Tuesday, April 2, 2013

အမျိုးသားရေးစိတ်ဓါတ် (National spirit) နဲ့ အမျိုးသားရေး ၀ါဒီ (Nationalism) ကွဲပြားပုံ။




ဒီနေ့ မြန်မာပြည်မှာ ပြဿနာ ဖြစ်နေတာ အမျိုးသားရေး ကိစ္စမှာ အစွန်းရောက်မှုတွေကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။

လူတိုင်းမှာ ကိုယ့်ရဲ့ လူမျိုး၊ ဘာသာ၊ သာသနာ ကိစ္စ ထိပါးလာရင် စိတ်ထိခိုက်ရတာချည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူများဟာကို ထိခိုက်အောင် လုပ်ရင် ဘယ်လို ခံစားမလဲ ဆိုတာကို ကိုယ်ချင်းစာတတ်တဲ့လူ အင်မတန် ရှားပါတယ်။

နိုင်ငံရေးသမားများ အာဏာလုပွဲတွေမှာ အသုံးအများဆုံးက အမျိုးသားရေးဝါဒ ဖြစ်တယ်၊ လို့ ပညာရှင်များက ဆိုပါတယ်။ အဲဒါကို ၀ါဒီ (-ism) လို့ခေါ်တယ်။ သာမန်အားဖြင့် ၀ါဒီ ဆိုတာ ပြဿနာ ကို ချဲ့ကားစေတယ်။

အမျိုးသားရေး စိတ်ဓါတ် ဆိုတာ လူတိုင်းမှာ ရှိနိုင်တယ်။ သို့သော် ၀ါဒီ သမား များ မဖြစ်သွားဖို့ အရေးကြီးတာပါ။

အမျိုးသားရေး စိတ်ဓါတ် ဆိုတာ... ဥပမာ ပြောရရင် အမေရိကမှာ နေတဲ့ မြန်မာ မိသားစုဟာ သူ့ရဲ့ ပတ်ဝန်းကျင် နေထိုင်ပုံများကို အတုမယူပဲ၊ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ၊ ကို ပုံမှန်အတိုင်း ထိန်းသိမ်းပြီး ကျင့်ကြံနေထိုင်တတ်တာကို ဆိုလိုတယ်။ ကိုယ့်လူမျိုး အရေး ကိစ္စမှာ အမြဲတမ်း ပါဝင် ကူညီနေသူ ဖြစ်တယ်။ သို့သော် လူမျိုးခြား၊ ဘာသာခြားများအပေါ် ပြဿနာ မရှာတတ်။ တမျိုး ပြောရရင် အမျိုးသားရေး စိတ်ဓါတ် ရှိသူများဟာ လူသား ကမ္ဘာကို အကျိုးပြုတယ်။

အမျိုးသားရေး ၀ါဒ သမားများဟာ ကိုယ့် လူမျိုး အကျိုးစီးပွါးတခုထဲကို ဦးထိပ်ထားပြီး ကျန်လူမျိုးခြားများအပေါ် မကောင်းမြင် ခြင်း ဖြစ်တယ်။ ကိုယ် ကိုယ်တိုင် ဘာမှ ထမလုပ်ရင်တောင် လူမျိုးခြားများအပေါ် တိုက်ခိုက်မဲ့သူများကို အားပေးမယ်။ လှုပ်ဆော်နေတတ်တယ်။ လူမျိုးခြားများရဲ့ ကျရှုံးခန်းကို မိန်ရည်ယှက်ရည် အရသာခံမယ်။

ကမ္ဘာ့လူမျိုးစု ပဋိပက္ခများကို လေ့လာကြည့်ရင် အမျိုးသားရေးဝါဒီ များ နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာခြင်းမှ အစပြုလာတာ များပါတယ်။ အီရန်၊ အီရတ် စစ်ပွဲကာလမှာ ဆက်ဒမ်ဟူစိန် ရဲ့ အာဏာဟာ အထွဋ်အထိပ်ကို ရောက်လာခဲ့တယ်။

အမျိုးသားရေး ၀ါဒီ သမားများဟာ ပြည်တွင်းလူမျိုးစုများကြား ပြဿနာ မရှိရင် ပြည်ပ လူမျိုးများ နဲ့ ပြဿနာ ရှာ တတ်တယ်။

အရှေ့ဥရောပ နိုင်ငံ အချို့နဲ့ အာဖရိကန် နိုင်ငံတွေမှာ ပြည်တွင်း လူမျိုးသုန်း သတ်ဖြတ်မှု ပဋိပက္ခများ ပြင်းထန်ခဲ့သလို နာဇီ ဂျာမဏီ၊ ဖက်ဆစ် ဂျပန်၊ ကဲ့သို့ ကမ္ဘာစစ်နဲ့ ချီပြီး လူမျိုးခြား သတ်ဖြတ်မှု အထိ ပြဿနာ များခဲ့ပါတယ်။

စစ်တိုက်ခြင်း နဲ့ လူမျိုးစု သတ်ဖြတ်မှုဟာ ကွာခြားပါတယ်။ နိုင်ငံရေး သဘောတရားအရ စစ်တိုက်ခြင်းဟာ အာဏာရှိအစိုးရ တွေရဲ့ စစ်တပ်ခြင်း၊ လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်ခြင်းသာ ဖြစ်ပြီး သာမန်အရပ်သား၊ လက်နက်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်မှု မရှိပါ။ လူမျိုးရေး ၀ါဒီ သမားများရဲ့ တိုက်ခိုက်မှုကတော့ သာမန်အရပ်သား လက်နက်ရှိရှိ၊ မရှိရှိ ရည်ရွယ်ချက် ရှိရှိ စနစ်တကျ သတ်ဖြတ်ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ ပြည်တွင်းစစ်များမှာ အစိုးရ စစ်တပ်ရဲ့ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်မှု အများပိုင်းမှာ အမျိုးသားရေး ၀ါဒီ လက္ခဏာ များ တွေ့ရသည်။ မြန်မာ့ အာဏာရှင်မင်း အဆက်ဆက်က နိုင်ငံရေးအရ သဘောထားကွဲလွဲခြင်း လို့ မမြင်ပဲ လူမျိုးစု စစ်ပွဲအသွင် ဖန်တီးလာခဲ့သည်။

ဒီတော့ တိုင်းရင်းသားများ အမျိုးသားရေး စိတ်ဓါတ် နဲ့ အလုပ်လုပ်ရင် လူမျိုးရေး အမြင်ကျဉ်းတဲ့လူ လို့ နာမည်တပ်လာသည်။ သို့သော်၊ ဗမာ အမျိုးသားရေး ၀ါဒီ သမားများကိုတော့ နိုင်ငံချစ်တဲ့လူ လို့ ၀ါဒဖြန့်လာသည်။

ဗမာ ပဲ ဖြစ်ဖြစ် တခြား ဗမာ မဟုတ်တဲ့ တိုင်းရင်းသား ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ လူမျိုးစုအပေါ် အမျိုးသားရေး စိတ်ဓါတ် ရှိခြင်းဟာ ကောင်းတဲ့ လက္ခဏာပါ။ သို့သော် ၀ါဒီ များ ဖြစ် မသွားဖို့ အရေးကြီးပါသည်။