Tuesday, April 2, 2013

KIO ထိန်းချုပ်နယ်မြေရှိ ၁၀ တန်းကျောင်းသား များ ယနေ့ “ကချင်ဘာသာ” စဖြေ

jinghpaw-hti-laika-tsang-1
ပထမတန်း ကချင် ဖတ်စာ
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ (၁၀) တန်းကျောင်းသူ/ သားများသည် ယနေ့မှစ၍ KIO ပညာရေးဌာနမှ မေးမြန်းစစ်ဆေးသည့် ၂၀၁၂ -၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆိုရာတွင် “ကချင်ဘာသာ” ကို ပထမဦးဆုံးဖြေဆိုရကြောင်းသိရသည်။
ဖြေဆိုချိန် နံနက် ၉ နာရီမှ ၁၂ နာရီထိ စစ်ဆေးရာ ယနေ့ဖြေဆိုရသော ကချင်ဘာသာတွင် နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းများ၊ ကချင်ဘာသာ ရေးပုံရေးနည်း စကားပုံများ၊ ကချင်စကား ကချင်လူမျိုးအရေးကြီးပုံ မေးခွန်းများကို အဓိကမေးမြန်းသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ယနေ့မေးမြန်းသော ကချင်ဘာသာ ကိုဖြေဆိုရာတွင် အစိုးရကျောင်းနေပြီး စစ်ပွဲများဖြစ်ပွားချိန်မှ KIO ထိန်းချုပ်နယ်မြေသို့ထွက်ပြေးခိုလှုံလာသော ကျောင်းသားများအတွက်မူ ခက်ခဲမှုများရှိကြောင်း လိုင်ဇာအထက်တန်းကျောင်း ဆရာဦးခေါင်လွမ်း KNG ကချင်သတင်းဌာနသို့ပြောသည်။
"ကချင်ဘာသာက KIO ကနေတော့ အဓိက ဘာသာလိုကိုင်ဆောင်ထားတော့ မနှစ်က စစ်ပွဲကြောင့် အစိုးရကျောင်းကနေ KIO ကျောင်းကို ကျောင်းပြန်လာတက်တဲ့ ကျောင်းသားတွေက အနည်းငယ်ခက်ခဲမှုတွေရှိတယ်။ အစိုးရကျောင်းမှာက “ကချင်ဘာသာ” မသင်ဘူးဆိုတော့" ဟုဆိုသည်။
ယခု KIO ထိန်းချုပ်နယ်မြေတွင် မေးမြန်းသည့်စာမေးပွဲတွင် ဘာသာရပ် (၇) ခုရှိပြီး ၄င်းတို့သည် ကချင်၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာဖြစ်ကာ ဇီဝဗေဒကိုမူ သင်ကြားပို့ချရန် အခက်ခဲကြောင့် ဖြုတ်ထားကြောင်း သိရသည်။
"ဒီဘာသာတော့ ဆေးကျောင်းကို အရမ်းအထောက်အကူပြုတဲ့ ဘာသာဖြစ်ပေမဲ့ ဆရာခက်ခဲမှုကြောင့် မသင်ဖြစ်ဘူး။ ဒီဘာသာကို ဘယ်တော့ သင်နိုင်မလဲတော့ မသိသေးဘူး။ ဒါမဲ့ နိုင်ငံရေးအခြေအနေကောင်းလာရင်တော့ ပြန်သင်နိုင်ဖို့ကြိုးစားနေဆဲဟုတ်တယ်" ဟု လိုင်ဇာအထက်တန်းဆရာတစ်ဦး ပြောသည်။
KIO ထိန်းချုပ်နယ်မြေရှိ ၁၀ တန်းကျောင်းသူ/ ကျောင်းသားများသည် ဧပြီလ  ၁၀ ရက် နေ့ထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး မနက်ဖြန်တွင် မြန်မာစာဘာသာရပ်ဖြစ်သည်။  
ယနေ့ လိုင်ဇာအထက်တန်းကျောင်းတွင် ၁၀ တန်းဖြေဆိုနေသူ ကျောင်းသူကျောင်းသားများသည် အတွင်းဖြေ ၁၂၉ ဦးရှိပြီး အပြင်ဖြေ ၄ ဦး စုစုပေါင်း ၁၃၃ ဦး ဖြေဆိုခဲ့ကြောင်း ဆရာ/မများမှသိရသည်။
KIO ထိန်းချုပ်နယ်မြေတွင် ယနေ့စတင်စစ်ဆေးနေသော တက္ကသိုလ်ဝင်စာမေးပွဲကို အင်ဂွမ်လကျောင်းတွင် ၂၅ ယောက်၊ မိုင်ဂျာယန်ကျောင်းတွင် ၁၁၁ ယောက်ရှိပြီး လိုင်ဇာအထက်တန်းကျောင်းတွင် ၁၃၃ ဦး စုစုပေါင်း ၃၆၉ ဦး ရှိကြောင်းသိရသည်။
KIO ထိန်းချုပ်နယ်မြေတွင် ၂၀၁၄ မေလ ၂၀ ရက်နေ့တွင် အောင်စာရင်းထွက်မည်ဖြစ်ပြီး အောင်မြင်သူများကို KIO အတွင်း ဖွင့်လှစ်ထားသော ကျောင်းများနှင့် ခရစ်ယာန်အသင်းတော်မှ ဖွင့်လှစ်ထားသောကျောင်းများတွင် တရားဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ထူးချွန်စွာအောင်မြင်သော ကျောင်းသားများကို နီးစပ်သည့် ပြည်ပနိုင်ငံများသို့ ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက် KIO အဖွဲ့မှတတ်နိုင်သမျှ စီစဉ်သွားမည်ဖြစ်ကြောင်းသိရသည်။
၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲသည့်နောက် KIO နယ်မြေရှိ ကျောင်းသူ/ သားများသည် အစိုးရကျောင်းနှင့် ပူးတွဲပညာသင်ကြားခွင့်ရှိသော်လည်း စစ်ပွဲများပြန်ပွားလာချိန် ၂၀၁၁ ခုနှစ်မှစ၍ KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/ သားများသည် အစိုးရကျောင်းများသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်မရှိတော့ခြင်းဖြစ်သည်။