By U Ravika
သစ္စာခံ
ဝန်ကြီးဦးအောင်မင်းက MPC မှာ ရန်သူ ရှိကြောင်း လွှတ်တော်မှာ ဝန်ခံလိုက်တော့ မိမိက ၁၉၈၈ - ခု၊ နိုဝင်ဘာလကို သွားသတိရတယ်။ အဲဒီအချိန်မှာ DAB (Democratic Alliance of Burma) ကို လွတ်မြောက်နယ်မြေမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ NDF, ABSDF, CRDB, ABYMY, CNF စတဲ့ အဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ - ခု၊ ဒီဇင်ဘာလမှာ ပြည်ထောင်စုမြန်မာနိုင်ငံ၊ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းခဲ့တယ်။ ၁၉၉၂ - ခု၊ စက်တင်ဘာလမှာ မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့အားလုံးရဲ့ work rate ကို ပြောရရင် ၁၉၉၇ - ခု၊ ဒီဇင်ဘာလမှာ ဖက်ဒရယ်ပြည်ထောင်စု၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပထမမူကြမ်းကို ပုံနှိပ်နိုင်ခဲ့ခြင်းဖြစ်တယ်။ ကျန်တာ ဖြစ်ဖြစ်မြောက်မြောက် ဘာမှ မရှိဘူး။
ဒီတော့ နှစ်ပေါင်း (၂၀)ကျော်အတိတ်သမိုင်းကို ပြန်ကြည့်လိုက်တော့ "ရန်သူတွေ"လို့ ဦးအောင်မင်း ညွန်လိုက်တဲ့ ပုဂ္ဂိုလ်များဟာ မဆလခေတ်က ထောက်လှမ်းရေးအသိုင်းအဝိုင်းများနဲ့ ရင်းနှီးသူများ ဖြစ်ကြသလို နယ်စပ်ဒေသကို ရောက်ရှိတဲ့အခါမှာလည်း အရေးပါအရာရောက်သူတွေ ဖြစ်နေကြတာကို တွေ့ရတယ်။ အမေရိကန်ပြည်ထောင်စုက ကျူးဘားကို ချေမှုန်းလိုတဲ့ ဆန္ဒနဲ့ ကျူးဘားအတိုက်အခံများကို လက်ခံခဲ့ရာ ဖလောရီဒါမှာ ကျူးဘားထောက်လှမ်းရေးတွေ ပြည့်နှက်နေသလိုမျိုး ဘုရားသုံးဆူ၊ မဲဆောက်၊ ဇင်းမယ်တို့မှာလည်း မြန်မာထောက်လှမ်းရေးတွေ ခြေချင်းမလိမ်ခဲ့ပေဘူးလားလို့ စဉ်းစားမိရာကနေ စကားက ဒီအထိ ရောက်လာခဲ့ရတာပါ။
အကူးအပြောင်းကာလမှာ DAB ပျောက်သွားတယ်။ NCGUB ကို ၂၀၁၂ ခု၊ စက်တင်ဘာလမှာ ဖျက်သိမ်းလိုက်တယ်။ NCUB အထွေထွေအတွင်းရေးမှူးက နဂိုကတည်းက ရန်ကုန်ကို ခဏခဏပြန်လေ့ရှိကြောင်း သတင်းထွက်လာတယ်။ သူတို့အစား အခု E-grass တွေ ပေါ်လာတယ်။ ဗဟုအဖွဲ့တွေ ပေါ်လာတယ်။ DAB အလံက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ဖြစ်သွားတယ်။ နယ်စပ်ဒေသမှာ ဆေးသုတေသနလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေဟာ ပြည်တွင်းကို ပြေးဝင်ကြသလို နယ်စပ်ဒေသကို အရင်းပြုပြီး ဒေါက်တာဘွဲ့တွေ ရသွားကြတဲ့ ပညာရှင်ဆိုသူ ပုဂ္ဂိုလ်ကျော်အချို့ဟာလည်းပဲ သိန်းစိန်အစိုးရလက်အောက်မှာ လခကောင်းကောင်းနဲ့ ရွပ်ရွပ်ချွံချွံ အမှုတော် ထမ်းလို့ နေကြပါပြီ။
