Friday, March 2, 2012

ထာင်ချောက်မိရခက်သောသားကောင်ပမာ

၂၀၁၂ ခုနှစ်၊ မတ်လ (၁) ရက်။
 
(KIO) နှင့် သိန်းစိန်အစိုးရတို့ကြား ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် နိုင်ငံရေးအရ ဆွေးနွေးမှုကို လွန်ခဲ့တဲ့ ဇန္န၀ါရီလ (၁၈-၁၉) ရက်အတွင်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်ခဲ့ရာ၊ ၄င်းအစည်းအဝေး၏ မှတ်တမ်းအသေးစိတ်ကို ပြည်တွင်းထုတ် ဂျာနယ်စာစောင်များတွင် ပြည်သူအများ ရှင်းရှင်းလင်းလင်း ဖတ်ရှုလေ့လာ သုံးသပ်ခဲ့ပြီး ဖြစ်ပါတယ်။  အဆိုပါဂျာနယ်စာစောင်များတွင် ဖေါ်ပြချက်အရ ပြည်သူများ၏ ဥာဏ်မီသလောက် သုံးသပ်ရသည်မှာ ဒီမိုကရေစီအရေခြုံထားသော စစ်အာဏာရှင် အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ထောင်ချောက်အဖြစ် အသုံးပြုပြီး (KIO)ကို လက်ရဖမ်းမိနိုင်ဖို့အရေး အားထုတ်နေမှန်း သိသာလှပါတယ်……………သနားလိုက်တာ၊
(KIO)တွေကြတော့ ပင်လုံကတိက၀တ်ဆိုတဲ့ အားဆေးကိုမှီဝဲထားသူတွေမို့ ၂၀၀၈ ဖွဲ့စည်းပုံ ထောင်ချောက်နဲ့ဖမ်းမိဖို့ကတော့ နေနေသာသာ၊ အနီးအနားရောက်အောင်တောင် ဆွဲဆောင်နိုင်စွမ်းမရှိတဲ့ ထောင်ချောက်၊……….၊ ဦးသိန်းစီန်ရယ်…….အခြားနည်းလမ်းမရှိတော့ဘူးလား။ (စစ်) မှန်တဲ့ ဒီမိုကရေစီမျိုး ကတော့ ခေတ်သုဉ်းခဲ့ပြီလေ။
အကယ်၍ (KIO)`တွေရဲ့ ပင်လုံကတိက၀တ်ဆိုတဲ့ အားဆေး အာနိသင်မှေးမှိန်သွားရင်တောင်မှ ကချင် ပြည်သူလူထုက (KIO)ကို ဒီထက် ပိုအစွမ်းထက်တဲ့ ဆေးကောင်းဆေးမြတ် လက်ကမ်းပေးလျှက် ရှိနေပါတယ်။  (စစ်) မှန်တဲ့ ဒီမိုကရေစီအစိုးရက (KIO)တွေ တောင်းဆိုနေတဲ့ ပင်လုံကတိက၀တ်ကို လုံးဝပယ်ဖျက်လိုက်တဲ့နေ့မှာ ကချင်ပြည်သူတွေထုတ်သုံးမယ့်အရာဟာအခြားမဟုတ်ပါဘူး။ လုံးဝလွတ်လပ်တဲ့ သီးခြား ကချင်နိုင်ငံတော် ဖြစ်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ပင်လုံကတိက၀တ်ကို မပျက်ပြယ် စေချင်သလို  ပြည်ထောင်စု မပြိုကွဲအောင်လဲ  ထိန်းသိမ်းချင်တဲ့သဘောသာဖြစ်တယ်။  (စစ်)မှန်တဲ့အစိုးရဲ့ အစီအစဉ်ဟာ ကချင်မျိုးသုဉ်းတိုက်ဖျက်ရေး ဖြစ်နေတာ ကလေးကအစ ခွေးပါမကျန် အားလုံးသိရှိနေကြပြီ။ ဖုံးကွယ်ဟန်ဆောင်နေလို့မရတော့ပါ။
ပြည်ထောင်စုကြီး ပေါ်ထွန်းလာတာ ကချင်တွေရဲ့ သဘောထားကြီးမှုကြောင့်ဆိုတာ အားလုံးသိပါ တယ်။ ကချင်ပြည်နယ်ဆိုတာ ဗမာတွေပေးမှ ရတဲ့ပြည်နယ်မဟုတ်ပါ။ နဂိုကရှိပြီးသား ကချင်ပြည်ကို ပြည်ထောင်စုထဲ ၀င်ပါခဲ့လို့ ပြည်နယ်အခေါ်ခံရတာပါ။
ဒါကြောင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေလိုပါက တည်တံ့ခိုင်မြဲစေနိုင်တဲ့ နည်းလမ်းကို အသုံးပြုရမှာဖြစ်တယ်။ ကမ္ဘာ့သမိုင်းမှာ ဘယ်နိုင်ငံရေးပါတီမှ ပြည်ခိုင်ဖြိုးအသင်းလို၉၉.၉၉%မဲဖြင့် အပြတ်အသတ်အနိုင်ရတဲ့ ဖြစ်ရိုးဖြစ်စဉ်မျိုး  မရှိခဲ့ဘူးပါ။ ကြိုတင်မဲပြားဆိုတာ (စစ်)မှန်တဲ့ အာဏာရှင်ဗိုလ်ချုပ် များသာတီထွင်အသုံးပြုတာ မြင်ဖူးပါတယ်။ ဒါဟာလုံးဝလူ့အခွင့်အရေး၊ နိုင်ငံ့အခွင့်အရေး၊ လူသားအခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ်ဖြစ်တယ်။  လက်တစ်ဆုပ်စာသော (စစ်)မှန်သူတွေရဲ့ ဘ၀ဇာတ်သိမ်းခန်း လှပစေလိုတဲ့ အပြုသဘောနဲ့ အကြံပြုခြင်းသက်သက် ဖြစ်တယ်။
၁၉၄၇မျိုးဆက်သစ်။