Wednesday, April 10, 2013

လူမျိုးရေး အက်ကွဲကြောင်း , မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း၏ ဆူးခလုတ်

‘ကျနော်တို့ ဗမာစကား ဘယ်တော့မှ မပြောတော့ဘူး’ ဆိုပြီး ကျမရဲ့ ကျောင်းသားတွေက ပြောတယ်” ဆရာမစင်ဂျာက ပြောသည်။ “လူငယ်တွေက ဗမာတွေကို ခါးခါးသီးသီးဖြစ်သွားပြီ … ကျမတို့ ငယ်ငယ်တုန်းက ကြီးပြင်းလာတဲ့ အနေအထားနဲ့ လုံးဝ တခြားစီ ဖြစ်သွားပြီ …” ဆရာမ စင်ဂျာက ဆက်ပြောပြသည်။
မြန်မာနိုင်ငံမှ အခြားလူနည်းစု တိုင်းရင်းသားများ နည်းတူ၊ ကချင်လူမျိုးသည်လည်း ဗမာလူမျိုးနှင့် တူညီမှု မရှိသလောက် နည်းပါးသည်။ ဘာသာစကားအရလည်း အပြန်အလှန် နားလည်နိုင်ခြင်း မရှိပေ။ ကချင်လူမျိုးအများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး ဗမာတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

April 9, 2013 by THOMAS FULLER ( nytime )
လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကြီးမားသော ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမြောက်ဖျားဒေသမှ ဒေသခံများ ပြောသည့် အကြောင်းအရာများမှာ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ အခြားဒေသများကို ပြောင်းလဲစေသော စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများ မဟုတ်ပေ။

ကချင်လူမျိုးစု၏ အမျိုးသားရေးစိတ်ဓါတ် ရှင်သန်နိုးကြားလာမှုကို ဆိုလိုခြင်းဖြစ်သည်။ တရုတ်နှင့် အိန္ဒိယအကြား ဟိမ၀န္တာတောင်ခြေဒေသတွင် နေထိုင်ကြသည့် ကချင်လူမျိုးများသည် မည်သည့်အချိန်ကာလတွင်မျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိသည့် နိုးကြားမှုများဖြင့် ရှင်သန်နေကြပြီဖြစ်ကြောင်း ကချင်ခေါင်းဆောင်များက ပြောသည်။

မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၏ အခက်အခဲများကို သိရှိနိုင်ရန်အတွက် ကချင်ဒေသသို့ သွားရောက်လေ့လာခဲ့သည်။ တောင်တန်းဒေသနေ လူနည်းစု တိုင်းရင်းသားများနှင့် လူများစု ဗမာလူမျိုးများ အကြားရှိ မယုံကြည်မှုသည် အင်မတန် ကြီးမားနေပြီဆိုသည့် အချက်ကို သတိပြုမိသည်။
မြန်မာစစ်တပ်နှင့် တကျော့ပြန် ပြန်လည်ဖြစ်ပွားသည့် ပြည်တွင်းစစ်အချိန်ကာလ (၂၂)လကြာမြင့်ခဲ့ပြီးသည့် အချိန်တွင် လူငယ်၊ လူရွယ်များသည် လွတ်လပ်ရေးဟူသည့် ဝေါဟာရကိုပင် ပြောဆိုနေကြပေပြီ။ မြန်မာစစ်တပ်၏ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အင်အားမမျှသော်လည်း ကြံ့ကြံ့ခံကာ ခုခံတွန်းလှန်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်ကို ထောက်ခံရည်စူးကာ ကချင်ဒေသတ၀ှမ်းရှိ အသင်းတော်များတွင် ၀တ်ပြုဆုတောင်းပွဲများ၊ (၂၄)နာရီ အစာရှောင်ဆုဆောင်းခြင်းများကို ပြုလုပ်လျက်ရှိကြသည်။

