Saturday, September 27, 2014

မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ပြည်ထောင်စုစနစ် (၁၇)


UNFC နှင့် UPWC တို့ အခက်တွေ့နေသည့် အပစ်ရပ်စဲရေးဆွေးနွေးချက်များတွင် တပ်နေရာချထားရေးလည်း ပါဝင်သည်ဟု ဆိုသည်။ တပ်နေရာချထားရေးကို ဆွေးနွေးသဖြင့် နယ်မြေကို ညှိသကဲ့သို့ ထင်မှတ်ကာ အစိုးရက ဤအချက်သည် တော်လှန်ရေးအဖွဲ့အစည်းများက အစိုးရနှင့် ပါဝါညှိချင်၍ ဖြစ်ကြောင်း သဘောပေါက်သွားသည်။
တော်လှန်ရေးအဖွဲ့အစည်းများသည် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်တစ်ရပ်ကို ဖွဲ့စည်းရန် တာစူထားကြောင်း အများအသိပင် ဖြစ်သည်။ ဤသဘောတရားကို အစိုးရ၊ လွှတ်တော်နှင့် အဓိကအတိုက်အခံပါတီ NLD ကလည်း မူအရ သဘောတူထားပြီး ဖြစ်သည်။ သို့သော် မြန်မာ့တပ်မတော်အနေဖြင့် ယနေ့အထိပင် ဇဝေဇဝါ ဖြစ်နေတုန်းပင် ဖြစ်သည်။
ဤကဲ့သို့ဆိုလျှင် လက်ရှိအပစ်ရပ်ရေးသည် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်စေမည်ဟု ယုံကြည်ရန် ခက်သည်။ နိုင်ငံတကာ၏ ပြည်တွင်းစစ်ပြဿနာဖြေရှင်းနည်းနှင့်လည်း ကွဲပြားသည်။ ယင်းသို့ ကွဲပြားရခြင်းမှာ တိုင်းရင်းသားတော်လှန်ရေးသမားများ၏ လက်ဝယ် နယ်မြေ ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ နယ်မြေအသာစီးရရန်လည်း မြန်မာ့တပ်မတော်က ဆယ်နှစ်ပေါင်းများစွာ အကောင်အထည်ဖော်ထားနှင့်ပြီဖြစ်သည်။
ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ အသုံးများသည့် နည်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အရင်ပေးခြင်းဖြစ်သည်။ ယခု ယူကရိန်းအစိုးရနှင့် ရုရှားအားပေးယူကရိန်းသူပုန်တို့အပစ်ရပ်ရေးကို လေ့လာကြည့်လျှင် သူပုန်တို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးကြောင်း၊ သူပုန်ခေါင်းဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း၊ တပ်နှစ်ဖက်စလုံး ဆုတ်ခွာကြရကြောင်း တွေ့ရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပစ်ရပ်ဆွေးနွေးပွဲများကို လေ့လာကြည့်လျှင် ဤအချက်များ မတွေ့ရပေ။ ပြည်နယ်(၇)ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ဝေးစွ၊ တပ်မတော်မူ(၆)ချက်ဖြင့်ပင် ဖိနှိပ်ထားရန် ကြံရွယ်နေသေးသည်။
အမှန်တွင် တိုင်းရင်းသားတို့ဒေသကို တိုင်းရင်းသားတို့ကိုယ်တိုင် အုပ်ချုပ်ခွင့် ရှိရမည်ဟု ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ပါရှိပြီဖြစ်သည်။ Internal Autonomy ကို အရင်ပေးရမည်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးအပ်ပြီး သက်ဆိုင်ရာလူမျိုးတို့က သူတို့၏ ပြည်နယ်များတွင် စာပေယဉ်ကျေးမှုအပါအဝင် အရေးပေါင်းများစွာကို လွတ်လွတ်လပ်လပ် ကျင့်သုံးအုပ်ချုပ်၍ ရသည်။ ဤအချက်သည် ယုံကြည်မှုတည်ဆောက်ရာ၌ များစွာ အထောက်အကူ ပြုသည်။ သို့သော် မြန်မာနိုင်ငံအပစ်ရပ်ဆွေးနွေးပွဲများ၌ ဤအချက်ကို ဖွင့်ဟရဲသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးတလေမျှပင် မပေါ်သေးပေ။