ဒီတင် ဘယ်ကမလဲ။ NLD မှာလည်း အချိန်ကိုက် ပါတီကို ပြောင်တလင်းခါပြီး ထွက်ကြသူများ၊ ကျောင်းသားအဖွဲ့အစည်းများမှာလည်း အခါအခွင့်သင့်တိုင်း အစိုးရအကြိုက်လှုပ်ရှားကြသူများ၊ ပညာရှင်အသိုင်းအဝိုင်းမှာလည်း အခွင့်အရေးရတိုင်း ပါးပါးလေးနဲ့ အစိုးရကို ထောက်ခံရေးသားနေကြသူများဟာလည်းပဲ သူတို့က ဘယ်သူ့ကို သစ္စာခံနေကြသလဲ မေးစရာရှိလာပါတယ်။ စစ်တပ်ဟာ အရပ်ဝတ်ပဲ ပြောင်းခဲ့တာ မဟုတ်ဘူး။ အဝတ်ပေါင်းမျိုးစုံ ပြောင်းထားကြတယ်ဆိုတာ မမေ့ကြဖို့ လိုတယ်။ ဘုန်းကြီးဝတ်နဲ့တောင် ရှိနေကြတာပါ။ တိုင်းရင်းသားတွေကြားမှာလည်း ရှိမနေဘူးလားလို့ မေးရင် ရှိနေနိုင်တာပါပဲ။ တိုင်းရင်းသားလူမျိုးများစင်စစ် ဖြစ်ပေမဲ့လည်း ကိုယ်ကျိုးအတ္တကို ကြည့်ပြီး စစ်အုပ်စုအတွက် သစ္စာခံပေးတဲ့ ပုဂ္ဂိုလ်တွေ ရှိနေနိုင်တာပါပဲ။
တော်လှန်ရေးအလှည့်အပြောင်းကို ပြန်ကြည့်ပါ။
၁။ ၁၉၉၀ ခုနှစ် ကနဦးရေးကောက်ပွဲနဲ့ အပစ်ရပ်ကာလမှာ အချို့ပါတီ၊ အချို့အဖွဲ့က ကွဲသွားတာတွေ ရှိတယ်။ အပစ်ရပ်လိုက်ရတယ်။ ကွဲထွက်အောင် တွန်းခဲ့တဲ့ အဲ့လူတွေဟာ အခု မရှိတော့ဘူး။
၂။ ၂၀၀၈ - ခုဖွဲ့စည်းပုံ ထွက်လာတဲ့အခါ လေသံပြောင်းသွားတဲ့ ထိတ်ထိတ်ကြဲအတိုက်အခံတွေ ရှိတယ်။ အခု အဲဒီလူတွေဟာ မြုပ်သွားပြီ။
၃။ ၂၀၁၀ - ခုရွေးကောက်ပွဲ လုပ်တဲ့အခါ ဗြောင်ထောက်ခံလိုက်တဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ အတိုက်အခံခေါင်းဆောင်တွေ ရှိတယ်။ အခု သူတို့က NLD နဲ့ UNFC တို့ကို မထောက်ခံကြတော့ပြီ။
လက်ရှိအပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့အချိန်မှာလည်းပဲ ပြည်ထောင်စုတပ်မတော် ဖြစ်ပေါ်မလာအောင်၊ အပစ်ရပ်လက်မှတ် မြန်မြန်ထိုးဖြစ်အောင်၊ နောက်ဆုံး လက်နက်ချအောင် တွန်းအားပေးမဲ့ စစ်တပ်သစ္စာခံတွေ ရှိနေမှာ မုချပါပဲ။
