Thursday, October 30, 2014

ထောင်ဒဏ် နှစ် ၂၀ ကျော်ချခံထားရသည့် ကချင်စစ်ပြေး ဒုက္ခသည် (၂) ဦးအမှုမှန် လူထုရှင်းလင်းပွဲ လုပ်မည်


(KNG)
မတရားအသင်း ဆက်သွယ်မှုနှင့် ဖောက်ခွဲမှုတို့ဖြင့် ထောင်ဒဏ် ၂၁ နှစ်ထိ ချခံထားရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမှုနှင့် ပတ်သက်၍ ပြည်သူလူထု ရှင်းလင်းပွဲနှင့် ဆုတောင်းပွဲကို လာမည့် နိုဝင်ဘာလ ၄ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ၄င်းတို့၏ ရှေ့နေ ဦးဂျီမာခါး က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်က ၄င်းတို့နှစ်ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် သမ္မတ ဦးသိန်းစိန် ထံ ကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။ သို့သော် ယနေ့ထိ မည်သို့ ပြောဆိုလာခြင်း မရှိသဖြင့် လူထုရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ရှေ့နေဦးဂျီမာခါး က ပြောသည်။
“သူတို့နှစ်ဦး အမြန်ဆုံး လွှတ်မြောက်လာဖို့ သမ္မတကနေ ဘာမှ အကြောင်းမပြန်ဘူး။ ဘာအရေးမယူပေးသလို ဖြစ်နေတယ်။ ကျနော်တို့က သမ္မတကအစ လူကြီးတွေ သိဖို့နဲ့ လူထုကို ရှင်းပြမယ်” ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။
ထို့ပြင် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန်နှင့် မတရားဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခံရသည့် လူ့အခွင့်အရးချိုးဖောက်ခံရသကဲ့သို့ ကချင်ပြည် နယ်သူ/သားများ ဆက်လက် မကြုံရစေရန် ရည်ရွယ်၍ လူထု ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။
ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့အတွက် အထူးဆုတောင်းခြင်းနှင့် ထာဝရ ဘုရားသခင်၏ ကာကွယ်စောင့် ရှောက်မှုအောက်တွင် အေးချမ်းလုံခြုံစွာ အသက်ရှင်နေထိုင်ရန်အတွက် ဝတ်ပြုဆုတောင်းခြင်း ဖြစ်သည်ဟု ဖိတ်ကြားစာတွင် ဖော်ပြထားသည်။
ဆုတောင်းပွဲ အစီအစဉ်ကို မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ခန်းမတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိ ကျင်းပမည် ဖြစ်သည်။
သူတို့နှစ်ဦးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေစက်ကျေးရွာရှိ စစ်ပြေးဒုက္ခသည်စခန်းမှ သူတို့၏ သားသမီးများ၏ ကျောင်းစရိတ် ရှာဖွေရန် တာလောကြီးကျေးရွာသို့ အခကြေးငွေဖြင့် ကျွဲ၊ နွားမောင်းရန် လိုက်ပါသွားရာမှ အစိုးရ၏ ခလရ ၃၇ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၂၀၁၃ ခုနှစ် နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ဝင်များ ဖြစ်သည်ဟု စွပ်စွဲ၍ မတရားအသင်းနှင့်ဆက်သွယ်မှုနှင့် ဖောက်ခွဲမှုတို့ဖြင့် ဦးလဖိုင်ဂမ် (Lahpai Gam) ကို ထောင်ဒဏ် ၂၀ နှစ်၊ ဦးဘရန်ရုန်း (Brang Yung) ကို ထောင်ဒဏ် ၂၁ နှစ်ထိ ချမှတ်ခဲ့သည်။
သူတို့၏ အမှုအယူခံကို ကချင်ပြည်နယ် လွှတ်တော်တရားရုံးအဆင့်ဆင့်နှင့် နေပြည်တော် တရားလွတ်တော်များသို့ လျှောက်လဲခဲ့သော်လည်း ပယ်ချခံခဲ့သည်ဟု သိရသည်။