“ပြည်သူလူထုက ဒီစစ်ပွဲကို အထူးအလေးထား အာရုံစိုက်ကြတယ် …” မြစ်ကြီးနားမြို့မှ ကချင်နှစ်ခြင်းအသင်းတော် ဆရာတော်တစ်ပါးဖြစ်သည့် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်ကို ယခင်က အယုံအကြည်မရှိခဲ့သော လူငယ်၊ လူရွယ်များမှာ ယခုအချိန်ကာလ၌မူ မိမိဆန္ဒအလျောက် ၀င်ရောက်အမှုထမ်းနေကြပြီ ဖြစ်ကြောင်း ဆရာတော်ဆမ်ဆွန်က ဆက်ပြောသည်။ “လူတွေရဲ့ စိတ်ဓါတ်နဲ့ စိတ်အားထက်သန်မှုက အံ့သြဖွယ် နိမိတ်လက္ခဏာပဲ …” ဆရာတော်က ဆက်ပြောသည်။

ဆယ်စုနှစ်(၅)ခုအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော အရပ်သားအစိုးရကို လွန်ခဲ့သော နှစ်နှစ်က သမ္မတသိန်းစိန် ဦးဆောင်ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးစားပေးမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။ သို့သော် လွန်ခဲ့သော သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းများနှင့် တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်များ၏ အဓိကရုဏ်းကို ရှုံ့ချသည့် သဘောထားများက မြန်မာ့လူမှုအဖွဲ့အစည်း၏ အက်ကွဲကြောင်းများကို ဖော်ပြလျက်ရှိသည်။
(၁၇)နှစ်ကြာ အပစ်ရပ်သဘောတူစာချုပ် ချိုးဖောက်ခံရပြီး ၂၀၁၁ခုနှစ်၊ ဇွန်လမှ ပြန်လည် ဖြစ်ပွားခဲ့သော ကချင်ပြည်တွင်းစစ်က ‘စစ်အုပ်ချုပ်ရေးရပ်စဲသွားလျှင် ကချင်ဒေသ၌ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိလိမ့်မည်’ဟု မျှော်လင့်နေမှုများကို ပျယ်လွင့်သွားစေကာ၊ နှစ်ပေါင်းများစွာ ဖြစ်တည်နေခဲ့သော နာကျည်းမှုများကို ပိုမို ကြီးမားစေခဲ့သည်။

“ကျမတို့ ဒေါသထွက်တယ် … ၀မ်နည်းတယ် … ပြီးတော့ အထီးကျန်သလို ခံစားရတယ် …” မြစ်ကြီးနားမြို့ပြင် ရွာတစ်ရွာမှ ကျောင်းဆရာမ စင်ဂျာ ကပြောသည်။ “ဒီမိုကရေစီဆိုတာ ကျမတို့အတွက်တော့ ဆုံးရှုံးမှုကြီး တစ်ခုပဲ …”
ဆရာမစင်ဂျာ၏ ကချင်ဘာသာအတန်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများမှာ ကချင်လူမျိုးဖြစ်မှုကို ပိုမိုဦးစားပေး ရှေ့တန်းတင်လာသည်နှင့်အမျှ ကချင်ကျောင်းသား၊ ကျောင်းသူများ၏ အမျိုးသားရေးနိုးကြားမှုမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း ပိုမိုကျယ်ပြန့်များပြားလာခဲ့သည်။

အစိုးရစာသင်ကျောင်းများတွင် ကချင်စာသင်ကြားခြင်းကို ပိတ်ပင်ထားသောကြောင့် ကျေးရွာရှိ ဘုရားရှိခိုးကျောင်း၌ ဆရာမစင်ဂျာမှ သင်ကြားပေးနေခြင်း ဖြစ်သည်။ ဤကဲ့သို့ ကချင်စာသင်ကြားခွင့် ပိတ်ပင်ခံရခြင်းမှာလည်း အဓိကကျသော နာကျည်းမှုတစ်ခု ဖြစ်သည်။

