Friday, September 19, 2014

ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင်

Ah Zau share
Lahpai Seng added 2 new photos.
မိတ်ဆွေ တစ်ဦးပြောတာက
စ ကော့တလန်ခွဲထွက်ရေး ကို အကြောင်းပြုလို့၊ တွေးခေါ်မျှော်မြင်သူတွေက အဆုံးထိတွေးပြီး၊ မြန်မာပြည်ထဲက ကချင်၊ ချင်း၊ ရှမ်းတို့ ခွဲထွက်မှာကို စိုးကြကြောင်း၊
ခွဲထွက်ကြမယ် ဆို ငိုမိမယ် လို့တောင် ရေးတာတွေ ဖတ်ရတယ်။
ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင်၊ ၄၇ ပင်လုံ မချုပ်ဆိုမီအထိ၊ ဗြိတိသျှ တို့က လွတ်လပ်ရေးကို ပြည်မ သက်သက်ပဲ ပေးမယ်၊ တောင်တန်းဒေသတွေမပါ လို့ ပြောခဲ့
ပြီးသား၊ ဒီတော့ ဗမာပြည် လို့ ပြောရင်၊ ကချင်မပါ၊ ရှမ်းမပါ၊ ချင်းမပါ လို့သာ မှတ်ရလိမ့်မယ်။
ကချင် ကို ဗိုလ်ချုပ်အောင်ဆန်း တို့ ဗမာခေါင်းဆောင်တွေ သွား၊ ရှမ်းကို သွား၊ ချင်းကို သွားလို့၊
သဘောတူညီမှု ယူ၊ ပြည်ထောင်စု ဖြစ်ခဲ့တယ်။
ကချင်က သူပိုင်တဲ့ မြေနဲ့ တန်းတူညီမျှ အကျိုးခံစားခွင့်ရှိမယ် ယုံကြည်ချက်နဲ့ ပေါင်းခဲ့တာ။
ရှမ်းကလဲ ပေါင်းခဲ့တာ။ ချင်းကလဲ ပေါင်းခဲ့တာ။
ပင်လုံထဲမှာ မပါတဲ့ ရခိုင်၊ မွန် နဲ့ တခြား တိုင်းရင်းသားဒေသတွေကိုတော့ ဗြိတိသျှ က တရားဝင်
ဗမာလက်အောက်ခံနယ်မြေတွေအနေနဲ့ သတ်မှတ်ခဲ့ဟန်တူတယ်။ ဒါ အငြင်းပွားဖို့ ကျနော်ရေးတာ မဟုတ်ပါ။ ဗြိတိသျှ မူ ကို ဆိုလိုပါတယ်။
ပင်လုံ ကို ချုပ်ဆိုတာ ပြည်ထောင်စု တရပ် ရုပ်လုံးပေါ်လာဖို့ တန်းတူညီမျှမူ ကို အခြေခံတယ်။
ကချင်ဟာ အဲဒီတုန်းက ငြင်းခဲ့ရင်၊ ကချင်နိုင်ငံအနေနဲ့ သို့တည်းမဟုတ်၊ ဗြိတိသျှ ဒိုမီနီယန်နိုင်ငံအနေနဲ့ ကျန်ခဲ့နိုင်သလို၊ ရှမ်း၊ ချင်း၊ ကရင်နီ တို့လဲ ထို့အတူ ကျန်ခဲ့နိုင်တယ်။
သူတို့ကိုယ်တိုင်က လိုလိုလားလား နဲ့ ဗမာနဲ့ပေါင်းမယ် ဆိုပြီး၊ သူတို့ပိုင်တဲ့ မြေကို ထည့်ဝင်ပြီး၊ ပေါင်းခဲ့တာ။ အင်မတန် အနှစ်သာရ ကွာတယ်။
