Monday, March 26, 2012

ကချင်မှာ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ရသလဲ

By: မန်ကျည်ဒိန်ယိန်း


ကချင်ပြည်နယ်က ဖားကန့် မိုးကောင်း ဗန်းမော်  မဲဆန္ဒနယ် ၃ ခုကို လုံခြုံရေးမကောင်းတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗြုံးစား ကြေညာလိုက်တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၅ နေရာသာ ကျန်တော့တယ်။ တနည်းပြောရရင် ပြည်သူ့လွှတ်တော်မှာ ကြားဖြတ်အတွက် နေရာ ၄၀ လစ်လပ်နေရာကနေ ခု ၃၇ နေရာသာ ကျန်တော့တယ်ဆိုတဲ့ သဘောဖြစ်တယ်။

လုံခြုံရေးမကောင်းဘူးလို့ အစိုးရကပြောပေမဲ့ ကေအိုင်အေကတော့ ကချင် မဲဆန္ဒနယ် ၃ နယ်မှာ ဘာမှလုံခြုံရေးပြဿနာမရှိဘူးလို့ပြောတယ်။ ဘယ်သူတွေဘယ်လိုပြောပြော လုံခြုံရေးမကောင်းဘူးဆိုတာကို ကောင်းပါတယ်ပြောဖို့ သက်သေပြဖို့ ကေအိုင်အေလဲ မတတ်နိုင်ပါ။ ကေအိုင်အေက လုံခြုံရေးကောင်းတယ်ဆိုရင် ခုချက်ခြင်း ဦးသိန်းစိန်အစိုးရက ဗုံးပေါက်ပြနိုင်တာမို့ မဟုတ်မှန်းသိသိနဲ့ ခံကြရမှာဖြစ်တယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရ ဘာကြောင့် အကောက်ကြံသလဲ ဆန်းစစ်ကြည့်သင့်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေတွေကို လေ့လာကြည့်ရင် လစ်လပ်နေရာအားလုံး ပြည်သူ့လွှတ်တော်မှာသာ ဖြစ်ပါတယ်။




နိုင်ငံရေးရှုထောင့်ကကြည့်ရင် ကချင်ပြည်နယ်ဟာ ဦးသိန်းစိန်အစိုးရအတွက် လောလောဆည် ဆူးညောင့်ဖြစ်နေပါတယ်။ ကေအိုင်အေကို အစိုးရလိုချင်သလို ပုံသွင်းကြိုးကိုင်လို့ မရတဲ့အတွက် ဘာလုံခြုံရေးပြဿနာမှ မရှိတဲ့ ကချင်မဲဆန္ဒနယ် ၃ ခုကို ကြားဖြတ်ရွေကောက်ပွဲ ကျင်းပခွင့်ပိတ်ပြီး ကေအိုင်အေကို ဒဏ်ခတ်ဘို့ ဦးသိန်းစိန်အစိုးရက တွက်ချက် ဆုံးဖြတ်ခဲ့တာဖြစ်ပုံရပါတယ်။

ကေအိုင်အေကို ပစ်မှတ်ထားပြီ

ဒေါက်တာတူးဂျာက မိုးကောင်းကနေ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါက်တာတူးဂျာဟာ ဘာနာမယ်နဲ့ ပါတီဖွဲ့ဖွဲ့ စင်စစ် ကေအိုင်အေနဲ့ ဆက်စပ်တယ်ဆိုတာ အများအသိဖြစ်တယ်။ ဒါကြောင့် ကေအိုင်အေကို ဒဏ်ခတ်ဘို့ဆိုရင် လွှတ်တော်နိုင်ငံရေးကို အာသာငမ်းငမ်း ၀င်ချင်နေတဲ့ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်မှဖြစ်မယ်။ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်ဘို့အတွက် သူပြိုင်မဲ့ မိုးကောင်းမဲဆန္ဒနယ်ကို ပိတ်နိုင်ဘို့ အစိုးရက အကောက်ကြံရမှာဖြစ်တယ်။



ဒီနေရာမှာ ရွေးကောက်ပွဲကော်မရှင်က တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း ၀င်ခွင့်မပေးရင် မဖြစ်ဘူးလားလို့ မေးစရာရှိပါတယ်။၂၀၁၀ မတိုင်တုံးက နိုင်ငံရေးအခြေအနေက စစ်အစိုးရစိတ်ကြိုက် လုပ်ချင်သလို လုပ်ခွင့်ရထားတာမို့ တူးဂျာတို့ပါတီကို နယ်ခြားစောင့်တပ်နဲ့ အလဲအလှယ်လုပ်မရတဲ့အဆုံး ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ ပါတီထောင်ခွင့် ပိတ်ခဲ့တယ်။ တခါ တသီးပုဂ္ဂလအမတ်လောင်းလျှောက်တော့လဲ အကြောင်းပြချက်မရှိပဲ တူးဂျာကို ပယ်ခဲ့ပြီးဖြစ်တယ်။ အဲဒီတုံးကလဲ အောင်သောင်းဦးစီးပြီး အကောက်ကြံခဲ့တာ ဖြစ်တယ်။

