဆိုရင် နော်စီဖိုးရာစိန်နဲ့ ဖဒိုကွယ်ထူးဝင်းတို့လို ခေါင်းဆောင်တွေ၊ မွန်မှာဆို နိုင်ဟံသာလို ခေါင်းဆောင်တွေ၊ ပအိုဝ်းမှာဆို ခွန်ဥက္ကာတို့လို ခေါင်းဆောင်တွေ၊ အခြားကရင်နီ၊ ရှမ်း၊ ရခိုင်၊ ပလောင် အစရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း အများကြီးပါပဲ။

ဒီခေါင်းဆောင်တို့က ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဆန္ဒက တထပ်ထဲ ကျနေတာကိုလည်း တွေ့ရမှာ ဖြစ်တယ်။ သိန်းစိန်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ တစုတစည်းထဲနဲ့ ပါဝင်ကြမယ်လို့လည်း သဘောမျှကြတယ်။ တိုင်းရင်းသားချည်းပဲ ဖြေရှင်းလို့ ရတဲ့  ပြဿနာ မဟုတ်တဲ့အတွက်ကြောင့် ၈၈-မျိုးဆက်ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင်တို့လည်း မဖြစ်မနေ ပါဝင်စေရမယ်လို့ တောင်းဆိုကြတယ်။ ဘဝတူ တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်တဲ့ ABSDF ကျောင်းသားတပ်မတော်ကိုလည်း မေ့ပျောက်ခဲ့ခြင်းမရှိဘဲ ဆွေးနွေးပွဲတိုင်းမှာ ပါဝင်စေဖို့ ဖိတ်ခေါ်ခဲ့တယ်။
ဒါဟာ အမြော်အမြင် အင်မတန် ကြီးတဲ့ သဘောကို တွေ့ရမှာ ဖြစ်တယ်။ ဒီမိုကရေစီတိုက်ပွဲကို မေ့ပျောက်ခြင်းမရှိသလို လူမျိုးတန်းတူရေးတိုက်ပွဲကိုလည်း အလျှော့ပေးခြင်းမရှိကြောင်း ပြသရာရောက်ပါတယ်။ အင်မတန်မှ ဂုဏ်ယူစရာကောင်းလှပါတယ်။