ဆိုပါတော့ ဒါသွေးခွဲနှိမ့်ချလိုပြီးပြောတာမဟုတ်ပါ။ ပဋိဉာဉ်သဘောကို ပြောတာပါ။ ရခိုင်၊ မွန် တို့ဟာ အောက်မြန်မာပြည် ကို သိမ်းတဲ့ ၁၈၂၄ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးကတည်းက
အင်္ဂလိပ်လက်အောက်ကျခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်က လွတ်လပ်ရေး ပေးတဲ့အခါမှာ ဗမာပိုင်
အနေနဲ့ပဲ ပေးသွားတယ်။ ဒါ ဘာဖြစ်လို့လဲ ဆို၊ ပဒေသရာဇ်သဘောတရားပါမယ်။ သမိုင်းမှာ
မွန်နဲ့ဗမာဟာ အပြန်အလှန်သိမ်းပိုက်၊ စစ်ခင်းခဲ့တယ်။ ဒုတိယမြန်မာနိုင်ငံ အင်းဝ ဟာ ၁၇၅၀ မှာ
မွန်တို့သိမ်းပိုက်ခြင်း ခံခဲ့ရပြီး ပျက်စီးခဲ့တယ်။
ဦးအောင်ဇေယျ က မုဆိုးဘို ကို အခြေပြုပြီး၊ တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကို ပြန်ထူထောင်တယ်။ မွန်တွေကို ပြန်အနိုင်ယူနိုင်တယ်။ မွန်ကို သိမ်းပိုက်ပြီး ကတည်းက
မွန်တို့ အကြိမ်ကြိမ် မြန်မာကို ပြန်တိုက်ဖို့၊ အားထုတ်တယ်။ ဗြိတိသျှတို့နဲ့ လည်း ပူးပေါင်း
ပြီး၊ ပြန်လှန်ခဲ့တယ်။ ၁၇၅၈ လောက်မှာ ဟိုင်းကြီးကျွန်းအရေးတော်ပုံ ဟာ မွန်တို့နဲ့ တိုက်ရိုက်ပါတ်သက်တယ်။ မွန်တို့ ပုန်ကန်ထကြွမှုကို အင်္ဂလိပ်က လက်နက်ကူညီ၊ ထောက်ပံ့ခဲ့တဲ့အတွက် ဦးအောင်ဇေယျ က ဟိုင်းကြီးကျွန်းက ဗြိတိသျှတွေကိုပါ
တပ်လုံးပြုတ်ချေမှုန်းခဲ့တယ်။
ပဒေသရာဇ်စနစ်ရဲ့ နိုင်ငံစည်းရုံးရေးဟာ လက်နက်နဲ့စစ်မက်ရေးရာပေါ်မှာသာ မူတည်တယ်။
ဒီတော့ မွန်က သာရင် မွန်က သိမ်းတယ်။ ဗမာက သာရင် ဗမာ က သိမ်းတယ်။
မွန်တွေက ပက်ပက်စက်စက် သတ်ခဲ့တာတွေ လဲ အများကြီး။ ဗမာတွေက သတ်ခဲ့တာတွေလဲ
အများကြီး။ ဒီတော့ သမိုင်းကို လှန်ပြီး၊ ဘယ်သူ့သမိုင်း၊ ဘယ်ဝ့ါသမိုင်း၊ ဘယ်သူက တရားတာ၊ ဘယ်သူက မတရားခံရတာလို့ ပဒေသရာဇ်စနစ်ကို ဝေဖန်ဖို့ခက်လှတယ်။ ဘယ်သူမှ မကောင်း၊
စနစ်ကိုက မကောင်းတဲ့ ခေတ်ကြီး၊ စနစ်ကြီးပါ။ လက်နက်နဲ့ စစ်မက်နဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့
စနစ်ကြီးမှာ အင်အားကြီးသူ က ၀ါးမြိုအနိုင်ယူခဲ့တာ မဆန်းပါ။
