Saturday, September 27, 2014

စစ်လိုလားလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ လိုမယ်။

Mon amyu baw sang Hpung gyi wa a ya ten na mung masa maram yu ai lam By:U Ravika မကြိုက်ရင် အခုကတည်းက ပြောထားပါ ဗိုက်ထွက်မှ ကလေးဖျက်ချရင် အန္တရာယ်များတယ် (ရှည်တယ် ဒါပေမဲ့ ဖတ်ကြည့်စေချင်တယ်) စစ်လိုလားလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ လိုမယ်။ တိုင်းရင်းသားတွေဘက်မှာလည်း သဘောထားပျော့ပျောင်းသူ ရှိမယ်၊ သဘောထားတင်းမာသူ ရှိမယ်။ စစ်တပ်တပိုင်းအစိုးရမှာလည်း သဘောထားပျော့ပျောင်းသူ ရှိမယ်၊ သဘောထားတင်းမာသူ ရှိမယ်။ ဒါပေမဲ့ မိမိတို့သေချာတာတစ်ခု ရှိတယ်။ မြန်မာအစိုးရတိုင်းဟာ တိုင်းရင်းသားရေးရာပေါ်လစီနဲ့ပတ်သက်ပြီး ရိုးသားမှု နည်းခဲ့ပါတယ်။ အခု ဘာတွေ ဖြစ်နေသလဲဆိုရင် သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင်တို့က သန်းရွှေလမ်းညွှန်ချက်နဲ့အညီ စည်းချက်ညီညီ ကလိမ်ညာဏ် ဆင်နေကြတယ်လို့ ဆိုချင်ပါတယ်။ မိမိတွက်ဆချက်အရ သန်းရွှေက ဒီကနေ့အထိ ကြိုးကိုင်ထားတုန်းပဲ။ သန်းရွှေက ကြိုးမကိုင်ခဲ့ရင်လည်း သူ့လို အရူးတစ်ကောင်ကိုတော့ လက်နက်တပ်ဆင်ပေးခဲ့ပါပြီ။ အဲဒါကတော့ မင်းအောင်လှိုင်ပါပဲ။ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခြင်းမှာ မြန်မာတို့ပယောဂ ပါဝင်ခဲ့ဖွယ် ရှိတယ်။ ဒါဟာ အမေရိကန်မဟာမိတ်ကို အမေရိကန်တို့နဲ့ ရန်တိုက်ပေးခြင်းဖြစ်တယ်။ မိမိလည်း ရေးခဲ့တာပါပဲ။ လူ့အခွင့်အရေး ဒီလောက် ချိုးဖောက်နေတဲ့ မြန်မာ့တပ်မတော်ကို ဒီလောက်အလိုလိုက်နေမှတော့ သူခိုးအားပေးရာရောက်တယ်၊ လူမိုက်အားပေးရာရောက်တယ်ဆိုတာ။ အခု သိန်းစိန်အစိုးရက သူ့မှာ အစွမ်းအစရှိသလောက် ပုံမှန်လှုပ်ရှားနေကြတယ်။ နိုင်ငံရေးအရ ရည်မှန်းချက်ကြီး ထားရှိနေတယ်။ မိမိအမြင်မှာ နိုင်ငံရေးအရ ဆက်ဆံစေချင်သလို စီးပွားရေးအရလည်း ခရိုနီနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆက်သွယ်စေချင်တယ်။ ဒီနေ့ နယူးယောက်မြို့မှာ Myanmar: Asia's last frontier ဆိုပြီး စီ်းပွားရေးဖော်ရမ်တစ်ခု လုပ်ခဲ့တယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရှေု့တိုးဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်။ အမေရိကန်တို့ရဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံသားများအတွက် နည်းနည်းလေးပဲ အကျိုးရှိမှာ ဖြစ်တယ်။ ခရိုနီနဲ့ စစ်တပ်အတွက်သာ အကျိုးများပါလိမ့်မယ်။ ခရိုနီများကို အရင်းရှင်တွေအဖြစ် မွေးဖွားစေပြီး ပြုပြင်ပြောင်းလဲစေဖို့ ခြေလှမ်းအစ ဖြစ်တယ်။ ဒါပေမဲ့ ခရိုနီတွေက အခု သိန်းစိန်နဲ့ ရွှေမန်းတွေလိုပဲ စစ်တပ်ကို တော်လှန်ဝံ့မှာ မဟုတ်ဘူး။ အာဏာရှိသူရှိရင် ဆရာတော်က ကပ္ပိယကို ကြောက်ရမဲ့ခေတ်ကြီးဖြစ်တယ်။ အလားတူ သမ္မတသိန်းစိန်ထောက်ခံပွဲ မန်းလေးမှာ ဖြစ်တယ်။ တိုင်းဝန်ကြီးချုပ်ကမ္မကထပြုတဲ့ ထောက်ခံမှုပါ။ ကြည့်ရတာ ဖွတ်တို့က မန်းလေးကို ပြစ်မှတ်ထားစည်းရုံးဖို့ စိတ်ကူးထားပုံ ရတယ်။ ဒါဟာလည်း သံဃာတွေထဲမှာ စွမ်းအားရှင်လို ဖြစ်လာတဲ့ မဘသဗဟိုက မန်းလေးမှာ ရှိနေလို့ပါပဲ။ အလားတူအဖြစ်အပျက်မျိုးကို UNFC မှာလည်း ဖြစ်တယ်။ သိန်းစိန်ကို သမ္မတအဖြစ် ထောက်ခံလိုတဲ့ KNU ဗဟိုကော်မတီဝင်တွေ ရှိလာတယ်။ မင်းအောင်လှိုင်သြဝါဒကို KNU က နှစ်ခြိုက်လာတယ်။ ဒါဟာလည်း KNU ကို နိုင်ငံရေးအရ လုပ်ကြံချင်လို့ မဟုတ်ဘူး။ အဖြစ်မှန်ကို ပြောနေတာ ဖြစ်တယ်။ ဒီထက် ထူးဆန်းတာက NLD လို ပါတီကြီးမှာတောင် စစ်အုပ်စုနဲ့ အပေးအယူ ရှိနေပုံရတယ်။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့အရေးအတွက် သမ္မတရာထူးကို ငါးစာချချင်တဲ့ သဘောကို တွေ့ရတယ်။ ဦးညာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့စကားကို ကုတ်လုပ်ပြီး ရိုက်တာမှ ပေါလ် မူနီ (Paul Mooney)က သတင်းတစ်ပုဒ်ကို မနေ့ကပဲ ရေးခဲ့တယ်။ အဲဒီသတင်းမှာ NLD က ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတရာထူးကို မရခဲ့ရင် သူတို့ပါတီက နောက်ကိုယ်စားလှယ်လောင်းတစ်ဦးကို မရွေးချယ်တော့ဘဲ သူရရွှေမန်းကိုသာ သမ္မတလောင်းအဖြစ် သဘောတူတဲ့သဘောကို ပြောသွားတယ်။ ဒါဟာ နောက်စရာ မဟုတ်ဘူး။ NLD က ရိုက်တာဖော်ပြချက်ကို ငြင်းဆိုနေပေမဲ့ ရိုက်တာလို သတင်းဌာနကြီးဟာ မခိုင်လုံရင် မရေးဘူး။ မခိုင်လုံဘဲ ရေးခဲ့ရင်လည်း တရားစွဲလို့ ရတယ်။ မပြောဘဲနဲ့ ပြောတယ်လို့ မရေးဘူး။ ဖြတ်ညှပ်ကပ်လုပ်ပြီး ဖော်ပြခဲ့ရင်လည်း ဒါကို NLD က ထိထိရောက်ရောက် ချေပရမှာဖြစ်တယ်။ အဲဒီလိုချေပတဲ့နေရာမှာလည်းပဲ စကားကျွံထားတဲ့ ဦးညာဏ်ဝင်းက နှုတ်ဆိတ်နေလို့ မဖြစ်ဘူး။ ဘာပဲပြောပြော ဒီမိုကရေစီ မရသေးဘဲနဲ့၊ လူမျိုးတန်းတူရေးလည်း မရသေးဘဲနဲ့၊ လူ့အခွင့်အရေးအခြေအနေလည်း ကောင်းမွန်လာခြင်း မရှိသေးဘဲနဲ့ အတိုက်အခံအုပ်စုများနဲ့ တိုင်းရင်းသားအုပ်စုများမှာ စစ်အုပ်စုအတွက် အကျိုးများစေမဲ့ အပြုအမူများကို တွေ့မြင်နေရပြီဖြစ်တယ်။ သူတို့မသိတာက သူတို့လက်ထဲမှာ ဘာမှမရှိသေးဘူးဆိုတာပါပဲ။ စစ်အုပ်စုကို ဒီမိုကရေစီရန်သူ၊ ပြည်ထောင်စုရန်သူလို့ ပြောချင်တယ်။ ဒီရန်သူကို အနုနည်းနဲ့ ချည်းကပ်ဖို့ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ရှိသမျှကို