“ ‘ကျနော်တို့ ဗမာစကား ဘယ်တော့မှ မပြောတော့ဘူး’ ဆိုပြီး ကျမရဲ့ ကျောင်းသားတွေက ပြောတယ်” ဆရာမစင်ဂျာက ပြောသည်။ “လူငယ်တွေက ဗမာတွေကို ခါးခါးသီးသီးဖြစ်သွားပြီ … ကျမတို့ ငယ်ငယ်တုန်းက ကြီးပြင်းလာတဲ့ အနေအထားနဲ့ လုံးဝ တခြားစီ ဖြစ်သွားပြီ …” ဆရာမ စင်ဂျာက ဆက်ပြောပြသည်။
မြန်မာနိုင်ငံမှ အခြားလူနည်းစု တိုင်းရင်းသားများ နည်းတူ၊ ကချင်လူမျိုးသည်လည်း ဗမာလူမျိုးနှင့် တူညီမှု မရှိသလောက် နည်းပါးသည်။ ဘာသာစကားအရလည်း အပြန်အလှန် နားလည်နိုင်ခြင်း မရှိပေ။ ကချင်လူမျိုးအများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး ဗမာတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

ကချင်လူမျိုးများမှာ တောင်တန်းဒေသများ၌ နေထိုင်ကြပြီး ဗမာတို့မှာ မြေပြန့်ဒေသတွင် နေထိုင်ကြသည်။ ပွဲလမ်းသဘင်နှင့် အားလပ်ရက်များမှာလည်း မတူညီကြပေ။ ကိုလိုနီခေတ်၌ ကချင်ဒေသကို ဗြိတိသျှတို့ ထိထိရောက်ရောက် မအုပ်ချုပ်နိုင်ခဲ့သော်လည်း ဗမာဒေသများကိုမူ ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းခဲ့သည်။
ဗုဒ္ဓဘာသာနိုင်ငံကဲ့သို့ ဖြစ်နေသော မြန်မာနိုင်ငံတွင် ကချင်ခရစ်ယာန်တို့မှာ နှစ်ပေါင်းများစွာ တစ်ဘက်သတ် ဖိနှိပ်ခံနေရသကဲ့သို့ ဖြစ်နေကြောင်း အင်္ဂလိပ်-ကချင်-မြန်မာအဘိဓာန်ကို ရေးသားသူ ဆရာကြီး မနမ်ဖန်က ပြောသည်။

စစ်အုပ်ချုပ်ရေးကာလအတွင်း ကချင်ပြည်နယ်တ၀ှမ်း၌ စေတီများကို တည်ဆောက်ခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားထားသော သမ္မာကျမ်းစာကို ဖြတ်တောက်မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များတွင်လည်း ပါဝင်သည့် “သုတ္တံကျမ်း”ဟူသည့် စကားလုံး၊ အသုံးအနှုန်းကိုပင် ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခဲ့သည်။

“ကျနော်တို့တွေ နောက်ခံသမိုင်း မတူကြပါဘူး … ရိုးရာဓလေ့၊့ ယဉ်ကျေးမှုတွေ မတူကြပါဘူး … - ဘာဆိုဘာမှ မတူပါဘူး …” ဆရာကြီး မနမ်ဖန်က ပြောသည်။ “ဒီလူတွေနဲ့ ကျနော်တို့ ဘယ်လိုဘယ်နည်းနဲ့မှ ပတ်သက်ဆက်နွှယ်မှု မရှိပါဘူး …” ဆရာကြီးက ဆက်ပြောသည်။
“လွတ်လပ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရမှ ဖြစ်မယ်ဆိုတာ ကချင်တွေအားလုံး ပိုပြီး သဘောပေါက်သွားကြပါပြီ … ကိုယ်ပိုင်ပြဌာန်းခွင့်မရှိရင်တော့ ကျနော်တို့ ၀ါးမြိုခံရမှာပဲ …” ဆရာကြီးက ဆက်ပြောသည်။