ဒီတော့ ဗမာပြည်လွတ်လပ်ရေး ပေးတဲ့အချိန်မှာ မွန်ကို၊ ရခိုင်ကို တသီးတခြား မပေးဘဲ ဗမာလက်အောက်ခံအနေနဲ့ ပေးတာဟာ ဒီလို ပဒေသရာဇ်က ဆင်းသက်လာတာကို ဗြိတိသျှတို့ ယူဟန် လို့ မြင်ပါတယ်။ ဗြိတိသျှ တို့ လုပ်ပုံကို ပြောတာပါ။ အဲဒီနိုင်ငံတွေဟာလဲ သူ့ထီးသူ့နန်း
သူ့ကြငှန်းနဲ့ သူ့သမိုင်း၊ သူ့အစဉ်အလာနဲ့ သူ ရပ်တည်ခဲ့တဲ့ အင်အားကြီးနိုင်ငံတွေပါပဲ။
ရခိုင်နဲ့ မွန်ကို အဲသလို ဆက်ဆံခဲ့ပေမဲ့ ကချင် ကို၊ ရှမ်းကို၊ ကရင်နီကို၊ ချင်း ကိုတော့ ဗြိတိသျှတို့က ဗမာဘုရင် ရဲ့ အချုပ်အခြာအာဏာပိုင်တွေ အနေနဲ့ အသိအမှတ်ပြုခဲ့ဟန်မတူပါ။
ကိုလိုနီ ခေတ်တလျှောက်လုံးမှာလဲ ရှမ်းစော်ဘွားတွေဟာ သူတို့အရိုက်အရာမပျက် ထီးနန်းဆက်ခံတယ်။ သူတို့ဒေသတွင်းက ဓါတ်သတ္တုထုတ်လုပ်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေအတွက် ဗြိတိသျှ ကုမ္ပဏီတွေက ပေးတဲ့ အခကြေးငွေတွေ ရရှိ ခံစားခဲ့ရတယ်။ ဒီတော့ သူတို့က လွတ်လပ်ရေးဆုံးရှုံးတယ် လို့ မဆိုသာဘူး။
ဒီ့အတွက် ဗမာနဲ့ ပေါင်းပြီး၊ လွတ်လပ်ရေး ကို ယူတာဟာ တကယ့်ကို လှိုက်လှဲတဲ့ စိတ်၊
ပေါင်းချင်လွန်းလို့ ပေါင်းခဲ့တာ။
စဉ်းစားရမှာက
အဲဒီလို ပေါင်းခဲ့တဲ့အတွက် သူတို့ ဘာတွေ ရ ခဲ့သလဲ။
သူတို့ဒေသတွေဟာ လွန်ခဲ့တဲ့ လွတ်လပ်ရေးယူစဉ်တုန်းကထက် ဘာများ သိသာတိုးတက်သွားခဲ့သလဲ။ နယ်စပ်ဒေသတွေမှာ ဒုက္ခသည်တွေ သိန်းချီပြီး ပေါ်ခဲ့ရတယ်။
ဒေသခံတိုင်းရင်းသူလေးတွေဟာ စစ်သားတွေ ရဲ့ ခြေတော်တင် မုဒိန်းကျင့်စရာဖြစ်ခဲ့ရတယ်။
ယောက်ျားမှန်သမျှ စစ်သားတွေ ခေါ်ခိုင်းစရာ ကျွန်ဘ၀၊ ပေါ်တာဆွဲခံပြီး နေခဲ့ရတယ်။
ဒေသတွင်းထွက်သမျှ ကျောက်သံပတ္တမြား၊ ဓါတ်သတ္တု၊ လျှပ်စစ်မီးက အစ၊ ခံစားခွင့် ဘာမှ
မရခဲ့ဘူး။ ဗမာတွေ နေတဲ့ ပြည်မ မှာဘဲ ဒီလို ထုတ်လုပ်မှုတွေကို အကျိုးခံစားခွင့် ရခဲ့တယ်။
ဒါဟာ ပြောရမယ် ဆို ဗြိတိသျှ ကိုလိုနီတုန်းကထက်ကို ဆိုးရွားတဲ့ ဗမာကိုလိုနီပြုခြင်း ကို
ခံနေရတာပါပဲ။
ဘယ်လောက်ပဲ ပြည်ထောင်စု လို့ ပြောပြော
ဘယ်မှာမှ ပြည်ထောင်စု နဲ့ မတူ၊
ပြည်ထောင်စု အဆင့်အတန်း မရှိ တဲ့ ကိုလိုနီနိုင်ငံကြီးတခု၊ ပဒေသရာဇ် ရဲ့ လက်နက်နိုင်ငံ