ခုကျတော့ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်က ကချင်အပေါ် အာရုံစိုက်နေချိန်ဖြစ်တယ်။ ဒေါ်စုကြောင့် အစိုးရမှာ လဲဂျီင်္တီမေစီ ရနေချိန်ဖြစ်တယ်။ အာဆီယံဥက္ကဌအတွက် သိက္ခာတက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေချိန်ဖြစ်တယ်။ ကချင်ပြည်တွင်းစစ် အရေးအခင်းကလဲ နိုင်ငံတကာသိဖြစ်နေတယ်။

ဒါကြောင့် တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း လျှောက်တာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချရင် ပေါ်တင်ဖြစ်နေမယ်။ လက်စားချေတယ်ဆိုတာ သိပ်ကိုထင်ရှားပြီး အများအာရုံစိုက်စရာဖြစ်မယ်။ ဒီမှာတင် မိုးကောင်းမဲဆန္ဒနယ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ကြားဖြတ်မကျင်းပဖြစ်ကြောင်း ကြေငြာရင် တူးဂျာပါ အလိုလို သတ်ပြီးဖြစ်မယ်။ နိုင်ငံရေးထဲ သိပ်ဝင်ချင်နေတဲ့ ကေအိုင်အိုကို နိုင်ငံရေးက ပထုတ်ပြီး မခံချင်အောင်လုပ်တဲ့သဘောပဲ။

အန်အယ်ဒီပါ ဒဏ်ခတ်ပြီ

မိုးကောင်းတခုထဲကွက်ပီး ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရင် အမြင်မလှတဲ့အတွက် ဖားကန့်နဲ့ ဗန်းမော်ပါထဲ့မှ ကချင်ကေအိုင်အေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်သလိုလို အပြစ်တင်ဖို့ အကွက်ရမယ်။ င်္ဒီမှာတင် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို လုံခြုံရေးမကောင်းဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဖျက်လိုက်တာဖြစ်တယ်။

ဒီနေရာမှာ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ ကြံ့ဖွံ့ပါတီက အမတ်လောင်း ၃ ဦးပါ ပါနေတဲ့အတွက် ကိုယ့်ဘက်က ဘယ်လောက်အထိနာမလဲပါ ဦးသိန်းစိန်အစိုးရကတွက်မှာဖြစ်တယ်။ တကယ်တော့ လစ်လပ်နေရာ ၄၈ နေရာလုံးမပြိုင်လဲ ကြံ့ဖွံက လွှတ်တော်မှာ အသာစီးရနေမှာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းအတွက် ရည်စူးလို့သာ နိုင်ထားတဲ့ မဲဆန္ဒနယ်တွေ လက်မလွတ်အောင် ခုလို သူ့အမတ်လောင်းတွေ ပြိုင်ခိုင်းတာဖြစ်တယ်။

တူးဂျာနဲ့ ကေအိုင်အေကို ပညာပေးဖို့အတွက် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံး မကျင်းပတဲ့အတွက် ဆွမ်းခံရင်း ငှက်သင့်တာ အန်အယ်ဒီဖြစ်တယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ အန်အယ်ဒီက ၀င်ပြိုင်တဲ့အတွက် အမတ်လောင်း ၃ ဦး မပြိုင်ရပဲ ဆုံးရှုံးသွားတယ်။ အမေရိကန်မှာ သွားပီးအာချောင်တဲ့ NDF ပါတီ ဒေါ်ဘောက်ဂျာကိုပါ အစိုးရက ကြိုက်ပုံမရတဲ့အတွက် သူ့ကိုပါ အလိုလို နိုင်ငံရေးသတ်ပြီးသားဖြစ်သွားမယ်။ ဒါကြောင့် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို ရွေးကောက်ပွဲမကျင်းပတဲ့အတွက် အစိုးရဖြစ်စေချင်တာတွေ တချက်ခုတ် ၃ ချက်ပြတ် ကိစ္စပြီင်္းသွားတယ်လို့ ဆိုနိုင်တယ်။