ပေးပြီး ရွှေပြည်အေးလုပ်လိုက်ရင် ပြည်သူတို့ရဲ့ ယုံကြည်မှုကို အကြီးအကျယ်ဆုံးရှုံးရမှာ ဖြစ်တယ်။ ပြည်သူတို့ထောက်ခံမှု ရှိနေလို့သာ ရပ်တည်လို့ ရနေတာကို မမေ့သင့်ဘူး။ စစ်အုပ်စုထောက်ခံလို့ နေနေတာ မဟုတ်ဘူးဆိုတာ အမြဲတမ်း သတိရနေဖို့ပါပဲ။ တိုင်းရင်းသားများအနေနဲ့ မိမိတို့မှာ အင်အားမမွေးဘဲ ရန်သူကို ဖားပြီး အသက်ရှုချင်တဲ့ အဖွဲ့တွေ ရှိလာတယ်။ ရန်သူမှာ အဆင်သင့် ဖြစ်ပြီသားပါ။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အရေးပေါင်းများစွာ အဆင်သင့် လုပ်ဆောင်ထားပြီသား ဖြစ်တယ်။ အခု သူတို့လိုနေတာက စီးပွားရေးတစ်ခုထဲပါ။ အဲဒီစီးပွားရေးတံခါးကို ဖွင့်နိုင်တာနဲ့ သူတို့ ရပ်တည်လို့ ရသွားပြီ။ ဒီအချိန်မှာမှ သူတို့ခရိုနီတွေက တိုင်းရင်းသားဒေသကို သိမ်းပိုက်မယ်၊ တိုင်းရင်းသူတွေကို အလုပ်သမအဖြစ် ငှားမယ်၊ ပြီးမှ မယားအဖြစ်သိမ်းသွင်းမယ်၊ တော်လှန်ရေးလည်း ပျောက်သွားမယ်၊ ကိုယ့်လူထုကိုယ်နှိုက်က ကိုယ့်ကို မထောက်ခံတော့ရင် တိုင်းရင်းသားတွေက မျိုးပြုတ်သွားမှာ အသေအချာပါပဲ။ အခုလည်း အတိုက်အခံများနဲ့ နည်းနည်းလေး ရောရောနှောနှော နေဖူးတာနဲ့ အိမ်ထောင်ကျပြီး အမျိုးပျောက်နေတာ အများကြီးပါပဲ။ ဒါပေမဲ့ အစိုးရဘက်မှာလည်း မဘသလိုအဖွဲ့ကို မွေးထားတာကို မမေ့ကြပါနဲ့။ တိုင်းရင်းသားတွေကို အမျိုးမချစ်ကြဖို့၊ လူမျိုးချင်းလက်ထပ်ကြဖို့ ပြောနေချိန်မှာ သူတို့ဘက်မှာ မျိုးချစ်အကြောင်း တသွင်သွင်ဟောပြောနေကြပါတယ်။ ဒီတော့ လုံးဝမဟန်တော့တဲ့အချိန်ကျမှ ခရိုနီနဲ့ တည့်အောင် ပေါင်းနေတဲ့၊ မြန်မာစစ်တပ်နဲ့ ပေါင်းနေတဲ့ အမေရိကန်ကို ရန်သွားမရှာနဲ့။ အခုလို IS ခံရသလိုမျိုး ခံရမှာ သေချာတယ်။ အကြမ်းဖက်သမားလို့ နာမည်တပ်လိုက်ရုံပဲ။ သီရိလကာင်္က ကျားသူပုန်တွေလို ဖြစ်ကုန်မှာပဲ။ နိုင်ငံရေးအရ ရှုံးသွားလို့ကတော့ စစ်ရေးအရလည်း သွားလို့ မရဘူးဆိုတာ မမေ့ကြဖို့ပါပဲ။ ဒါကြောင့် အင်အားကို မွေးပါ။ စစ်ကို မလိုလားဘူး။ ဒါပေမဲ့ စစ်အင်အားကို မွေးထားပါ။ စစ်အုပ်စုနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မဆက်ဆံပါနဲ့။ တရုတ်အပါအဝင် ဘယ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုကို မဆို တိုင်းရင်းသားတို့ပြည်နယ်တွေမှာ လာရောက်ရင်းနှီးမြှပ်နှံချင်တယ်ဆိုရင် တိုင်းရင်းသားတို့ရဲ့ သဘောတူညီချက်ကို အရင်ရယူရမှာဖြစ်တယ်။ ခရိုနီတွေမဟုတ်ဘဲ တကယ့်ဒေသခံတိုင်းရင်းသားတွေ ဖြစ်နေဖို့ လိုတယ်။ မကြိုက်ရင် အခုကတည်းက ပြောထား။ ဗိုက်ထွက်မှ ကလေးဖျက်ချဖို့ မလုပ်နဲ့။ အန္တရာယ်များတယ်။