ကချင်နှင့် ဗဟိုအစိုးရတို့ အကြား ဆိုရွားလာနေသော ဆက်ဆံရေးသည် တနိုင်ငံလုံး၏ ဒီမိုကရေစီဖြစ်စဉ်နှင့် စီးပွားရေး ဖြေလျော့မှုများအပေါ် မည်သို့မည်ပုံ အကျိုးသက်ရောက်နိုင်သည် ဟူသည့် အချက်နှင့် ပတ်သက်ပြီး လေ့လာဆန်းစစ်သူများ ကြား၌လည်း သဘောကွဲလွှဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုင်းနိုင်ငံအပါအ၀င် အရှေ့တောင်အာရှမှ နိုင်ငံအချို့တို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများရှိနေသော်လည်း ဖွံ့ဖြိုးတိုးတက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကချင်လူမျိုးလူဦးရေမှာ မပြောပလောက်သည့် ပမာဏသာဖြစ်သည်။ လူဦးရေ(၅၅)သန်းအနက် တစ်သန်းမျှသာဖြစ်သည်။ သို့သော် စစ်သည်အင်အား (၄၀၀၀)ကျော်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော်သည် မြန်မာစစ်တပ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။ အထူးသဖြင့် ကချင်တပ်မတော်မှ ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်ရာ ပြောက်ကျားတိုက်ခိုက်ရေး နည်းဗျူဟာကို ပိုမိုအသုံးပြုလာမည်ဆိုလျှင် မြန်မာစစ်တပ်အတွက် ပို၍ခက်ခဲလာနိုင်ပေသည်။ မြန်မာစစ်တပ်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ကာ ဌာနချုပ်လိုင်ဇာမြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ တောင်ကုန်းတစ်ခုမှ တစ်ခုသို့ တိမ်းရှောင်ပေးခြင်းဖြင့် ကချင်တို့သည် မည်သူကမျှ အောင်နိုင်ခြင်းမရှိသည့် ကာလရှည်ခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်။

ကချင်တို့၏ အလားအလာရှိသော မဟာမိတ်မှာ လက်နက်ကိုင် စစ်သည်အင်အား (၂၀၀၀၀)ကျော်ရှိကာ ခေတ်မီလက်နက်များ တပ်ဆင်ထားသော ‘၀’တိုင်းရင်းသားတို့ပင် ဖြစ်သည်။ ‘၀’နှင့် အခြားတိုင်းရင်းသား မဟာမိတ်များ ပါဝင်လာကာ စစ်ပွဲများ ပိုမို ကျယ်ပြန့်လာပါက မြန်မာနိုင်ငံကို အင်အားဆုတ်ယုတ် ချိနဲ့သွားမည်မှာ မလွှဲဧကန်ဖြစ်ပေသည်။

“တင်းမာမှုတွေ၊ အမျိုးသားရေး ပြိုင်ဆိုင်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေနဲ့ လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းတွေကတော့ ဖြစ်နေဦးမှာပါပဲ …” မြန်မာ့သမိုင်းပညာရှင်နှင့် သမ္မတသိန်းစိန်၏ အကြံပေးပုဂ္ဂိုလ် သန့်မြင့်ဦးက ပြောသည်။ “ဒါပေမယ့် (ဒီလိုမျိုး လူမျိုး/ဘာသာရေး အဓိကရုဏ်းတွေဟာ) တိုင်းရင်းသားတပ်မတော် အသီးသီးမှ ထောင်ပေါင်းများစွာသော လက်နက်ကိုင်စစ်သည်တွေ နိုင်ငံရဲ့ နေရာဒေသတစ်ခုမှာ တိုက်ခိုက်ဆင်နွှဲနေကြတဲ့ ပြည်တွင်းစစ်နဲ့တော့ အနှစ်သာရ လုံးဝ မတူပါဘူး”

ဗမာနှင့် ကချင်တို့အကြား ပြန်လည်သင့်မြတ်စေရေးကို ရည်ရွယ်ကာ လူအယောက်(၁၀၀)ခန့်က ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်းကို ပြုလုပ်ခဲ့ကြသည်။
အသက်(၃၀)အရွယ်ရှိ ဗုဒ္ဓဘာသာဘုန်းကြီး Ashin Thon Data ဦးဆောင်သော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများသည် မတ်လအတွင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကာ မြို့ပတ်ဝန်းကျင်တွင် ပြန့်ကျဲကာ တည်ရှိနေသော ဒုက္ခသည်စခန်းများသို့ သွားရောက်အားပေးခဲ့ကြသည်။

တိုက်ပွဲများကြောင့် တိမ်းရှောင် ထွက်ပြေးနေကြရသော ဒုက္ခသည်(၉၀၀၀၀၀)မှ အချို့မှာ ထိုယာယီဒုက္ခသည်စခန်းများ၌ နေထိုင်လျက် ရှိကြသည်။