ကြီးတခု ပဲ ဖြစ်နေခဲ့တယ်။
ဒီ့အတွက် အဲဒီတိုင်းရင်းသားတွေက မနေချင်တော့ဘူး ခွဲထွက်မယ် လို့ ပြောလာခဲ့ရင်၊
ဒါ အမျိုးသားရေး အစွန်းရောက်တာ လို့ စွပ်စွဲတယ် ဆိုရင်၊ စွပ်စွဲတဲ့လူလောက် ရိုင်းပျတာ
မရှိဘူး။ စာနာစိတ်ကင်းမဲ့ တာ မရှိဘူး လို့ပဲ မြင်တယ်။
သူတို့ကို တန်းတူရည်မျှ ချစ်စိတ် အမှန်တကယ်ရှိတယ် ဆိုရင်၊
ခင်ဗျားတို့ ကျနော်တို့ဟာသံယောဇဉ် နဲ့ မသွားပါနဲ့၊ ငါတို့နဲ့ပဲ အတူနေပါ လို့ တောင်းဆိုတာဟာ မေတ္တာရပ်ခံ၊ တောင်းပန်ဖို့ အဆင့်ပဲ ရှိတယ်။
တားမြစ်ပိုင်ခွင့် မရှိသလို၊ ခွဲထွက်ရေး ကို ကန့်ကွက် ဆန္ဒပြမယ် ဆိုတာ လဲ ဆိုးသဗျာ လို့ပဲ မြင်တယ်။ ဆိုပါတော့ ဒီနေ့ထိ မြန်မာပြည် က အင်္ဂလိပ်လက်အောက် ကျနေတယ်။
ကျနော်တို့က လွတ်လပ်ရေးအတွက် ကြိုးပမ်းမယ်။ အဲဒါကို အင်္ဂလိပ်ကြီးတွေက ခုလို
ဗြိတိသျှ ဓနသဟာယ ထဲက ခွဲထွက်မှာ ကို ဆန္ဒပြတယ် ဆိုရင် ခင်ဗျားတို့ ဘယ်လို ခံစားမလဲ။
နင့်မေကလွှား၊
ပြည်နယ်ထဲ ထွက်သမျှလဲ သူတို့ချည်း ထုတ်၊ ရောင်းချ၊ ကြွယ်ဝ၊
လူတွေလဲ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ သတ်ဖြတ်၊ ဖိနှိပ်၊
တမျိုးလုံး တောထဲ ခိုရ၊ ပုန်းရ၊ အစာရည်စာ မ၀ တ၀၊ နဲ့ နေရ။ ကလေးတွေ စာတတ်ဖို့ ဆိုတာ ဝေလာ ဝေး၊ အဲသလို ဘ၀ နဲ့ နေရ လို့ ခွဲထွက်မယ် လို့ ပြောတာကို
ခွဲမထွက်ဖို့ ဆန္ဒပြတယ် ဆိုတော့ ဘာအတွက်လဲ လို့ တောင် မေးချင်စရာ မကောင်းတော့ဘူး။
ခင်ဗျားတို့ ဘယ်လောက် ဖိနှိပ်ခံရပါတယ် ပြောပြော၊ အဲဒီ နယ်စပ်က တိုင်းရင်းသားတွေလောက် မဆိုးဘူး။
ကျနော့်သဘောသာဆို ခွဲထွက်မယ် လို့ ဆိုခဲ့ရင်၊ မခွဲထွက်စေချင် ဘယ်လို မျိုးတွေ ရမှ မခွဲထွက်မှာလဲ လို့ ညှိကြည့်ပေါ့။ ညှိမရရင် ခွဲထွက်ပါစေလေ။ ခင်ဗျားတို့ နှစ် ၆၀ ကျော် မဟုတ်တာတွေ လုပ်ခဲ့ပြီးမှပဲ။ ခွဲထွက်ပါစေတော့။
၁။ ခွဲထွက်ချင်သပ ဆို ခွဲထွက်ခွင့်ပြု
၂။ ခွဲထွက်ပြီး လိုအပ်သမျှ ကူညီ
၃။ နိုင်ငံသစ်ထူထောင်ခါစမှာ ဘာတွေ ဖြည့်ဆည်းပေးရမလဲ အကောင်းဆုံး အိမ်နီးနားချင်းအနေနဲ့ ဖြည့်ဆည်းပေး၊ အနာခံပြီး ကူညီမှ အတိတ်က ဆိုးရွားခဲ့တဲ့ သမိုင်းကို