အခု ၂၀၁၅ -ခုနှစ် နီးကပ်လာပါတယ်။ ရွေးကောက်ပွဲကို နောက်နှစ်အောက်တိုဘာလမှာ ကျင်းပပေးမယ်လို့ ကျေညာခဲ့ပါပြီ။ အတိုက်အခံတွေနဲ့ တိုင်းရင်းသားတို့က ရွေးကောက်ပွဲကို အဓိကထားတာ မဟုတ်ဘူး။ လောလောဆယ်မှာ နိုင်ငံရေးဆွေးနွေးဖို့နဲ့ ဖွဲ့စည်းပုံပြင်ဖို့ ဖြစ်တယ်။ ဒါတွေကို မလုပ်ဘဲ ၂၀၁၅ - ခု၊ ရွေးကောက်ပွဲကို အမွှမ်းတင်မယ်၊ ပြီးတော့ စစ်ကျွန်သက်စိုးရှည်ရေး PR စနစ်နဲ့ နှစ်ပါးသွားမယ်ဆိုရင် ဒါဟာ သွေးရိုးသားရိုးမဟုတ်ဘူး။ ပီအာရ်စနစ်ကို ထောက်ခံသူများ၊ အဓိကရုဏ်းလုပ်ဖို့ ဓာတ်ဆီပုံးဆောင်ထားသူများ၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မဲ့ စစ်ခွေးများ အဆင်သင့် ရှိနေကြမှာ ဖြစ်တယ်။ ဒီလူတွေဟာ ဘယ်တာကနေ ထွက်ရမလဲ အမိန့်ကို စောင့်နေကြပုံ ရှိတယ်။ ဒါကြောင့် သတိချပ်ချပ် ထားပြီး မျက်ခြေမပြတ် စောင့်ကြည့်ရမှာ ဖြစ်တယ်။ အမှန်တရားဆိုတာ နှစ်မျိုး မရှိဘူး။ ခွထိုင်ထားတယ်ဆိုရင် နှစ်ဖက်ချွန်ပဲ။
တွေ့သမျှလူတွေကို သံသယ ဖြစ်ဖို့မဟုတ်ဘူး။ ဒါပေမဲ့ လုပ်ဆောင်ချက် ဘယ်လောက်ကြီးကျယ်နေပါစေ အဲ့ဒီလုပ်ဆောင်ချက်က စစ်ကျွန်ဖြစ်ရေးကိုပဲ အားသာစေခဲ့ရင် အဲ့ပုဂ္ဂိုလ်ရဲ့ သစ္စာခံမှုကို ဆန်းစစ်ရမှာ ဖြစ်တယ်။ ဒီမိုကရေစီတိုက်ပွဲအပေါ်မှာ သစ္စာမြဲမြံမှု ဘယ်လောက်ရှိသလဲ၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ သစ္စာခံမှု ဘယ်လောက်ရှိသလဲ၊ လူသားကျင့်ဝတ်ကို ဘယ်လောက်စောင့်ထိန်းနိုင်သလဲ မှတ်ကျောက်တင်ရမှာ ဖြစ်တယ်။
ဒါကြောင့် မြန်မာနိုင်ငံသား၊ တိုင်းရင်းသား၊ မိဘပြည်သူများဟာ စစ်တပ်ကို သစ္စာခံရမှာ မဟုတ်ဘူး။ အစိုးရကို သစ္စာခံရမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကိုမှ သစ္စာခံရမှာမဟုတ်ဘူး။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ လူ့အခွင့်အရေးတို့ကို သစ္စာခံရမှာ ဖြစ်တယ်။ ဘာအကြောင်းပြချက်ပဲပေးပေး ဒီအရေးသုံးပါးကနေ လမ်းလွဲလိုက်ခဲ့ရင် ဒါဟာ ဒီမိုကရေစီမိတ်ဆွေ မဟုတ်ဘူး။ ပြည်ထောင်စုမိတ်ဆွေ မဟုတ်ဘူး။ ကမ္ဘာ့လူသားတို့ရဲ့ မိတ်ဆွေမဟုတ်ဘူး။ စစ်တပ်ကို သစ္စာခံတဲ့၊ အာဏာရှင်ကို သစ္စာခံတဲ့၊ ပေးတာ စားပြီး ခိုင်းတာ လုပ်တဲ့ စစ်ခွေးများသာ ဖြစ်ပါကြောင်း ရေးလိုက်ရပါတယ်။