Wednesday, March 7, 2012

ဖားကန့်တွင် တရုတ် ကျောထောက်နောက်ခံ ကုမ္ပဏီများ ကျောက်စိမ်းတူးဖော်မှု တိုးမြှင့်

by ကိုထွေး DVB news

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတွင်းတွေမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်နဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက စက်ယန္တရားများ အသုံးပြုပြီး အရင်ကထက် တိုးမြှင့် တူးဖော်နေတာကြောင့် သဘာဝ ပတ်ဝန်းကျင် တောတောင် တွေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံးခင်၊ ပ၀ါစတဲ့ လုပ်ကွက်ကျဲတဲ့ နေရာတွေမှာတော့ တချို့ကုမ္ပဏီတွေက ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ လုပ်ကွက်နယ်မြေတွေကို ကျော်လုပ်နေတယ်လို့ ဒေသခံတဦးက ခုလို ပြောပါတယ်။

“တမှော်လုံးအတိုင်းအတာပဲ၊ ဖားကန့်၊ ဓလုံ၊ ဒီဒေသတွေမှာ သူက နောက်အစိုးရတက်လာရင် တရုတ်ကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ မျက်နှာသာ ပေးခြင်း ခံရမယ့် အလားအလာကို မမြင်တဲ့အတွက် အခု သက်တမ်းတခုမှာ အခွင့်အရေး ရသလောက် အင်နဲ့အားနဲ့ လုပ်နေတာပေါ့။ လုပ်နေတဲ့အခါမှာလည်း ဥပဒေဘောင်နဲ့ မညီမျှဘူး။ မညီညွတ်ဘူး။

လုပ်ကွက် ၁ ကွက်မှာ သတ်မှတ်ထားတဲ့ မြေဇာသယ်ကား ဘက်ဟိုး ဘယ်လောက် ဖြစ်ရမယ်။ မြေဇာ ဘယ်လောက် သုံးရမယ်ဆိုတာ အဲဒါတွေနဲ့လည်း မကိုက်ညီဘူး။ နယ်မြေအာဏာပိုင်၊ သတ္တုတွင်းနဲ့ ပတ်သက်တဲ့ လူတွေနဲ့ ဒေသခံ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ ၂၄ နာရီပတ်လုံး လုပ်လို့ရသလောက်ကို။ ကျနော့်ကို ကုမ္ပဏီ ၀န်ထမ်း တဦးက ပြောပြတာတော့ ဒီအစိုးရ သက်တမ်းမှာ အပြုတ်ကို လုပ်မှာ၊ ကျောက်စိမ်း လုပ်ကွက်တွေကို။”

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားတဲ့ ဖြစ်ရပ်ကြောင့် ဖားကန့်မှာ ဖက်စပ် လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေက စက်ယန္တယားတွေ အသုံးပြုပြီး ကျောက်စိမ်းတွေကို အရှိန်အဟုန်နဲ့ ထုတ်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်စိမ်းတူးဖော်မှုကြောင့် သဘာဝဘေးအန္တရာယ်တွေလဲ နှစ်စဉ် ကြုံတွေ့ နေရပြီး သောက်သုံးရေ ရှားပါးမှုနဲ့လည်း ရင်ဆိုင်နေရကြောင်း၊ ဥရု ချောင်းဟာ လည်း ပျောက်ကွယ်သွားနိုင်ကြောင်း ပြောနေကြပါတယ်။ ဒေသခံတွေအနေနဲ့  ဘာမှ ပြောဆိုလို့ မရဘူးလို့ သူက သည်လို ရှင်းပြပါတယ်။

“သူတို့က ဒီအရပ် ဒီဒေသမှာ ငွေပေးရင် ရတယ်ဆိုတဲ့ စိတ်က သူတို့ဆီမှာ ရှိတယ်။ မင်းတို့ရွာရွှေ့ ပေး၊ ငါတို့ မြေဇာပုံချင်တယ်။ မင်းတို့ကို ဘယ်လောက် ပေးမယ်။ တအိမ်ကို ဖျက်ခ၊ ရွှေ့ ခ ၃၊ ၄သိန်း ပေး မယ်။ ခဏရွှေ့ပေးကွာ ဆိုရင် လည်း အားလုံးက ခေါင်းငြိမ့်ကြရတာပဲ။ မဟုတ်ရင်လည်း ဖယ်မလား၊ မဖယ်ဘူးလား ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ ဆိုတော့ ပြည်သူတွေက သူတို့ထားရာနေ၊ စေရာ သွားတဲ့ အတိုင်း နေရတာပဲ။”

ဖားကန့်မှာ အစိုးရနဲ့ တရုတ် လုပ်ငန်းရှင်တွေ ကျောထောက် နောက်ခံ ပေးထားတဲ့ ကုမ္ပဏီ ၂၀၀ ၀န်းကျင် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့် ၊ လုံးခင်၊ ဆိုင်းတောင်က မှော်တွေမှာ တရုတ်ကုမ္ပဏီတွေက အများဆုံး လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

http://burmese.dvb.no/archives/22141