အန်အယ်ဒီဘက်တွက်ရင် ကချင် ၃ နေရာ လက်လွှတ်ရတဲ့ပြင် စစ်ကိုင်း (၇) က ဦးစောလှိုင်ကိုပါ ကော်မရှင်က ထုတ်ထားတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက ၄ နာရီ လွတ်သွားတယ်။ တနည်းပြောရရင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရဲ့ ၈% ကို မပြိုင်ရဘဲ လက်လွတ်ဆုံးရှုံးသွားတဲ့သဘောဖြစ်တယ်။ ဒါပေမဲ့ အမတ်ဖြစ်ပြီးသား မြတ်ဥာဏစိုးကို အချောင်ရတဲ့အတွက် ၃နေရာသာ ဆုံးရှုံးတယ်လို့ ကြံဖန်ပြောရင်လဲရတယ်။

ကျန်ပါတီတွေပိုအထိနာ

လစ်လပ်နေရာ ၄၈ နေရာလုံး ၀င်ပြိုင်နိုင်တာ ကြံ့ဖွံနဲ့အန်အယ်ဒီသာရှိတာမို့ ရာခိုင်နှုန်းနဲ့တွက်ရင် အမတ်နေရာနည်းနည်းသာပြိုင်နိုင်တဲ့ပါတီတွေ ဥပမာ NDF တို့ NUP တစညတို့လို ပါတီတွေအဘို့  ကချင်မှာ ဆုံးရှုံးမှု ပိုကြီးမားတာ သေချာနေတယ်။

ဒါကြံ့ဖွံပါတီဘက်က ညစ်ကွက်တခုသာဖြစ်တယ်။ နောက်ထပ်လာစရာတွေ အများကြီး မှန်းထားသင့်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ကချင်ပြည်နယ်မှာ ၈၉ အုပ်စုရှိတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကချင်ပြည်နယ်က ကျေးရွာအုပ်စုစာရင်းကိုတော့ ကော်မရှင်က ခုထိ မထုတ်ပြန်သေးပါ။

ကြားဖြတ်မကျင်းပနိုင်တဲ့ တခြားနယ်မြေတွေ

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေ ရှိတယ်လို့ ကြေငြာရတာကိုက အစိုးရအဖို့ နိုင်ငံရေး တပန်းရှုံးတယ်။ ငြိမ်းချမ်းရေးစကား ဘယ်လောက်ကြီးပြောနေနေ ပြည်တွင်းစစ်ရှိနေတယ်ဆိုတာ ၀န်ခံရာရောက်တယ်။ တကဲ့ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာ ပြသရာရောက်တယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့-

-ကချင်ပြည်နယ်မှာ အင်ဂျန်းယန် ၂ နဲ့ ဆွမ်ပရာဘွမ် ၂ တို့ဖြစ်တယ်။
-ရှမ်းပြည်နယ်မှာ မိုင်းလား၊ နားဖန်၊ ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်း ၅ မြို့နယ်ဖြစ်တယ်။  ထူးခြားချက်က မိုင်းလားမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူမရှိဘူးလို့ သိရတယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေကတော့
-ရှမ်းပြည်နယ်မှာ ၁၀ မြို့နယ်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ လုံခြုံရေးအခြေအနေ

၂၀၁၀ ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ ကျင်းပဘို့ အခြေအနေမရှိတဲ့ ပြည်နယ်တွေက ကချင် ကယား ရှမ်း မွန်နဲ့ ကရင်ပြည်နယ်တွေ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေက ရှမ်းပြည် ၀နယ်မှာ လေးမြို့နယ်ရှိပါတယ်။ ပန်ဆန်း နားဖန်း ပန်ဝိုင် မိုင်းမော လေးမြိုနယ်ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက မဲဆန္ဒနယ်တခုလုံး ရွေးကောက်ပွဲ မလုပ်နိုင်တာဆိုလို့ ၀ လေးမြို့နယ်သာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။



ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရဆိုရင် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်းက ကချင်ပြည်နယ်မှာ ၆၈၊ ကယားမှာ ၉ အုပ်စု ရှမ်းပြည်နယ်မှာ ၅၉ အုပ်စု မွန်ပြည်နယ်မှာ ၉ အုပ်စုနဲ့ ကရင်ပြည်နယ်မှာ ၁၅၅ အုပ်စုရှိပါတယ် စုစုပေါင်း ပြည်နယ် ၅ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၃၀၀ ရှိပါတယ်။

ကချင်ပြည်နယ်ကိုလေ့လာကြည့်တဲ့အခါ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုရှိပါတယ် ၀ိုင်းမော် အင်ဂျန်းယန် ဆော့လော် ချဖွေ တနိုင်း ဆွမ်ပရာဘွမ် မန်စီ မိုးမောက်နဲ့ ရွှေကူ ၉ မြို့နယ်ထဲက ကျေးရွာအုပ်စုတွေပါ ပါဝင်တယ်။
ဒီ ၉ မြို့နယ်ဟာ အထူုးသဖြင့် ကချင်အပစ်အခတ်ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အို အုပ်ချုပ်နေတဲ့ဒေသတွေဖြစ်တာမို့ ခုလို ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ ယူဆတဲ့အကြောင်း ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ယူဆတယ်။



စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားတဲ့ ကျေးရွာအုပ်စုတွေဟာ ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေတွေလို့ ဦးဇခုန်တိန့်ယိန်းပြောတဲ့အတွက် စစ်အစိုးရ ရွေးကောက်ပွဲတွေကို ကေအိုင်အိုနယ်မြေတွေမှာ လက်မခံဘူးဆိုတဲ့ သဘောလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကေအိုင်အိုကတော့ ကချင်ပြည်သူတွေကို ရွေးကောက်ပွဲအတွက် မဲပေးပါလို့ တိုက်တွန်းတာမရှိသလို ကန့်ကွက်ပါလို့လဲ တိုက်တွန်းမထားပါဘုးလို့ ကေအိုင် ဒု နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီးလွန်းဒေါင်းက ထောက်ပြခဲ့တယ်။

ကရင်ပြည်နယ်ကိုကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ ခုရှိပါတယ်။
အဓိကမြို့နယ်တွေက ဖားအံ လှိုင်းဘွဲ့ သံတောင်ကြီး မြ၀တီ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ၆ မြိုနယ်ဖြစ်ပါတယ်။ ဒီမြို့နယ်တွေက ကျေးရွာအုပ်စုတွေဟာ ကေအန်ယူ ထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲမလုပ်ဘို့ ရှောင်သလား မသိရပေမဲ့ ကေအန်ယူကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ အမည်မဖော်လိုတဲ့ ကေအန်ယူ တပ်မှူးတဦးက ပြောတယ်။

၁၉၉၀ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေတွေ

၉၀ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ရှမ်းပြည်နယ် ၆ မြို့နယ်ဖြစ်တဲ့ ကုန်းကြမ်း။ နားဖန် ပန်ဝိုင် ပန်ယန်း မိုင်းမောနဲ့ မန့်ဖန် မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ပါဘူး- သဘောကတော့ ၀ထိန်းချုပ်တဲ့ နယ်မြေအတော်များများမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ပြန်ကြည့်ရင် ၁၉၈၉ မှာ ဗပက ပြိဲုကွဲပီး ၀နဲ့ကိုးကန့်စတဲ့ လက်နက်ကိုင်တွေ ခွဲထွက်ပီး တစင်ထောင်တဲ့အချိန်ဖြစ်ပါတယ်။ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာလဲ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲပီး အနှစ် ၂၀ကျော်တဲ့အချိန် ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ၀နယ်က လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဖြစ်ပြန်ပါတယ်။ ဒီထဲမှာ နားဖန်း ပန်ဝိုင် မိုင်းမော် ၃ မြို့နယ်ဟာ ၉၀ ခုနှစ် ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေတွေ ဖြစ်နေတာ တွေ့ရပါတယ်။

အစိုးရမျက်နှာပျက်ရပြီ

ချုပ်ကြည့်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ ဆိုတာ နည်းတဲ့ ကိန်းဂဏန်းမဟုတ်တဲ့အတွက် ရွေးကောက်ပွဲနောက်ကွယ်မှာ စစ်အစိုးရဘက်က နိုင်ငံရေးပြေလည်အောင် မကိုင်နိုင်တာကို မီးမောင်းထိုးပြနေသလို ဖြစ်နေတယ်။ တနည်းပြောရရင် ၉၀ ခုနှစ် ရွေးကောက်လုပ်ပီး အနှစ် ၂၀ကျော်ကြာတဲ့ အချိန် နောက်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ တိုးလာတဲ့သဘော ဖြစ်နေပါတယ်။

ဝအုပ်ချုပ်တဲ့ လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်လျော့သွားရုံမက တိုင်းဒေသကြီးမဲဆန္ဒနယ် အရေအတွက်ပါ လျော့သွားတာမို့ စစ်အစိုးရအဘို့ မျက်နှာပျက်စရာ ဖြစ်သွားတာ မငြင်းနိုင်တဲ့အချက်ပါ။
ပိုဆိုးတဲ့အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်ထဲက လေးမြိုနယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ရုံမက ကျန် ၂ မြို့နယ်မှာလဲ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေရှိပါတယ်လို့ ထပ်မံကြေငြာရတဲ့အတွက် အစိုးရအဘို့ မျက်နှာပျက်စရာဖြစ်ခဲ့တယ်။