တိုင်းရင်းသားတို့ တောင်းဆိုချက်သည် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော ပြည်နယ်များ ဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ ဤပြည်ထောင်စုမှ ခွဲထွက်နိုင်သည်၊ လုံးဝလွတ်လပ်ရေး ရယူနိုင်သည်၊ သို့သော် ခွဲမထွက်ဘဲ၊ လုံးဝလွတ်လပ်ရေးမယူဘဲ မိမိတို့ပြည်နယ်၌ မိမိတို့ကံကြမ္မာကို မိမိတို့ဆန္ဒအတိုင်း အုပ်ချုပ်လိုခြင်း၊ ဥပဒေပြုလိုခြင်း၊ တရားစီရင်လိုခြင်းဖြစ်သည်။ ဒါကို Self-determination ဟု ခေါ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အမြုတေ ပင်လုံစာချုပ်သည် ခွဲထွက်ခွင့်စာပုဒ်ကို ထည့်သွင်းထားသဖြင့် ပြည်နယ်များအနေဖြင့် ခွဲထွက်လိုလျှင် ခွဲထွက်လိုသော်လည်း ခွဲမထွက်ကြဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ တောင်းဆိုကြခြင်းဖြစ်သည်။ ဤအချက်ကို သဘောတူရန် မြန်မာ့တပ်မတော်၌ အဆင်သင့် မဖြစ်သေးကြောင်း နောက်ဆုံးဆွေးနွေးပွဲရလာဒ်ကို ကြည့်လျှင် သိနိုင်သည်။
ဤသို့ဆိုလျှင် စစ်မှန်သည့် ပြည်ထောင်စု ဖြစ်မည်၊ သို့သော် မြန်မာပြည်နှင့် လိုက်လျော်ညီထွေရှိသော ပြည်ထောင်စုဖြစ်ရမည်ဟု ပြောပြောနေကြခြင်းမှာ မြန်မာ့တပ်မတော် လက်ခံနိုင်သည့် ပြည်ထောင်စုကို ဆိုလိုသလား၊ နေဝင်း ပုံဖော်ခဲ့သည့် တိုင်းနှင့်ပြည်နယ်(၁၄)ခုအုပ်ချုပ်ရေးစနစ်ကို ဆိုလိုသလား၊ (၈)ပြည်ထောင်မူကို လက်ခံသလားဆိုတာ မကွဲပြားသေးချေ။ မြန်မာအစိုးရဘက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို လက်မခံကြောင်း ငြင်းဆိုလိုက်သဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်သည့် ပြည်ထောင်စုတစ်ခုကို တွေ့မြင်ရဖွယ် မရှိပါ။
စစ်မှန်သည့် ပြည်ထောင်စုကို ထူထောင်မည်ဟု ဆိုခဲ့လျှင် "အမျိုးသားဥပဒေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာခံစားခွင့်ရှိခြင်း မရှိခြင်း၊ အလားတူ ကိုယ်ပိုင်ပြဌာန်းခွင့်အတိုင်းအတာကို ကန့်သတ်ခြင်းများ ရှိခြင်း မရှိခြင်းတို့သည် ညှိနှိုင်းရေးစားပွဲပေါ်၌ အရေးပါအရာရောက်သည့် အချက်များဖြစ်ကြောင်း" နိုင်ငံရေးသုခမိန်တို့ ဆိုကြသည်။ ဤအချက်များအပေါ် မူတည်၍ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ အဆင့်အတန်းကို အကဲဖြတ်၍ ရသည်။
ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့အစည်းများနှင့် လက်ရှိအပစ်ရပ်ရေးဆွေးနွေးနေသည့် အဖွဲ့အစည်းအချို့သည် မြန်မာ့တပ်မတော်ကို အလိုလိုက်အကြိုက်ဆောင်သည့်အနေဖြင့် လက်ရှိတိုင်းနှင့်ပြည်နယ်(၁၄)ခုကို ပြည်နယ်(၁၄)ခုများအဖြစ် ပြောင်းလဲကျင့်သုံးမှသာ လက်ရှိအခြေအနေအရ အကျိုးများဖွယ်ရှိသည်ဟု မြင်ကြကြောင်း သိရှိရသည်။ ဤသို့ဆိုလျှင် -
(၁) ဧရာဝတီပြည်နယ်
(၂) ကချင်ပြည်နယ်
(၃) ကယားပြည်နယ်
(၄) ကရင်ပြည်နယ်
(၅) ချင်းပြည်နယ်
(၆) စစ်ကိုင်းပြည်နယ်
(၇) တနသာင်္ရီပြည်နယ်
(၈) ဗဂိုးပြည်နယ်
(၉) မကွေးပြည်နယ်
(၁၀) မန္တလေးပြည်နယ်
(၁၁) မွန်ပြည်နယ်
(၁၂) ရခိုင်ပြည်နယ်
(၁၃) ရန်ကုန်ပြည်နယ်
(၁၄) ရှမ်းပြည်နယ်
ဟူ၍ ဖြစ်သည်။ ပြည်နယ်(၁၄)ခု ထား၍ ကျန်လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ်သာ ထားရှိခြင်းသည် အကျိုးများကြောင်း သုံးသပ်ကြသည့် တိုင်းရင်းသားနိုင်ငံရေးသမားများ ပေါ်ထွက်လာသည်။ အထူးသဖြင့် စစ်အုပ်စုနှင့် နီးစပ်ပြီး သမ္မတသိန်းစိန်ကို endorsement ပေးသည့် အုပ်စုများ ဖြစ်ကြသည်။ နော်ဝေးအခြေဆိုက်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေးတော်ပုံ၌ အထင်ကရ ပါဝင်ခဲ့သည့် ခေါင်းဆောင်အချို့ပင် ဤစိတ်ကူးကို သဘောကျကြသည်ဟု ဆိုသည်။ သူတို့က ဘာကြောင့် ပြည်နယ်(၁၄)ခုမူကို သဘောကျကြသနည်း။
မြန်မာနိုင်ငံနှင့် သင့်လျှော်သည့် ပြည်ထောင်စုစနစ် (၁၈)ကို ဆက်လက်ဖတ်ရှုကြပါရန်။