ဒုက္ခသည်စခန်းသို့ ရောက်ရှိနေထိုင်နေရသူများတွင် အသက်(၇၂)နှစ်အရွယ် အဖွား မခေါ်လုသည်လည်း အပါအ၀င်ဖြစ်သည်။ မိမိနေထိုင်ရာကျေးရွာသို့ တိုက်ပွဲများ နီးကပ်လာသောကြောင့် အောက်တိုဘာလတွင် ရွာမှ အဆောတလျင် ဖုတ်ပူမီးတိုက် ထွက်ပြေးခဲ့ရသည့် အဖွားမှာ ယခုတိုင်အောင် စိတ်ဒါဏ်ရာခံစားနေရပုံပေါ်သည်။

“အဖွားတို့ရဲ့ ပစ္စည်းတွေ ဘာဆိုဘာမှ ယူမလာနိုင်ခဲ့ဘူး … သူတို့(မြန်မာစစ်တပ်)က အကုန်လုံး မီးရှို့ပစ်လိုက်ကြတယ် …” အဖွားက ပြောပြသည်။
ရွှေရောင်သင်္ကန်းကို ၀တ်ဆင်ထားတော် ဘုန်းကြီး Ashin Thon Data က အဖွား မခေါ်လုနှင့် အခြားစစ်ပြေးဒုက္ခသည်များကို ပြောသည်။
“ဘုန်းကြီးတစ်ပါး အနေနဲ့ အဖွားတို့လို ဘာသာခြားတွေနဲ့ စကားပြောခွင့် မရခဲ့ပါဘူး … ဒါပေမယ့် ကျနော်တို့ဟာ ညီအစ်ကို၊ မောင်နှမတွေပါပဲ … တောင်ပေါ်သား၊ မြေပြန့်သားရယ်လို့ မခွဲပါဘူး …ကျနော်တို့ အားလုံးဟာ တစ်သွေးတစ်သားတည်းပါပဲ …”
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများက ကဗျာများ ရွတ်ဆိုကြသည်။ သီချင်းများ သီဆိုကြသည်။ စစ်ပြေးဒုက္ခသည်အချို့ ငိုကြွေးကြသည်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ၏ လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံတွင်းမှ ဘာသာရေးနှင့် တိုင်းရင်းသားလူမျိုးစုရေးရာ မတူကွဲပြားမှု ပြဿနာများကို ကျော်လွှားနိုင်ရန် မျှော်လင့်ချက်တစုံတရာကို ဖန်တီးပေးနေခြင်းပင်ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများကို ထောက်ခံအားပေးသည့် ပမာဏမှာ ဗမာဒေသများ၌ပင်လျှင် အနည်းအကျဉ်းမျှသာ ရှိသည်။

ခရီးစဉ်တလျှောက် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဝင်များ တည်းခိုနားနေရန်ကိုပင် ဘုန်းကြီးကျောင်းအမြောက်အများက ငြင်းဆန်ခဲ့သည်။

မိမိစားရိတ်နှင့် မိမိ ခရီးစဉ်ကို အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ လမ်းလျှောက်ခြင်းကို ဦးဆောင်ခဲ့သောကြောင့် ဘုန်းကြီး Ashin Thon Data မှာ သူ၏ဘုန်းကြီးကျောင်းမှပင် နှင်ထုတ်ခြင်း ခံခဲ့ရသည်။
“ကျနော်တို့ကို အရူးတွေပဲဆိုပြီး လူတွေက ပြောကြတယ် … ဟုတ်ပါတယ် … ကျနော်တို့တတွေ ငြိမ်းချမ်းရေး ရစေခြင်လွန်လို့ ရူးနေတာပါ ...” ဘုန်းကြီး Ashin Thon Data က ပြောသည်။


[ Thomas Fuller ရေးသားသော ‘Ethnic Rifts Strain Myanmar as It Moves Toward Democracy’ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
(ဤဆောင်းပါးအား ဘာသာပြန်ပြီး ပေးပို့ လာသောသူငယ်ချင်း (....)အား lachidkachin မှအထူးကျေးဇူးတင်ရှိပါသည်။)

မူရင်းဆောင်းပါးကို အောက်ပါ အင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။ ]

http://www.nytimes.com/2013/04/05/world/asia/ethnic-rifts-strain-myanmar-as-it-moves-toward-democracy.html?_r