ဖြည်းဖြည်းချင်း ပြန်ခြေဖျက်နိုင်ပြီး၊ နောင်အစဉ်အဆက် အပြန်အလှန်ချစ်ခင်ယုံကြည်မှုတွေ
ပြန်တည်ဆောက်နိုင်တော့မပေါ့။
ကိုယ်နဲ့နေရလို့ စိတ်ဆင်းရဲ နေရတဲ့ မိန်းကလေး ကို ဇွတ်အတင်းကြီး ချုပ်နှောင်ပြီး၊ ချစ်လွန်းလို့ ဆိုတာ ဒဿဂီရိ လို အကြမ်းဖက်သမား ရဲ့ ချစ်ခြင်းမေတ္တာမျိုးပါလေ။ သူ့ကို ချစ်တာလား၊
ကိုယ့်ကိုယ်ကိုယ် ချစ်တာလား သေချာ မေးကြည့်ပါဦး။
သားမယားပြုကျင့်ခံထားရလို့ ဖွတ်ဖွတ်ညက်ညက်ကြေ နေတဲ့မိန်းကလေးက ကျမကို အမေ့အိမ်ပြန်ခွင့်ပေးပါတော့ ဆိုပြီး၊ ခွင့်တောင်းတာကို မျက်ရည်ကျဦးမယ် ဆို ဘီလူးငို ငိုတာပဲဖြစ်မယ်။ အဲဒီမိန်းကလေး ကို ချစ်တာမဟုတ်ဘူး။ ကိုယ့်အတ္တ ကိုယ် ချစ်တာဗျ။
သူမှ မပျော်တာ သွားပါစေ၊
သူပျော်အောင်၊ သူအဆင်ပြေအောင် ကိုယ်က ဘာတွေ ဖြည့်ဆည်းပေးရမလဲ ဆိုတဲ့
ပေးဆပ်ခြင်းနဲ့ ချစ်ကြည့်ပါဦး။
ကျနော်ကတော့ ဒုက္ခသည်စခန်းက ဒုက္ခအတိနဲ့ အဲဒီ လူတွေကို မြင်ရတိုင်း ရင်နာလွန်းလို့၊
သူတို့ဖါသာ နေခဲ့ရင် ခုလောက်ဆို အတော် ချမ်းသာ၊ အေးချမ်းနေမှာ၊ အမျိုးယုတ်တွေ(ငါတို့အမျိုးထဲက) နဲ့ ပေါင်းမိလို့ လို့၊ အတော့်ကို စိတ်ထဲ နေမထိ၊ ထိုင်မသာ
ဖြစ်ရတယ်။ သူတို့ခွဲထွက်သွားရင် မျက်ရည်ကျဖို့လဲ မကျန်တော့ဘူး။ သူတို့တွေ ကို ခွဲမထွက်ရ ဆိုပြီး နှိပ်စက်ထားတာကို မြင်ရတာနဲ့ ကျ ခဲ့ရတဲ့ မျက်ရည်တွေ မနည်းတော့ဘူး။
ကျနော်တို့အမျိုးထဲက ယုတ်ကန်းသူတွေကို ကျနော်တို့ ရ အောင်၊ နိုင်အောင် မတိုက်နိုင်တာ
ကျနော်တို့ကံ။ ခင်ဗျားတို့သာ လွတ်မယ် ဆိုရင်၊ ပြေး လွတ်အောင်ပြေး၊ တော်ရာမှာ ပျော်ရှာပါလေလို့ ချစ်တဲ့စိတ်၊ သနားကရုဏာသက်ရတဲ့ စိတ် ထပ်တူ စာနာရတဲ့ စိတ်တွေနဲ့
သူတို့ကို လွတ်မြောက်စေချင်တယ်။
ပြည်ထောင်စုကြီး ပြိုကွဲ မခံနိုင်ဘူး လို့
မျက်စိမှိတ်အော် မနေနဲ့။
မဆလ က ပြည်ထောင်စု လို့ ဇွတ်ရိုက်သွင်းခဲ့ပေမဲ့၊
ပြည်ထောင်စု မှ မဟုတ်ဘဲ၊ ၀မ်းနည်းစရာ အကြောင်းမရှိ။
ကျနော် ဗမာပါ။
ချိုတူးဇော်