Saturday, April 13, 2013

ကချင်ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး ကျားကွက်များ

Duwa Kachin's

*****************************

တရုတ် အစိုးရ ဟာ ကမ္ဘာ့ စီးပွါးရေး လောကမှာ မျက်နှာပန်းလှလာတာနဲ့ အမျှ တိုးတက်မှု နှုန်းထားကို ထိန်းထားနိုင်ရန် အနောက်တောင်ဖက် တံခါးဖွင့်ဖို့ အရေးကြီးလာပါတယ်။

အနောက်တောင်ဖက်တံခါးစောင့် ဖြစ်နေတဲ့ ကေအိုင်အေ ဟာ လိုတမျိုး မလိုတမျိုး ဆက်ဆံ ခံနေရတာ တော်လှန်ရေး စလာကတည်းကပါ။

တရုတ်အစိုးရ အနေနဲ့ ကေအိုင်အေ ကို မြန်မာ အစိုးရ လက်အောက်မှ လုံးဝ ခွဲထွက်နိုင်ရင် ခွဲထွက်၊ ဒါမှ မဟုတ်ရင် မြန်မာ အစိုးရ သြဇာအောက် လုံးဝ နေထိုင်ဖို့ ပဲ လိုလားပါတယ်။ မြန်မာအစိုးရ နဲ့ ကချင်ပြည်နယ် အစိုးရကြား အာဏာခွဲဝေတဲ့ သဘောမျိုးကို မနှစ်မြို့ပါဘူး။ မြန်မာ နိုင်ငံနဲ့ စီးပွါးရေး လုပ်ရာမှာ အာဏာရှင်တခုထဲသာ သူတို့ အလိုရှိတာပါ။

သန်းရွှေ အစိုးရ သန်းရွှေ အာဏာရှင်ခေတ်က တည်ထောင်ခဲ့တဲ့ ဦးပိုင် အုပ်စုဟာ မြန်မာနိုင်ငံရဲ့ တဦးထဲ ပြိုင်စံရှားတဲ့ စီးပွါးရေး အုပ်စု ဆိုတာ တရုတ် အစိုးရ အနေနဲ့ ကောင်းကောင်း အသိအမှတ်ပြုလာပါတယ်။ ဒီနေရာမှာ ကေအိုင်အေ အနေနဲ့ ဖက်ဒရယ် တောင်းဆိုတာဟာ ဦးပိုင် နဲ့ တရုတ် အစိုးရ အတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် အစပိုင်း အမြစ်ပြတ်တိုက်ဖို့ မြန်မာ အစိုးရ ကို ကူညီခဲ့တယ်။ အထှာတွေ ပေးခဲ့တယ်။ ကေအိုင်အို နယ်မြေဖက် လက်နက် ခဲယမ်း မှောင်ခို မရောက်အောင် အမျိုးမျိုး ပိတ်ပင် တားဆီးမှုတွေ လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ကေအိုင်အို အနေနဲ့ ယင်း အခြေအနေ အကြပ်အတည်း ကနေ တိုးထွက် နိုင်ခဲ့ပါတယ်။ လိုင်ဇာ တဖက်ကမ်းမှာ တရုတ် ကုန်သွယ်ရေး ဂိတ် အကြီးစား တခု တည်ဆောက်ရေး လုပ်ငန်း စလာတာနဲ့ အမျှ လိုင်ဇာ ထိုးစစ်ဆင်တာ စလာပါတော့တယ်။ နောက်ဆုံး ငြိမ်းချမ်းရေး စကားပြောလာတာနဲ့ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းလဲ ရပ်စဲသွားတယ်။ နောက်ဆုံး မြန်မာ အစိုးရ ရဲ့ အမြစ်ပြတ် စစ်ဆင်ရေး ထင်သလို မဖြစ်လာတဲ့ အခါ... လွတ်တော်က တတိယ အုပ်စု တွေ ကြားဝင်ဖို့ ဆုံးဖြတ်လာတဲ့ အခါ ကောက်ကာ ငြင်ကာ ငြိမ်းချမ်းရေးမှာ သူတို့ ကြားဝင်ဖို့ အရေးဆိုလာတယ်။ တတိယ အုပ်စုတွေမှာ ယူအင်၊ အမေရိကန် နဲ့ ယူကေ တွေ ၀င်လာမှာ စိုးလို့ပါ။

ထင်ထားတဲ့ အတိုင်းပင်...

မြစ်ကြီးနာ ဆွေးနွေးပွဲမှာ ယူအင် ကိုယ်စားလှယ် ၀င်နားထောင်မယ် ဆိုတဲ့ သတင်းလဲ ကြား.... မြစ်ကြီးနား ဆွေးနွေးပွဲလဲ ပျက်ခဲ့ရပါတယ်။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကချင်လူမှု အဖွဲ့အစည်း က တရုတ် အစိုးရ ရဲ့ လုပ်ရပ်ကို ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ မျက်နှာမပျက်အောင် တရုတ် သံရုံးက ယူအင် ၀င်ဖို့ ကိစ္စ သူတို့ မကန့်ကွက်တဲ့ အကြောင်း ထုတ်ဖေါ် ပြောဆိုလာတယ်။

ဒီ နေရာမှာ တခုရှိတာက.....

တရုတ် အစိုးရ က မြစ်ကြီးနား ဆွေးနွေးပွဲ ကို ကန့်ကွက်တယ် ဆိုတဲ့ သတင်း ဘယ်က ထွက်သလဲ... ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ မြန်မာ စစ်တပ် ဟာလဲ စိတ်ဓါတ် စစ်ဆင်ရေးမှာ နာမည်ကျော်တဲ့ အဖွဲ့အစည်းတခုပါ။ အဖျက်လုပ်ငန်းမှန်သမျှ လေ့ကျင့်ထားတာလဲ လျှော့တွက်လို့ မရတာ အမှန်ပါပဲ။

(၁) ကချင်လူမှု အဖွဲ့အစည်း တွေ နဲ့ ကေအိုင်အေ ကြား ရန်တိုက်ပေးတဲ့ သဘောလား....

(၂) တရုတ် အစိုးရ နဲ့ ကချင်လူမှု အဖွဲ့အစည်းကြား ရန်တိုက်ပေးတဲ့ သဘောလား...

(၃) ကေအိုင်အေ နဲ့ တရုတ် အစိုးရ အကြား ရန်တိုက်ပေးတဲ့ သဘောလား...

ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုလာပါတော့တယ်။

ကစားကွက် တခုကတော့ လှလှပပ တွေ့လာရမှာ အမှန်ပါပဲ။