Saturday, October 25, 2014

ရှမ်းပြည်နယ်တွင် အစိုးရတပ်နှင့် FUA တပ်ပေါင်းစုကြား တိုက်ပွဲ ပြင်းထန်နေ

အစိုးရဖက်က စစ်ဆင်ရေးကို ရပ်တန့်သွားခြင်းမရှိသည်သာမက ထပ်မံ စစ်အင်အားတိုးချဲ့ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ‘အစိုးရက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုမလိုလားဘူး
ရှမ်းပြည်နယ်တွင် အစိုးရတပ်နှင့် FUA တပ်ပေါင်းစုကြား တိုက်ပွဲ ပြင်းထန်နေ
တနင်္လာနေ့၊ အောက်တိုဘာလ 20 ရက် 2014 ခုနှစ်
ကချင်သတင်းဌာန
ရှမ်းပြည်အရှေ့မြောက်ဖက် မြန်မာအစိုးရတပ်နှင့် ပြည်ထောင်စုတပ်မတော် (Federal Union Army-FUA) တပ်ဖွဲ့ အကြား လွန်ခဲ့သည့်နှစ်ရက်နေ့မှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၅၊ သောကြာနေ့မှစပြီး အစိုးရတပ်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အောက် ပြည်ထောင်စုတပ်မတော် (FUA) အကြား တာမိုးနဲ အရှေ့ဖက် မုန်းဆီး (Mung Ji) ဒေသတွင် တိုက်ခိုက်မှုတစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ရာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်မြေပြင်အနီးအနား ရောက်ရှိနေသူ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စစ်ပြေးဒုက္ခသည်ကယ် ဆယ်ရေး ဆရာဇော်ဆိုင်း ပြောသည်။
သူက “တိုက်ပွဲဖြစ်နေတာ Mung Ji ဒေသမှာ ဟုတ်တယ်။ အစိုးရတပ်ဘက်ကတော့ တပ်မ ၁၁ နဲ့ ၅၅ တွေပါ ဒေသခံ ၃ ယောက်ကျည်ဆံ ထိတယ်" ဟု ပြောသည်။
အောက်တိုဘာလ ၁၆ရက်နေ့ ညနေဖြစ်ပွားသည့်တိုက်ပွဲအတွင်း ပြည်သူဖက်က သုံးယောက်ကို ကြည်ဆံ ထိမှန်ခဲ့ပြီး ၎င်းတို့ သုံးယောက်မှ တစ်ယောက်အား ဆေးရုံသို့ပို့ဆောင်ထားရာက ကျန်သည့်နှစ်ယောက်က ယနေ့ Mung Ji မှ ကွတ်ခိုင် သို့ သယ်ဆောင် လာသည့် လမ်းတွင် ရှိနေဆဲဖြစ်ကြောင်း ပြောသည်။
ထို့အတူ အစိုးရတပ်နှင့် FUA တပ်ပေါင်းစုဖက် အဖွဲ့သုံးဖွဲ့ဖြစ်သည့် KIA တပ်မဟာ ၄၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA ကိုးကန့်တပ်) နှင့် တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA) များသည်လည်း လွန်ခဲ့သည့်နှစ်ရက်စပြီး တစ်နေကုန်တိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ မှ ဗိုလ်မှူးဇော်မော် KNG ကချင်သတင်းဌာန သို့ အတည်ပြုပြော ဆိုခဲ့သည်။
ထိုတိုက်ပွဲဖြစ်ပွားသည့် နေရာသည် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် သံလွင်မြစ် (Sak Hkung Hka) သာ ခြားသည့် ဒေသဖြစ်ပြီး KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း သုံးခု (၂၊ ၉ နှင့် ၃၈) တပ်ဖွဲ့များ၏ နယ်စပ်နယ်မြေတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
နှစ်ရက်ဖြစ်ပွားသည့်တိုက်ပွဲအတွင်း တပ်ပေါင်းစုဖက်မှ ထိခိုက်ကျရှုံးသူများရှိသကဲ့သို့၊ အစိုးရဖက်မှာလည်း ပိုမိုများပြားနိုင်ကြောင်း ဗိုလ်မှူးဇော်မော် ပြောသည်။
လက်ရှိအခြေအနေမှာ အစိုးရတပ်များက ကွတ်ခိုင်အရှေ့ဖက်တွင် တပ်မ အမှတ် ၁၁ နှင့် ၅၅ တို့ကို အသီးသီးနေရာချထားပြီး၊ ကွတ်ခိုင်အနောက်ဖက်မူ တပ်မ အမှတ် ၈၈ ကိုချထားကာ ထိုဒေသများရှိ ကချင်၊ ရှမ်း၊ ပလောင်နှင့်ကိုးကန့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ထိုးစစ်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။
လွန်ခဲ့သည့် စက်တက်ဘာ ၂၂-၂၆ ရက်တွင် UNFC အောက် တစ်နိုင်ငံလုံးအတိုင်းအတာပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အကြား ရန်ကုန် MPC ၌ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းကြချိန် NCCT ဖက်မှ တင်ပြလာသည့် ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးအဆိုကို တပ်မတော်ဖက်မှ လက်မခံနိုင်ကြောင်း ပယ်ချခဲ့သည်။
ထို့နောက် ကရင်၊ ရှမ်းနဲ့ ကချင် ပြည်နယ်များမှာ အစိုးရတပ်ရဲ့ထူးစစ်ဆင်တိုက်ခိုက်မှုတွေ များလာတာကြောင့်၊ အခုလက်ရှိလုပ်ဆောင်နေကြတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုအစီအစဉ် ပျက်ပြားသွားမှာ စိုးရိမ်စရာဖြစ်တာကြောင့်၊ စစ်ဆင်ရေုးချက်ချင်းရပ်တန့်ပေးဖို့ UNFC မှ အောက်တိုဘာ ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာချက်မှာ အစိုးရအား တောင်းဆိုလိုက်သည်။
သို့သော် အစိုးရဖက်က စစ်ဆင်ရေးကို ရပ်တန့်သွားခြင်းမရှိသည်သာမက ထပ်မံ စစ်အင်အားတိုးချဲ့ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ‘အစိုးရက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုမလိုလားဘူး’ ဟု လိုင်ဇာ ဗဟိုဌာနချုပ် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးအင်ဖန်နော်ဘို ပြောဆိုခဲ့သည်။